သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တံတားနီဖြစ်ရပ်မှန် ဖေါ်ထုတ်သင့်


၈၈ မျိုးဆက်ခေါင်းဆောင် ကိုမင်းကိုနိုင်။
၈၈ မျိုးဆက်ခေါင်းဆောင် ကိုမင်းကိုနိုင်။
မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုသမိုင်းမှာ လွန်ခဲ့တဲ့ ၂၅ နှစ်က အထင်ကရဖြစ်ပျက်ခဲ့တဲ့ အင်းလျားကန်ဘောင် တံတားနီအရေးအခင်းမှာ ထိခိုက်သေကျေပျောက်ဆုံးခဲ့ရတဲ့ ကျောင်းသားလူငယ်တွေရဲ့ သမိုင်းကို အတိအကျဖော်ထုတ်ဖို့ ၈၈ မျိုးဆက်တွေအနေနဲ့ ကြိုးစားနေကြတယ်လို့ အဲ့ဒီအရေးအခင်းမှာ ဦးဆောင်ပါဝင်သူ ကျောင်းသားခေါင်းဆောင်တွေက ပြောကြားလိုက်ပါတယ်။ ဒီကနေ့ကျရောက်တဲ့ မတ်လ ၁၆ ရက်နေ့ ၂၅ နှစ်မြောက် တံတားနီနှစ်ပတ်လည်နေ့မှာ သမိုင်းမှန်တွေကို ဖော်ထုတ်ဖို့ လိုအပ်တယ်လို့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေက ပြောကြားလိုက်တာဖြစ်ပါတယ်။ ဒီအကြောင်းအပြည့်အစုံကို ဆက်သွယ်စုံစမ်းထားတဲ့ မဆုမွန်က တင်ပြထားပါတယ်။

အာဏာရှင်လက်အောက်ကလွတ်မြောက်ကြဖို့ ရဟန်းရှင်လူကျောင်းသားပြည်သူတွေ တိုက်ပွဲဝင်ခဲ့ကြတဲ့ မြန်မာ့ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတိုက်ပွဲတွေထဲက အထင်ရှားဆုံး သမိုင်းဝင်နေ့တနေ့ဖြစ်တဲ့ အင်းလျားကန်ဘောင် တံတားနီနေ့ဟာ ဒီကနေ့ဆိုရင် ၂၅ နှစ် တင်းတင်းပြည့်ခဲ့ပြီ ဖြစ်ပါတယ်။ တံတားဖြူကနေ တံတားနီလို့ ခေါ်ဝေါ်သတ်မှတ်ခံ ရလောက်အောင်ကို စစ်လုံခြုံရေးရဲတွေရဲ့ ရိုက်နှက်သတ်ဖြတ်မှုကြောင့် အင်းလျားကန်ဘောင်မှာ သွေးလွှမ်းခဲ့ရတဲ့ အနေအထားဟာ ကျောင်းသားပြည်သူတွေ ဘယ်လောက်အထိ သွေးမြေကျခဲ့ရတယ်ဆိုတာ ခန့်မှန်းဖို့တောင် ခက်တယ်လို့ ကျောင်းသားခေါင်းဆောင် ကိုမင်းဇေယျာက ပြောပါတယ်။

“ဘယ်လောက်ထိသေဆုံးခဲ့ရလဲ။ ဘယ်လောက်ထိ နစ်နာခဲ့ရလဲ ကိန်းဂဏန်းအရေအတွက်ကိုတော့ ကျနော်တို့ကိုယ်တိုင် သိချင်တဲ့မေးခွန်းပါ။ ကျနော်သိချင်တဲ့အဖြေတခုပါ။ ဒီအချိန်မှာတော့ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ကျနော်တို့ ကျပ်ကျပ်မတ်မတ် စုံစမ်းဖော်ထုတ်ခွင့်ရဖို့ မျှော်လင့်ထား ပါတယ်။ အခုချိန်ထိ ကျနော်တို့က ကိန်းဂဏန်းအတိအကျ မသိရသေးဘူး။ ကျနော်ကိုယ်တိုင် ကြုံခဲ့ရတဲ့ ကျနော်ကိုယ်တိုင်မြင်ခဲ့ရတဲ့မြင်ကွင်းတွေအရ ကတော့ တံတားနီဆိုတဲ့နေရာဟာ တံတားနီလို့ သူတို့ဘာဖြစ်လို့ ပြောင်းခဲ့ရလဲဆိုတဲ့အဖြေက ကျနော်တို့ အင်းယျားကန်ဘောင်ရှေ့မှာရှိတဲ့ လမ်းကြီးဟာ သွေးတွေဖုံးလွှမ်းသွားတဲ့အတွက် ကျနော်တို့က ဒီနေရာကို တံတားနီလို့ ကျနော်တို့ ကျောင်းသားတွေက သတ်မှတ်ခဲ့တာပါ။”

အာဏာပိုင်တွေဘက်ကလည်း တံတားနီအရေးအခင်းကြောင့် သေဆုံးပျက်စီးခဲ့ရတဲ့သူစာရင်းကို ဒီကနေ့အထိ တရားဝင် ထုတ်ပြန်ကြေညာခြင်း လုံးဝမရှိခဲ့ဘူးလို့ ဆိုပါတယ်။ ဒါကြောင့် ဒီတံတားနီအရေးအခင်းမှာ ကျောင်းသားလူငယ်တွေ ဘယ်လောက်အထိ သေဆုံးခဲ့ရတယ်၊ ဘယ်လောက်အထိ ဖမ်းဆီးခံရပြီးတော့ ဘယ်သူတွေ ပျောက်ဆုံးခဲ့ရတယ်ဆိုတာကို ဒီအရေးအခင်းမှာ ပါဝင်ခဲ့သူ ကျောင်းသားမျိုးဆက်တွေက သမိုင်းမှန်ကို ဖော်ထုတ်ဖို့ ကြိုးစားနေကြတယ်လို့ ကိုမင်းဇေယျာက ပြောပါတယ်။

၁၉၈၈ ခုနှစ် မတ်လ ၁၆ ရက်နေ့မှာ စက်မှုတက္ကသိုလ်ကျောင်းသားကိုဖုန်းမော် သေဆုံးခဲ့ရတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ဈာပနလုပ်ခွင့်ပေးဖို့နဲ့ အာဏာပိုင်တွေအနေနဲ့ စုံစမ်းဖော်ထုတ်ပေးဖို့ စတဲ့ တောင်းဆိုချက်တွေနဲ့ အပါအဝင် ရန်ကုန်တက္ကသိုလ်ပရဝုဏ်မှာ ကျောင်းသားတွေ ဆန္ဒပြနေတဲ့အချိန် စစ်တပ်နဲ့ရဲလုံခြုံရေးတွေက လက်နက်သုံး၊ အကြမ်းဖက်အင်အားသုံးဖြေရှင်း ခဲ့တဲ့ သွေးထွက်သံယိုမှု အများဆုံးဖြစ်ပျက်ခဲ့ရတဲ့အထဲက အဖြစ်အပျက်တခုဖြစ်ပါတယ်။
ဒီလိုမျိုး မြန်မာ့ဒီမိုကရေစီရေး အရေးတော်ပုံအတွင်း ဖြစ်ပျက်ခဲ့တဲ့ သမိုင်းတွေကို နောင်လာတဲ့မျိုးဆက်သစ်တွေနဲ့ မြန်မာပြည်သူတွေ မမေ့ပျောက်စေဖို့အတွက် ရည်ရွယ်ပြီးတော့ ဒီနေ့နှစ်ပတ်လည်နေ့အောက်မေ့ဖွယ်နေ့ကို ကျင်းပကြတာဖြစ်တယ်လို့ ၈၈မျိုးဆက်ကျောင်းသားတွေကဆိုပါတယ်။

ဒီမိုကရေစီရေးလှုပ်ရှားမှုတွေမှာ အသက်တွေ၊ ဘဝတွေ ပေးဆပ်ခဲ့ရတဲ့ အညတရ ကျောင်းသားလူငယ်တွေရဲ့ ဆုံးရှုံးနစ်နာမှုတွေနဲ့ သမိုင်းမှန်တွေကိုဖော်ထုတ်ဖို့က အဲ့ဒီ့အချိန်တုန်းက တာဝန်ရှိခဲ့သူတွေနဲ့ လက်ရှိတိုင်းပြည်အုပ်ချုပ်သူတွေ၊ နိုင်ငံ့ခေါင်းဆောင်တွေမှာ တာဝန်ရှိတယ်လို့လည်း ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က ပြောပါတယ်။

