သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်ဒဏ်ခတ်မှုတချို့ ယာယီလျှော့မှုအပေါ် ပြည်တွင်းတုံ့ပြန်


Asia World ဆိပ်ကမ်း
Asia World ဆိပ်ကမ်း

အမေရိကန်အနေနဲ့ မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ ကုန်သွယ်ရေးဆိုင်ရာ အရေးယူ ဒဏ်ခတ်ပိတ်ဆို့မှုတချို့ကို လျှော့ချပေးတဲ့အနေနဲ့ Asia World ကုမ္ပဏီပိုင်တဲ့ မြန်မာနိုင်ငံရဲ့ ခေတ်အမီဆုံး ဆိပ်ကမ်းတခုဖြစ်တဲ့ ရန်ကုန်ဆိပ်ကမ်းမှာ အမေရိကန်ကုမ္ပဏီတွေကို ကူးသန်းရောင်းဝယ်ခွင့် ၆ လတာ ခွင့်ပြုလိုက်ပါတယ်။

ဒါဟာ နှစ်နိုင်ငံ ကုန်သွယ်ရေး ပိုပြီး ချောမွေ့သွားစေမှာဖြစ်ပေမဲ့ ထူးခြားတဲ့ ပြောင်းလဲမှုဖြစ်လာမှာတော့ မဟုတ်ဘူးလို့ စီးပွားရေးပညာရှင်တချို့က သုံးသပ်ပါတယ်။ သတင်းအပြည့်အစုံကိုတော့ ဗွီအိုအေ သတင်းထောက် မမြင့်မြင့်ခိုင်က သတင်းပေးပို့ထားပါတယ်။

Asia World ကုမ္ပဏီပိုင် မြန်မာနိုင်ငံရဲ့ အဓိကဆိပ်ကမ်းတခုမှာ အမေရိကန်ကုမ္ပဏီတွေကို ကူးသန်းရောင်းဝယ်ခွင့် ပြုတဲ့အနေနဲ့ နှစ်နိုင်ငံ ကုန်သွယ်ရေး ပိုမိုချောမွေ့စေဖို့ ၆ လ သက်တမ်းရှိတဲ့ GL-20 ဆိုတဲ့ အထွေထွေ လိုင်စင်အမှတ် ၂၀ ကို ချမှတ်ပေးလိုက်တာဟာ ကုန်သွယ်ရေးမှာ အခက်အခဲမရှိအောင် ဆိပ်ကမ်းအသုံးပြုခွင့် ပေးလိုက်ခြင်းသာဖြစ်ပြီး အမေရိကန်ရဲ့ မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ စီးပွားရေးအရ ဒဏ်ခတ်ပိတ်ဆို့မှုတွေနဲ့ ပတ်သက်တဲ့ မူဝါဒက ပြောင်းလဲတာ မရှိသေးတဲ့အတွက် နှစ်နိုင်ငံပူးပေါင်းပြီး ရင်းနှီးမြှုပ်နှံမှုတွေ လုပ်တဲ့အထိတော့ မဖြစ်နိုင်သေးဘူးလို့ စီးပွားရေးပညာရှင် ခင်မောင်ညို (ဘောဂဗေဒ) က ပြောပါတယ်။

