သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အခမဲ့နာရေး ကူညီမှုအသင်းဥက္ကဋ္ဌ ဦးကျော်သူ Ramon Magsaysay ဆုလက်ခံ


(၅၇) ကြိမ်မြောက် Ramon Magsaysay ဆုကို ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့မှာ သြဂုတ်လ ၃၁ ရက်နေ့၊ မနေ့က ချီးမြှင့်ခဲ့တာမှာ အခမဲ့နာရေးကူညီမှုအသင်းဥက္ကဋ္ဌ ဦးကျော်သူအပါအဝင် အခြား အာရှနိုင်ငံတွေက ဆုရှင်ငါးဦးရရှိခဲ့ပါတယ်။ မက်ဆေးဆေးဆုရှင်တွေဟာ ခေတ်သစ်သူရဲကောင်းတွေဖြစ်တယ်လို့လည်း ဖိလစ်ပိုင်သမ္မတက ချီးကျူးလိုက်ပါတယ်။ အပြည့်အစုံကို ကိုရန်နိုင်က တင်ပြပေးထားပါတယ်။

အာရှတိုက်ရဲ့ နိုဗယ်လ်ဆုလို့တင်စားကြတဲ့ Ramon Magsaysay ဆုကို အခုနှစ်အတွက် ချီးမြှင့်ခဲ့တာမှာ နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးကျော်သူလည်း ဆုရရှိခဲ့ပါတယ်။ မြန်မာနိုင်ငံက လူတန်းစားအလွှာအသီးသီး၊ ကိုးကွယ်ယုံကြည်မှုဘာသာ အသီးသီးကို မခွဲခြားဘဲ သက်ရှိထင်းရှားရှိနေသူတွေအတွက်ရော သေဆုံးသွားသူတွေအတွက်ပါ လူမှုရေး အခြေခံလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနေတာကို အသိအမှတ်ပြုတဲ့အနေနဲ့ အခုလို ဆုချီးမြှင့်ခဲ့တာဖြစ်တယ်လို့ ရေမွန် မက်ဆေးဆေး ဆုချီးမြှင့်တဲ့ ဘုတ်အဖွဲ့ကပြောပါတယ်။ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့မှာ သြဂုတ်လ ၃၁ ရက်နေ့က ကျင်းပတဲ့ ဆုချီးမြှင့်ပွဲအခမ်းအနားမှာ ဆုလက်ခံယူစဉ် ပြောကြားခဲ့တာနဲ့ပတ်သက်ပြီး ဦးကျော်သူက ဗွီအိုအေကို အခုလို ပြန် ပြောပါတယ်။

“အကျဉ်းချုပ်ပြောရမယ်ဆိုရင် Magsaysay ဆုရွေးချယ်ရေးအဖွဲ့ပေါ့လေ၊ နောက်ပြီး ကြွရောက်ချီးမြှင့်ပေးတဲ့ ဖိလစ်ပိုင်သမ္မတကြီးကို ကျေးဇူးတင်တယ်။ မက်ဆေးဆေးအဖွဲ့ကို ကျေးဇူးတင်တယ်။ နောက်ပြီး မြန်မာလူမျိုး တိုင်းရင်းသားပေါင်းစုံကိုလည်း ကျေးဇူးတင်တယ်။ နောက် ကျနော့်အဖေ၊ အမေ၊ ကျနော့်ရဲ့ဇနီး၊ နောက် ကျနော့်ရဲ့သားသမီးတွေ နားလည်မှုပေးတဲ့အတွက်ကြောင့် ကျေးဇူးတင်တယ်။ နောက်တခုကတော့ ကျနော် ဒီလူမှုရေးအလုပ်တွေ လုပ်ဖို့ တွန်းအားပေးခဲ့တဲ့ မြန်မာနိုင်ငံ အရင် စစ်အစိုးရကိုလည်း ကျေးဇူးတင်တယ်-ဆိုပြီး ကျေးဇူးတင်တယ်လို့ ပြောခဲ့ပါတယ်။”

ဆုပေးပွဲ အခမ်းအနားမှာ သူ့ကိုလာရောက်အားပေးခဲ့ကြသူတွေကို ကျေးဇူးတင်ကြောင်း၊ ဒါပေမဲ့ ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ မြန်မာသံရုံးက မလာရောက်တဲ့အပေါ်မှာ စိတ်မကောင်းဖြစ်မိတယ်လို့ ဦးကျော်သူက ပြောပါတယ်။

“Magsaysay ဆုရှိတယ်ဆိုတာတောင် ကျနော် တကယ်အမှန်အတိုင်းဆို လုံးဝမသိပါဘူး။ ဒီလို ပရဟိတသမားတွေကို ဒီလို ချီးမြှင့်တဲ့ ဆုတွေဘာတွေ ကျနော်မသိဘူး။ မသိဘဲ ကိုယ့်အလုပ်ကိုယ်လုပ်ခဲ့တာ။ ကိုယ့်အလုပ်ကိုယ်လုပ်ခဲ့တဲ့အချိန်မှာ ဒီဆုကို ပေးတယ်ဆိုတာ တော်တော်လေး အံ့အားသင့်သွားတယ်။ နောက်ပြီး တခုကတော့ ကျနော်တို့မြန်မာလူမျိုးတွေ၊ လူမျိုး၊ ဘာသာပေါင်းစုံ- ခရစ္စယာန်ရော၊ ဗုဒ္ဓဘာသာရော၊ ဟိန္ဒူရော၊ မူဆလင်ရော အဖွဲ့အစည်းတွေကလာပြီးတော့ ကျနော့်ကို လာပြီးတော့ အားပေးချီးမြှင့်ကြတယ်။ ပန်းစည်းတွေ ပေးကြတယ်။ အမှတ်တရဓာတ်ပုံတွေ ရိုက်ကြတယ်။ ဒါကို ကျနော် အင်မတန်ဝမ်းသာမိတယ်။ တခုပဲပေါ့လေ- ကျနော်တို့ မြန်မာနိုင်ငံ သံရုံးအဖွဲ့က မလာဘူး။ ည ဒင်နာကျွေးတော့လည်းမလာဘူး။ အိန္ဒိယသံရုံးတွေကလည်း အကုန်လာတယ်။ အဲဒီတခုတော့ နည်းနည်း အားငယ်မိတာပေါ့လေ။ ကိုယ့်မြန်မာနိုင်ငံသား၊ မြန်မာနိုင်ငံအတွက် အလုပ်လုပ်နေတဲ့သူကို ဒီလိုချီးမြှင့်တဲ့ပွဲမှာ နိုင်ငံ့ကိုယ်စားပြုလူကြီးတွေအနေနဲ့ လာဖို့တော့ ကောင်းတာပေါ့။”

တချိန်က အကယ်ဒမီမင်းသားတဦးဖြစ်ခဲ့တဲ့ ဦးကျော်သူဟာ ၂၀၀၁ ခုနှစ်မှာ ဒါရိုက်တာအကယ်ဒမီ ဦးသုခနဲ့ အတူတွဲပြီး အခမဲ့ နာရေးကူညီမှုအသင်းကို စတင်တည်ထောင်ခဲ့တာဖြစ်ပါတယ်။ နာရေးကူညီမှုအသင်းဟာ အခုချိန်အထိ နာရေးအခမ်းအနား ၁ သိန်းခွဲကျော်ကို အခမဲ့ ဆောင်ရွက်ပေးခဲ့ပြီး ဖြစ်ပါတယ်။ ဒီဆုကို ဖိလစ်ပိုင်သမ္မတ ဘနီနို အကီနို ကိုယ်တိုင် ချီးမြှင့်ခဲ့တာဖြစ်ပြီး ဦးကျော်သူကို ဂုဏ်ဆုချီးမြှင့်ခဲ့တာနဲ့ ပတ်သက်ပြီး အခုလို ပြောပါတယ်။

“မြန်မာနိုင်ငံက ဦးကျော်သူဟာ ရုပ်ရှင်မင်းသားတစ်ယောက်ဖြစ်ပြီး ၂၀၀၁ ခုနှစ်မှာ သူဟာ နာရေးကူညီမှုအသင်းကို တည်ထောင်ပြီး ဆင်းရဲပြီး သင်္ဂြိုဟ် စရိတ်မတတ်နိုင်တဲ့သူတွေအတွက် ဗုဒ္ဓဘာသာဓလေ့ထုံးစမ်းနဲ့အညီ အခမဲ့ သဂြိႋဟ်နိုင်အောင် ကူညီပေးခဲ့ပါတယ်။ အဲဒီအချိန်ကစပြီး သူဟာ လူတန်းစား အလွှာအသီးသီးအတွက် လုပ်ဆောာင်ခဲ့ပြီး အဲဒီထဲမှာ အခမဲ့ဆေးကုပေးတာတွေ၊ အသက်မွေးဝမ်းကျောင်းသင်တန်းပေးတာတွေနဲ့ ပဋိပက္ခဖြစ်နေတဲ့ ဒေသတွေမှာ လူသားချင်းစာနာတဲ့အကူအညီတွေကို ပေးခဲ့ပါတယ်။ ဦးကျော်သူဟာ နာရေးအခမ်းအနားတွေအတွင်း သူကိုယ်တိုင် အခေါင်းထမ်းခဲ့သလို အစိုးရရဲ့ ကန့်သတ်တဲ့မူဝါဒတွေအပေါ် ဆန့်ကျင်တဲ့သူတွေကိုလည်း အထောက်အကူပေးခဲ့ပါတယ်။ လူမှုပြဿနာ တွေနဲ့ ပတ်သက်ပြီးတော့ ခြိမ်းခြောက်မှုတွေကြားက ဝေဖန်ခဲ့သူဖြစ်ပါတယ်။”