“ဒီဟာ ဟာ ဖုံးကွယ်ခံခဲ့ရတဲ့သမိုင်းပေါ့ဗျာ။ အဲဒါကို ပြန်ပြီးတော့ အမှန်တရားကို မဖော်ထုတ်နိုင်သေးဘူးပေါ့။ အဲဒီမှာ အထူးသဖြင့်ကတော့ အညတရတွေပေါ့ဗျာ။ တော်တော်ကြီးကို နစ်နာဆုံးရှုံးခဲ့ရသူတွေ ပါပါတယ်။ ကျောင်းသူတွေက အစပါ။ ဘက်နှစ်စလုံးကပေါ့ ပြောချင်တာကတော့ အဲဒီအချိန်က လက်နက်ကိုင်အဖွဲ့အစည်းတွေ ကျနော်တို့ ကျောင်းသားတွေအပေါ်မှာ အကြမ်းပတမ်းကိုင်တွယ်ပြီးတော့ အကြမ်းဖက်ခဲ့တဲ့သူတွေပါ။ ဒီကနေ့ဟာ သူတို့လည်းမေ့မယ့်နေ့မဟုတ်ပါဘူး။ ဒီကနေ့ ဒီအကြောင်းအရာတွေ ပြန်ပြောနေကြပြီဆိုကတည်းက သူတို့ဟာ အဲဒီသမိုင်းမှာ ဘယ်နေရာက ပါခဲ့ကြတယ်ဆိုတာ သိပါလိမ့်မယ်။ အမိန့်ပေးတဲ့သူက အမိန့်ပေးတယ်၊ လက်တွေ့အကောင်အထည် ဖော်တဲ့သူက ဖော်ကြတယ်ပေါ့ဗျာ။ ကျနော်တို့ အဲဒီနားတဝိုက်က ပြည်သူတွေ၊ တချို့ဆိုလည်း ကျောင်းသားတွေ၊ တချို့ဆိုလည်း ပြည်သူတွေ။ ဘာဖြစ်လို့လဲဆိုတော့ တချို့ ကျောင်းသူတွေကို ကယ်ပေးခဲ့တာ အိမ်ဖော်မလေးတွေကအစ ကျနော်တို့ကို နောက်ဖေးတံခါးဖွင့်ပြီးတော့ လွတ်ရာကျွတ်ရာကို ကယ်တင်ပေးခဲ့တာတွေ ရှိတယ်ဗျ။ ပြောချင်တာကတော့ သမိုင်းနဲ့ပတ်သက်လာရင် တချိန်မှာပြန်ပြီး အမှန်တရားပေါ်လာတဲ့အခါမှာ ဘယ်သူတွေ ဘယ်လိုနေရာက ပါဝင်နေကြလဲဆိုတာ ကိုယ့်ကိုယ်ကိုသိကြပါလိမ့်မယ်။ နောက်သားတွေကို ပြန်ပြောပြတဲ့အခါမှာလည်း ကိုယ့်အခန်းကဏ္ဍကို မလိမ်တမ်းမညာတမ်း ပြန်ပြောနိုင်တာပေါ့ဗျာ။”

အဲ့ဒီ့နေ့တုန်းက ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေနဲ့ပတ်သက်ပြီး သမိုင်းမှန်တွေကိုမမေ့ဖို့နဲ့ ဒီလိုရက်စက်ကြမ်းကြုတ်တဲ့လုပ်ရပ်ကို အာဏာပိုင်တွေဘက်က အကြမ်းဖက်လုပ်ခဲ့တယ် ဆိုတဲ့ အမည်းစက်ကို အခုလိုနိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်လာတဲ့အချိန် တာဝန်ရှိသူတွေအနေနဲ့ တာဝန်ယူပြီးဖြေရှင်းပေးသင့်ပြီး ကျောင်းသား မျိုးဆက်တွေ နောင်လာနောင်သားတွေအနေနဲ့လည်း သမိုင်းကို မမေ့ပျောက်ဖို့ အရေးကြီးတယ်လို့ အခမ်းအနားကို ဦးဆောင်ခဲ့တဲ့ ၈၈မျိုးဆက် ကျောင်းသားတွေက ပြောပါတယ်။

တံတားနီနေ့နှစ်ပတ်လည်နေ့အခမ်းအနားကို ၈၈ မျိုးဆက်ကျောင်းသားတွေ လွတ်မြောက်လာပြီးနောက်ပိုင်း ၂၀၁၂ခုနှစ်က ပထမဆုံးအကြိမ် ရန်ကုန် ရွှေဂုံတိုင်မှာ ကျင်းပခဲ့ပြီး (၂၅) နှစ်မြောက် နှစ်ပတ်လည်နေ့ကိုတော့ မတ်လ ၁၆ ရက်နေ့မှာ ရန်ကုန်မြို့မှာ ကျင်းပခဲ့သလို တံတားနီအရေးအခင်းဖြစ်ပျက်ခဲ့တဲ့ အင်းလျားကန်ဘောင်ပေါ်မှာလည်း ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေ၊ ရန်ကုန်တက္ကသိုလ်ကျောင်းသားဟောင်းတွေ၊ စက်မှုတက္ကသိုလ်ကျောင်းသားဟောင်းတွေနဲ့ မျိုးဆက်သစ်ကျောင်းသားလူငယ်တွေ စုဝေးပြီး ကျင်းပခဲ့ကြပါတယ်။ အရပ်သားအစိုးရလက်ထက်၊ နှစ်ရှည်ထောင်ဒဏ်ကျခံခဲ့ရတဲ့ နိုင်ငံရေး လှုပ်ရှားသူတွေ ပြန်လည်လွတ်မြောက်လာပြီးနောက်ပိုင်းမှာတော့ ဒီမိုကရေစီရေးလှုပ်ရှားမှု သမိုင်းဝင်နေ့တွေကို အမှတ်တရ ကျင်းပခွင့်ရလာတာလည်း ဖြစ်ပါတယ်။
XS
SM
MD
LG