“အမေရိကန်ကို မြန်မာက ပို့တာပဲဖြစ်ဖြစ်၊ မြန်မာက အမေရိကန်ကို ပို့တာပဲဖြစ်ဖြစ် ချောချောမောမော ဖြစ်သွားမယ်လို့ ယူဆပါတယ်။ သူတို့ လုပ်ငန်းကြီးတွေ အကြီးအကျယ် မြှုပ်နှံတာတို့၊ မြန်မာလုပ်ငန်းရှင်တွေနဲ့ အမေရိကန်နဲ့ ပူးပေါင်းပြီးတော့ ရင်းနှီးမြှုပ်နှံမှု ဒါတွေကတော့ ဖြစ်မလာနိုင်သေးပါဘူး။ ကြီးကြီးမားမား အခုဟာကတော့နော် စတိပဲ ရှိပါသေးတယ်။ ဘာမှ ထူးထူးခြားခြားကြီး ဖြစ်လာမယ်လို့ မျှော်လင့်လို့ မရသေးပါဘူး။ ဒီ ၆ လ ပြီးရင်လည်း ဆက်ပြီးတော့ သက်တမ်းတိုးချင်လည်း တိုးမယ်။ တိုးချင်မှလည်း တိုးမယ်။ ၆ လ ကာလအတွင်းမှာ သူက ပြန်လည်သုံးသပ်မှုတွေ လုပ်မယ်လို့လည်း ပြောထားတာရှိတော့ အဲတော့ သိပ်ပြီးတော့ အားရဝမ်းသာစရာကောင်းတဲ့ သတင်းမျိုးတော့ မဟုတ်လှပါဘူး။”

အခုလို ကုန်သွယ်ရေးဆိုင်ရာ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို လျှော့ချလိုက်တာဟာ မြန်မာပြည်သူတွေရဲ့ အကျိုးစီးပွားထက် အမေရိကန် လုပ်ငန်းရှင်တွေအတွက် စဉ်းစား လုပ်ဆောင်တာ ဖြစ်တယ်လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ရဲ့ ဒုတိယဥက္ကဌ စီးပွားရေးလုပ်ငန်းရှင် ဒေါက်တာ စိုးထွန်းက ပြောပါတယ်။

“ဒါကလည်း နဂိုကတည်းကိုက အရေးယူတာ မှားနေတာပေါ့။ ကျနော်တို့တွေက တကယ်တမ်းကျတော့ တခြားလူတွေကလည်း ဒီ Asia World ဆိပ်ကမ်းသုံးပြီးမှ သွင်းကုန်/ပို့ကုန် လုပ်နေကြတာလေ။ ဆိုတော့ လုပ်ရကိုင်ရတာ အခက်အခဲ ရှိတယ်ပေါ့နော်။ ဒါကလည်း တောင်းဆိုတဲ့သူတွေကလည်း ကျနော်တို့တင် မဟုတ်ပါဘူး။ ကျန်တဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေက တောင်းဆိုလို့ လျှော့ချတာဖြစ်မယ်လို့ ထင်ပါတယ်။ ရှင်းရှင်းပြောရင်တော့လည်း ကျနော်တို့ ပြည်သူတွေရဲ့ အကျိုးစီးပွားထက်စာရင်တော့ ဒီ အမေရိကန် သူတို့နဲ့ ဆက်စပ်တဲ့ ကုမ္ပဏီတွေရဲ့ အကျိုးစီးပွားကို ဦးစားပေးစဉ်းစားတာလို့ပဲ မြင်ပါတယ်။”

မြန်မာပြည်အပေါ် စီးပွားရေးအရ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို အချိန်တိုမဟုတ်ဘဲ ရေရှည်အတွက် ဖြေလျှော့ပေးမှ ပိုအဆင်ပြေမယ်လို့ သူက ဆက်ပြောပါတယ်။

“ဖြစ်နိုင်ရင်တော့ ကျနော်က ၆ လ မဟုတ်ဘဲနဲ့ အမြဲတမ်း ပယ်ဖျက်ပေးဖို့ ကျနော်တို့အနေနဲ့ တောင်းဆိုချင်တယ်ပေါ့နော်။ ခုနပြောတဲ့ ပင်လယ်ရေကြောင်း ဒီ Asia World ဆိပ်ကမ်းတင်မဟုတ်ဘဲနဲ့ ကျန်တဲ့လုပ်ငန်းတွေအားလုံး Sanctions တွေအားလုံး မကြာခင်မှာ ဖြုတ်ပေးမှပဲ ကျနော်တို့က အဆင်ပြေမယ်လို့ ထင်ပါတယ်။”

Asia World ကုမ္ပဏီပိုင် ဆိပ်ကမ်းကို အသုံးပြုခွင့်ပေးလိုက်ပေမယ့်လည်း မြန်မာ စစ်ဗိုလ်ချုပ်တွေနဲ့နီးစပ်မှုရှိတဲ့ Asia World ကုမ္ပဏီရဲ့ ဦးဆောင် ညွန်ကြားရေးမှုး Steven Law (ခေါ်) ဦးထွန်းမြင့်နိုင်နဲ့ ကွယ်လွန်သွားပြီဖြစ်တဲ့ သူရဲ့ဖခင် လော်စစ်ဟန်တို့ဟာ မူးယစ်ဆေးဝါး ကူးသန်းရောင်းဝယ်တဲ့ လုပ်ငန်းနဲ့ ချမ်းသာလာသူတွေ ဖြစ်တာကြောင့် အမေရိကန်ပြည်ထောင်စုရဲ့ ၂၀၀၈ ခုနှစ်က SDN ခေါ် တဦးချင်းပစ်မှတ်ထား ပိတ်ဆို့ အရေးယူမှု စာရင်းထဲမှာ အခုထိ ပါဝင်နေဆဲဖြစ်ပါတယ်။ နောက်တက်လာမယ့် NLD အစိုးရလက်ထက်မှာ စီးပွားရေးအရ အရေးယူပိတ်ဆို့မှုတွေကို ဖြေလျှော့ပေးမယ်လို့ မျှော်လင့်ရသလို အမေရိကန်ရဲ့ စီးပွားရေးအရ ဒဏ်ခတ်ပိတ်ဆို့မှုတွေက တကယ်တမ်းတော့ မအောင်မြင်ဘူးလို့ စီးပွားရေးပညာရှင် ခင်မောင်ညို (ဘောဂဗေဒ) က အခုလို ပြောပါတယ်။

“စီးပွားရေးပိတ်ဆို့တဲ့ရည်ရွယ်ချက်က အစိုးရရဲ့ အပြုအမူ ပြောင်းလဲဖို့ဆိုပြီးတော့ သူတို့က ရည်ရွယ်တယ်။ တကယ့်တကယ်ကျတော့ အဲဒီ စီးပွားရေးပိတ်ဆို့မှုတွေက မအောင်မြင်ပါဘူး။ အပေါ်မှာရှိတဲ့သူတွေရဲ့ အပြုအမူ ပြောင်းလဲအောင် မလုပ်နိုင်ဘဲ အောက်ခြေလူတန်းစားတွေ ဒုက္ခရောက်ပါတယ်။”

GL-20 လိုင်စင်ထုတ်ပြန်ရခြင်းဟာ မကြာမီက မြန်မာနိုင်ငံ ရွေးကောက်ပွဲရလဒ်တွေကို တုံ့ပြန်တာ မဟုတ်သလို မြန်မာနိုင်ငံအပေါ် အမေရိကန်ရဲ့ ဒဏ်ခတ်ပိတ်ဆို့မှု မူဝါဒပြောင်းလဲမှု အရိပ်လက္ခဏာလည်း မဟုတ်ဘူးလို့ အမေရိကန် နိုင်ငံခြားရေးဌာနက ပြောဆိုထားပြီး Asia World ကုမ္ပဏီပိုင်တဲ့ ရန်ကုန်မြို့ဆိပ်ကမ်းဟာ ပြည်ပ ကုန်သွယ်ရေးအတွက် အရေးကြီးတာကြောင့် အမေရိကန် လုပ်ငန်းရှင်တွေဘက်က ဒီဆိပ်ကမ်းကို ဖြတ်သန်းခွင့်ပြုပေးဖို့ အမေရိကန်ဘဏ္ဍာရေးဌာနရဲ့ နိုင်ငံခြားပိုင်ဆိုင်မှုများ ထိန်းချုပ်ရေးဌာနခွဲ (OFAC) ကို ပြီးခဲ့တဲ့ဇူလိုင်လက စာရေးသား ပေးပို့တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG