သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Trump အမိန့် ပယ်ချခံရပြီး ပထမဦးဆုံး မြန်မာဒုက္ခသည် ၅ ဦး Tulsa ဆိုက်ရောက်


မြန်မာဒုက္ခသည် ၅ ဦး Oklahoma ပြည်နယ် Tulsa မြို လေဆိပ်ကို ဆိုက်ရောက်လာစဉ်
မြန်မာဒုက္ခသည် ၅ ဦး Oklahoma ပြည်နယ် Tulsa မြို လေဆိပ်ကို ဆိုက်ရောက်လာစဉ်

သမ္မတ Donald Trump က ပြည်ခွင့်ယာယီပိတ်ပင်တဲ့အမိန့်ကြေညာချက်ကို ပြည်ထောင်စု အယူခံတရားရုံးက ပယ်ချလိုက်ပြီးတဲ့နောက် ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာတော့ မြန်မာဒုက္ခသည် ၅ ဦးဟာ အခု အသံလွှင့်ပြီး မကြာခင် နာရီပိုင်းအတွင်း Oklahoma ပြည်နယ်ကို ရောက်လာကြတော့မှာ ဖြစ်ပါတယ်။

သမ္မတ Trump ရဲ့ အမိန့်ကြေညာချက် ထွက်လာပြီးနောက်ပိုင်း ရွှေ့ပြောင်း အခြေချ နေထိုင်ရေး အစီအစဉ်နဲ့ မြန်မာဒုက္ခသည်တွေ အမေရိကန်လာကြဖို့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရချိန်မှာ အခုလို ဒုက္ခသည်တွေ စပြီး ပြန်လည် ရောက်လာနေတာ ဖြစ်ပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။

အခု ကျနော်တို့ အသံလွင့်ပြီး မကြာခင်မှာ Oklahoma ပြည်နယ်၊ Tulsa မြို့ကို ရောက်လာကြမယ့် မြန်မာနိုင်ငံက ဒုက္ခသည်တွေကို အဲဒီမြို့မှာ ရောက်နေကြတဲ့ မြန်မာမိသားစုတွေ အပါအဝင်၊ ဒေသခံ အမေရိကန်တွေနဲ့ သတင်းမီဒီယာတွေပါ လေဆိပ်မှာ စည်ကား သိုက်မြိုက်စွာ ကြိုဆိုကြမှာ ဖြစ်ပါတယ်။

သမ္မတ Donald Trump ရဲ့ ပထမ ပြည်ဝင်ခွင့် ယာယီပိတ်ပင်တဲ့ အမိန့်ကို ပြည်ထောင်စု အယူခံ တရားရုံးက ပယ်ချပြီး သမ္မတ Trump က နောက်ထပ် ပြည်ဝင်ခွင့် ပိတ်ပင်တဲ့ အမိန့်အသစ် မထွက်ခင် စပ်ကြား ကြားကာလမှာ Oklahoma ပြည်နယ်ကို မြန်မာနိုင်ငံက ဒုက္ခသည်တွေ ပထမဆုံးအကြိမ် ရောက်လာကြတာ ဖြစ်ပါတယ်။

ဒီ မြန်မာဒုက္ခသည်တွေဟာ အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့ကနေ လာကြတာ ဖြစ်တဲ့အကြောင်း Catholic Charities လို့ခေါ်တဲ့ ပရဟိတ ဘာသာရေး အကျိုးဆောင်အဖွဲ့က လူဝင်မှုကြီးကြပ်ရေးနဲ့ ဒုက္ခသည်များ ပြန်လည်နေရာချထားရေးဌာန ညွန်ကြားရေးမှူး Amber Knecht က ဗွီအိုအေကို ပြောပါတယ်။

“ကျမတို့ဆီကို ဒီကနေ့ နယူးဒေလီမြို့ကနေ လူ ၅ ယောက် ရောက်လာမှာ ဖြစ်ပါတယ်။ သူတို့ဟာ ချင်းပြည်နယ်က ဇိုမီး တိုင်းရင်းသားတွေ ဖြစ်ပါတယ်။ အသက်နဲနဲကြီးနေပြီဖြစ်တဲ့ မိခင်ကြီးရယ်၊ အရွယ်ရောက်ပြီးဖြစ်တဲ့ သူ့သမီးနဲ့ အဲဒီ သမီးရဲ့ သားသမီး ၃ ယောက်၊ အားလုံး ၅ ယောက် လာကြမှာ ဖြစ်ပါတယ်။”

First batch of five Ethnic Zomi Burmese refugees arrived in Tulsa , Oklahoma
First batch of five Ethnic Zomi Burmese refugees arrived in Tulsa , Oklahoma

အခုရောက်လာကြမယ့် မြန်မာဒုက္ခသည် မိသားစု ၅ ဦးနေထိုင်ဖို့ တိုက်ခန်း စီစဉ်ထားပြီး ဖြစ်တဲ့အပြင် လိုအပ်တဲ့ အိမ်သုံးပစ္စည်းတွေကိုလည်း ကြိုဝယ်ထားပေးတဲ့အကြောင်း Amber Knecht က ပြောပါတယ်။ ဒါ့အပြင် မြို့ခံတွေကလည်း သူတို့နေမယ့် တိုက်ခန်းမှာ အခမ်းအနားနဲ့ ကြိုဆိုကြဖို့ စီစဉ်ထားကြောင်း ဒေသခံ သတင်းမီဒီယာတွေမှာ ရေးသား ဖော်ပြကြပါတယ်။