၂၀၁၅ ခုနှစ် Ramon Magsaysay ဆုရှင်များ။ ( Magsaysay)
၂၀၁၅ ခုနှစ် Ramon Magsaysay ဆုရှင်များ။ ( Magsaysay)

၂၀၁၅ ခုနှစ် Ramon Magsaysay ဆုရရှိသူတွေထဲမှာ - ဦးကျော်သူ အပါအဝင် အိန္ဒိယနိုင်ငံက အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကြိုးပမ်း ဆောင်ရွက်နေသူ Sanjiv Chaturvedi, ဆင်းရဲသားတွေအတွက် အဝတ်ဟောင်းတွေကို ပြန်ချုပ်ပြီး အသုံးပြုပေးနေသူ Anshu Gupta, လာအိုနိုင်ငံက ရှေးဟောင်းပိုးချည်ရက်လုပ်တဲ့လုပ်ငန်းကို ပြန်လည်ရှင်သန်အောင်လုပ်ပြီး ဆင်းရဲသားတွေရဲ့ အသက်မွေးဝမ်းကျောင်း အတွက် အကူအညီပေးနေသူ Kommaly Chanthavong နဲ့ ဖိလစ်ပိုင်က ရာစုနှစ်ချီရှိခဲ့တဲ့ ရိုးရာအက မတိမ်ကောရအောင် ထိန်းသိမ်းခဲ့တဲ့ Ligaya Fernando-Amilbansa တို့ပါဝင်ပါတယ်။ မက်ဆေးဆေးဆုရှင်တွေဟာ ခေတ်သစ်သူရဲကောင်းတွေဖြစ်တယ်လို့ ဖိလစ်ပိုင် သမ္မတ ဘနီနို အကီနိုက ပြောလိုက်ပါတယ်။

“ခင်ဗျားတို့ထဲက ဘယ်သူကမှ ဒီတာဝန်တွေကို လွယ်မယ်ထင်လို့ ယူခဲ့ကြတာမဟုတ်ပါဘူး။ အမှန်တကယ် အပြောင်းအလဲတွေ ဖြစ်ဖို့က အမှန်တကယ် ခွန်အားစိုက်လုပ်ရပါတယ်။ ဒါကို ခင်ဗျားတို့ ကိုယ်တိုင်က လိုလိုလားလားနဲ့ လုပ်ပေးခဲ့ကြတာပါ။ ခင်ဗျားတို့တွေဟာ ကျနော်တို့ နိုင်ငံရဲ့ သူရဲကောင်းတွေ လိုပါပဲ ကျနော်တို့အနေနဲ့ ခင်ဗျားတို့ အားလုံးကို ချီးကျူးဂုဏ်ပြုပါတယ်။ ခင်ဗျားတို့ဟာ ခေတ်သစ်သူရဲကောင်းတွေပါ။”

ဆုရရှိသူတွေကို ရွှေတံဆိပ်တခုနဲ့ ဂုဏ်ပြုလက်မှတ်အပါအဝင် အမေရိကန်ဒေါ်လာ ၃ သောင်းစီ ချီးမြှင့်ခဲ့ပါတယ်။ ၁၉၅၇ ခုနှစ်က လေယာဉ် ပျက်ကျ သွားတဲ့အထဲမှာ ပါသွားခဲ့တဲ့ ဖိလစ်ပိုင်နိုင်ငံရဲ့သတ္တမမြောက် သမ္မတ Ramon Magsaysay ကို ဂုဏ်ပြုတဲ့အနေနဲ့ အာရှဒေသတဝှမ်း လူမှုဖွံ့ဖြိုးတိုးတက်ရေး၊ လူ့အခွင့်အရေး နဲ့ သဘာဝပတ်ဝန်းကျင်အရေး ဆောင်ရွက်နေတဲ့ လူပုဂ္ဂိုလ်တွေနဲ့ အဖွဲ့အစည်းတွေကို ရွေးချယ်ပြီး ဒီဆုကိုချီးမြှင့်ခဲ့တာဖြစ်ပါတယ်။ ၁၉၅၈ ခုနှစ်က စတင်ပြီး ချီးမြှင့်လာခဲ့တဲ့ မက်ဆေးဆေးဆုကိုမြန်မာနိုင်ငံက ၆ ဦးရရှိခဲ့ပြီး Edward လောရုံ ၊ Tee Tee Luce ၊ ဒေါက်တာ စင်သီယာမောင် ၊ လဖိုင်ဆန်ယော ၊ ကစောဝါ နဲ့ ဦးကျော်သူတို့ ရရှိခဲ့တာဖြစ်ပါတယ်။

ဦးကျော်သူဟာ Ramon Magsaysay ဆု အမေရိကန်အခြေစိုက် NED အဖွဲ့ နဲ့ DeBoer အသင်းတို့ရဲ့ ရာသက်ပန်ဆုတွေ အပါအဝင် တခြားဂုဏ်ပြုဆုတွေ အများအပြားလည်း ရရှိခဲ့ပါတယ်ခင်ဗျာ။

XS
SM
MD
LG