သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာအခေါ်အဝေါ်နဲ့ အမေရိကန်သဘောထား


နိုင်ငံတကာမှာ ကျင့်သုံးနေတဲ့ သတ်မှတ်ချက်တွေနဲ့အညီ ရိုဟင်ဂျာ ဆိုတဲ့ အသုံးအနှုန်းကို ဆက်လက် သုံးစွဲသွားမှာ ဖြစ်တယ်လို့ အမေရိကန်သံအမတ်ကြီး Scot Marciel က မနေ့ အင်္ဂါနေ့က ရန်ကုန်မြို့မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

ရိုဟင်ဂျာအရေးဟာ အရင် စစ်အစိုးရလက်ထက်တွေက နိုင်ငံရေးအရ ဖန်တီးခံရတဲ့ ပြဿနာတခုဖြစ်ပြီး လက်ရှိ NLD အစိုးရရော၊ နိုင်ငံတကာ အသိုင်းအဝိုင်းအတွက်ပါ ဖြေရှင်းဖို့ ခက်ခဲတဲ့ ကိစ္စတခုဖြစ်ကြောင်း မြန်မာ့နိုင်ငံရေး ကျွမ်းကျင်သူတချို့က သုံးသပ်ပါတယ်။ မအင်ကြင်းနိုင်က အသေးစိတ် တင်ပြထားပါတယ်။

ရိုဟင်ဂျာအခေါ်အဝေါ်ကို သုံးစွဲမှုမပြုဖို့ ဒေါ်အောင်ဆန်းစုကြည်က အမေရိကန်သံအမတ်ကြီးနဲ့ တွေ့ဆုံရာမှာ မေတ္တာရပ်ခံခဲ့တယ် ဆိုတဲ့သတင်းတွေ ထွက်ပေါ်နေတာနဲ့ ပတ်သက်ပြီး သတင်းထောက်တဦးက မနေ့က ရန်ကုန် အမေရိကန်စင်တာမှာ ကျင်းပတဲ့ အမေရိကန်-မြန်မာ ဆက်ဆံရေး သတင်းစာရှင်းလင်းပွဲမှာ သံအမတ်ကြီးကို မေးမြန်းခဲ့တာပါ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးပြောဆိုမှုတွေဟာ သံရေးတမန်ရေးကိစ္စ ဖြစ်တဲ့အတွက် အများပြည်သူသိအောင် ထုတ်ဖော်ပြောလို့မရပေမဲ့ ရိုဟင်ဂျာဆိုတဲ့ အခေါ်အဝေါ်ကို ဆက်ပြီး သုံးစွဲသွားမှာ ဖြစ်တယ်ဆိုတဲ့ အမေရိကန်အစိုးရရဲ့ သဘောထားကိုတော့ အမေရိကန်သံအမတ်ကြီး Scot Marciel က အခုလို တံ့ုပြန်ခဲ့ပါတယ်။

“ကမ္ဘာတဝှမ်းလုံးနဲ့ဆိုင်တဲ့ ကျနော်တို့ချဉ်းကပ်မှုနဲ့ ပုံမှန်နိုင်ငံတကာကျင့်သုံးမှုကတော့ ဘယ်နေရာဒေသက လူအမှုအဖွဲ့အစည်းမဆို သူတို့ကိုသူတို့ သတ်မှတ်ခေါ်ဝေါ်စေချင်တဲ့အတိုင်း အသိအမှတ်ပြုတာဖြစ်ပါတယ်။ ဒါဟာ နိုင်ငံတကာဆက်ဆံရေးရဲ့ အခြေခံမူတခုလည်းဖြစ်ပါတယ်။ ဒါကိုကျနော်တို့လေးစားလိုက်နာပြီးတော့ ကျနော်တို့ရဲ့ချဉ်းကပ်မှုပုံစံအတိုင်း ဆက်လက် ကျင့်သုံးသွားမှာဖြစ်ပါတယ်။”

ရန်ကုန်အမေရိကန်သံရုံးအနေနဲ့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကိုရှောင်ဖို့ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ မေတ္တာရပ်ခံစာ ပေးပို့ထားတယ် ဆိုတဲ့သတင်း မဟုတ်ပေမဲ့ ရိုဟင်ဂျာဟာ တရားဝင် အသိအမှတ်ပြုထားတဲ့ တိုင်းရင်းသားလူမျိုးစုထဲမှာ မပါဝင်တဲ့အတွက် ဒီအသုံးအနှုန်းကို သုံးစွဲတာဟာ မြန်မာနိုင်ငံရဲ့ အမျိုးသားရင်ကြားစေ့ရေးကို ထိခိုက်စေကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက တုံ့ပြန်ပြောဆိုထားပါတယ်။ ရိုဟင်ဂျာကိစ္စဟာ ဒုက္ခသည်တွေကို အလေးပေးကူညီနေတဲ့ အမေရိကန်နဲ့ ကုလသမဂ္ဂလို နိုင်ငံတကာ အသိုင်းအဝိုင်းအတွက်ရော၊ မြန်မာအစိုးရအတွက်ပါ ခက်ခဲတဲ့ ပြဿနာတခုလို့ မြင်ကြောင်း မြန်မာ့အရေးကျွမ်းကျင်သူ ပါမောက္ခ David Steingberg က ပြောပါတယ်။

“မြန်မာအစိုးရရော နောက်ပြီး ဒီကိစ္စကို အလေးပေး ဆောင်ရွက်နေတဲ့ အမေရိကန်အစိုးရလိုမျိုး နိုင်ငံတကာအတွက် အလွန်ခက်ခဲတဲ့ ပြဿနာတခု ဖြစ်ပါတယ်။ အမေရိကန် လွှတ်တော်မှာဆိုရင်လည်း ၂၀၁၅ခုနှစ်အတွက် အမေရိကန်အစိုးရရဲ့ ဘဏ္ဍာငွေသုံးစွဲမှုအတွက် အတည်ပြု သတ်မှတ်ပေးတုန်းက မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ အခန်းကဏ္ဍမှာ ရိုဟင်ဂျာတွေကို အကူအညီပေးရေးကိစ္စ ဆွေးနွေးခဲ့ကြတာပါ။”

အမေရိကန်သံအမတ်ကြီးက ရိုဟင်ဂျာနဲ့ပတ်သက်လို့ အမေရိကန်ရဲ့မူဝါဒကို ပြောသွားတာကို ကန့်ကွက်စရာမရှိပေမဲ့ လက်ရှိ NLD အစိုးရခေါင်းဆောင်တွေဘက်ကလည်း ဒီကိစ္စကို နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ဝေဖန်မှုတွေထက်စာရင် မြန်မာ့နိုင်ငံရေး အနေအထားအရပဲ ဂရုစိုက် ကိုင်တွယ်သွားမှာဖြစ်တယ်လို့ မြန်မာ့နိုင်ငံရေးကျွမ်းကျင်သူ ဒေါက်တာတင့်ဆွေက သုံးသပ်ပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်က ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်လည်း မဟုတ်ဘူး။ သူများနိုင်ငံရဲ့ ခေါင်းဆောင်လည်း မဟုတ်ဘူး။ ဗမာနိုင်ငံရဲ့ ထိပ်တန်းခေါင်းဆောင်တဦးပေါ့။ ဆိုတော့ ဗမာပြည်ရဲ့ အခြေအနေနဲ့ ဗမာပြည်သူတွေရဲ့ အမြင်ကို အများဆုံး ထင်ဟပ်တဲ့အပေါ်မှာ သူ့ရဲ့ ရပ်တည်ချက် သူ ရှိမယ်လို့ ကျနော် တထစ်ချ ယုံကြည်ပါတယ်။ ဒါကြောင့် အကောင်းဆုံး အဖြေကို ရှာပြီးတော့ ဒေါ်အောင်ဆန်းစုကြည် ရပ်တည်တာလို့ ကျနော် နားလည်ပါတယ်။”

မနေ့ကထုတ်ဝေတဲ့ နာမည်ကျော် နယူးယောက်တိုင်းစ်သတင်းစာရဲ့ အယ်ဒီတာအာဘော်မှာတော့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ရိုဟင်ဂျာဆိုပြီး လူသိရှင်ကြားခေါ်ဝေါ်သုံးစွဲခြင်း မရှိတဲ့အပေါ်မှာ ပြင်းပြင်းထန်ထန် ဝေဖန်ထားပါတယ်။ ရခိုင်ပြည်နယ်က မူဆလင်လူနည်းစုတွေကို ရိုဟင်ဂျာလို့ ခေါ်ဝေါ်မှုအပေါ် သဘောကွဲလွဲမှုတွေဖြစ်အောင် အရင်စစ်အစိုးရတွေလက်ထက်က နိုင်ငံရေး ရည်ရွယ်ချက်နဲ့ မတည်မငြိမ်ဖြစ်အောင် ဖန်တီးခဲ့တာဖြစ်တယ်လို့ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တွေက ဝေဖန် ထောက်ပြထားတာပါ။

ပြီးခဲ့တဲ့သီတင်းပတ်တွေအတွင်း ရခိုင်ပြည်နယ်မှာ စက်လှေမှောက်ပြီး ရေနစ်သေဆုံးခဲ့သူတွေအတွက် ဝမ်းနည်းကြောင်း ထုတ်ပြန်တဲ့ အမေရိကန်သံရုံးရဲ့ သဝဏ်လွှာမှာ ရိုဟင်ဂျာဆိုပြီး ခေါ်ဝေါ်သုံးစွဲခဲ့တဲ့အတွက် အမျိုးသားရေးဝါဒီ မဘသနဲ့ အဖွဲ့ဝင်တွေဟာ သံရုံးရှေ့ ကန့်ကွက် ဆန္ဒပြခဲ့ကြပါတယ်။

XS
SM
MD
LG