သူတို့ဟာ မူလက ဖေဖော်ဝါရီလဆန်းမှာ ရောက်လာကြဖို့ စီစဉ်ထားခဲ့တာဖြစ်ပေမဲ့ သမ္မတ Trump ရဲ့ အမိန့်ကြေညာချက်ကြောင် ခရီးစဉ်ကို ဖျက်လိုက်ရပြီးမှာ ပြည်ထောင်စု အယူခံ တရားရုံးက သမ္မတမိန့်ကို ပယ်ဖျက်ပြီးတဲ့နောက်မှ အမေရိကားကို လာဖို့အတွက် ပြန်စီစဉ်လိုက်ရတာလို့ ဆိုပါတယ်။

Tulsa မြို့ကိုပဲ ကြာသပတေးနေ့မှာ မြန်မာဒုက္ခသည် ၅ ဦး ထပ်ရောက်လာကြဖို့ ရှိတာမှာ အဲဒီအထဲက တဦးဟာ မြန်မာနိုင်ငံ၊ ချင်းပြည်နယ်ကနေ တိုက်ရိုက် ထွက်လာမှာဖြစ်ပြီး ကျန် ၄ ဦးကတော့ မလေးရှားနိုင်ငံက လာကြမှာဖြစ်ကြောင်း၊ စနေနေ့မှာလည်း မလေးရှားနိုင်ငံကပဲ နောက်ထပ် မြန်မာဒုက္ခသည် ၄ ဦး ရောက်လာကြဖို့ ရှိနေကြောင်း Amber Knecht က ပြောပါတယ်။

သမ္မတ Donald Trump က မွတ်ဆလင် အများစုနေထိုင်တဲ့ ၇ နိုင်ငံကလူတွေနဲ့ ဒုက္ခသည်တွေ ပြည်ဝင်ခွင့် ယာယီ ပိတ်ပင်လိုက်တဲ့ သမ္မတ အမိန့် ထုတ်ပြန်တာကို တွေ့လိုက်ပြီးတဲ့နောက် သူ့အနေနဲ့ ဒုက္ခသည်တွေကိုယ်စား စိတ်မကောင်း ဖြစ်မိတယ်လို့လည်း Amber Knecht က ပြောပါတယ်။

“ကျမလည်း စိတ်ဖိစီးမှုတွေ အများကြီး ခံစားလိုက်ရပါတယ်။ အစပိုင်းမှာတော့ ဒုက္ခသည်တွေအတွက် ကျမ စိတ်ထိခိုက်မိပါတယ်။ နောက်ပြီးတော့ ကျမတို့ ဌာနရဲ့ အနာဂတ်အတွက်လည်း စိုးရိမ်မှု ဖြစ်ခဲ့ရပါတယ်။ ပြီးတော့ သမ္မတ Trump ရဲ့ အမိန့်ကြေညာချက် အသစ်က Tulsa မြို့မှာရှိတဲ့ ကျမတို့ အနာဂတ်လုပ်ငန်းစဉ်တွေကို ဘယ်လို အကျိုးသက်ရောက်မှု ဖြစ်လာမလဲ ဆိုတဲ့အပေါ်မှာလည်း ကျမတို့ စောင့်ကြည့်နေပါတယ်။ ကျမတို့အနေနဲ့ကတော့ အနာဂတ်မှာ ဒုက္ခသည်တွေကို နှစ်ပေါင်းများစွာ ပြန်လည် အခြေချ နေထိုင်ခွင့်ရအောင် လုပ်ဆောင်ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။”

အရင် သမ္မတ Barack Obama အစိုးရလက်ထက်က ၂၀၁၇ ခုနှစ်အတွင်း ဒုက္ခသည်အရေအတွက် ၁၂၀,၀၀၀ ခန့် လက်ခံဖို့ စီစဉ်ထားခဲ့ပေမယ့်လည်း အဲဒီ အရေအတွက်ကနေ ၅၀,၀၀၀ အထိ လျော့ချသွားဖို့ သမ္မတ Donald Trump ရဲ့ အမိန့်ကြေညာချက်မှာ ထည့်သွင်း ဖော်ပြထားတာကြောင့် အမေရိကန်နိုင်ငံမှာ ရွေ့ပြောင်း အခြေချ နေထိုင်လိုတဲ့ မြန်မာနိုင်ငံက ဒုက္ခသည်တွေအကြားမှာလည်း အရေအတွက် လျော့ချခံရမလားဆိုပြီး စိုးရိမ်မှုတွေ ထွက်ပေါ်နေပါတယ်။

ဒီကနေ့ ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာပဲ မလေးရှားနိုင်ငံကနေ အမေရိကန်နိုင်ငံကို ချင်းတိုင်းရင်းသား မိသားစု တစု ကာလီဖိုးနီးယားပြည်နယ်၊ Los Angeles မြို့ကို ထွက်လာကြနေပြီး ဒေသစံတော်ချိန် ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှာ ရောက်လာကြမှာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG