သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မငြိမ်းချမ်းသေးတဲ့ တိုင်းရင်းဒေသစစ်ပွဲတွေကြောင့် ဒုက္ခသည်တွေ တိမ်းရှောင်နေရဆဲ


လိုင်ဇာမြို့အနီး ကေအိုင်အေ ထိန်းချုပ်နယ်မြေအတွင်းကချင်စစ်ပြေးဒုက္ခသည်များကို တွေ့ရစဉ်။ (ဇန်နဝါရီလ ၄၊ ၂၀၁၃)
လိုင်ဇာမြို့အနီး ကေအိုင်အေ ထိန်းချုပ်နယ်မြေအတွင်းကချင်စစ်ပြေးဒုက္ခသည်များကို တွေ့ရစဉ်။ (ဇန်နဝါရီလ ၄၊ ၂၀၁၃)

မြန်မာအစိုးရသစ်လက်ထက်မှာ ပြည်တွင်းငြိမ်းချမ်းရေးဦးစားပေးဆောင်ရွက်နေပေမဲ့ တိုင်းရင်းသားဒေသတွေမှာ လက်နက် ကိုင်တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတဲ့အတွက် ဒုက္ခသည်တွေ ထောင်သောင်းချီ ဆက်လက် တိမ်းရှောင်နေကြရပါတယ်။ မကြာသေးခင်ရက်တွေအတွင်း တိုက်ပွဲတွေ ပြင်းထန်လာနေတဲ့ ကချင်ပြည်နယ် ရှမ်းပြည်နယ် ကရင်ပြည်နယ်ဘက်မှာ ဆိုရင်လည်း စစ်ရှောင်ဒုက္ခသည်တွေဟာ အခက်အခဲပေါင်းစုံနဲ့ ရင်ဆိုင်နေကြရတာပါ။ အကြောင်းစုံကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် နိုင်ကွန်းအိန်ကနေ သတင်းပေးပို့ထားပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်းလွယ်လင်ခရိုင် မိုင်းကိုင်မြို့နယ်အတွင်းမှာ NCA အပစ်ရပ် လက်မှတ်ထိုးထားတဲ့ တောင်ပိုင်းရှမ်းပြည် တပ်မ တော်နဲ့မြန်မာ့တပ်မတော် တို့အကြား အခုရက်ပိုင်းတွေမှာ ဖြစ်ပွါးနေတဲ့ တိုက်ပွဲတွေကြောင့် ဒေသခံရွာသားနှစ်ထောင်ကျော် ဟာ တုံလောကျေးရွာမှာစစ်ဘေးတိမ်းရှောင်နေရပါတယ်။

လက်ရှိစစ်ဘေးရှောင်တွေဟာ တိုက်ပွဲအကြားထွက်ပြေးလာနေတဲ့အတွက် အကူညီလိုအပ်နေဆဲလို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်က တာဝန်ရှိသူတဦးဖြစ်သူ စိုင်းသူရိန်ဦးက ပြောပါတယ်။

“လက်ရှိအခြေအနေကတော့ ဒုက္ခသည်ပေါင်း ၂၀၀၀ နီးပါးလောက်ရှိတယ်။ သူတို့ကတော့ အဝတ်တထည် ကိုယ်တခုနဲ့ ပြေးလာကြတာဆိုတော့ အဝတ်အစားနဲ့ စားနပ်ရိက္ခာတွေလိုအပ်ချက်တွေရှိနေတယ်။ ကျနော်တို့ကအခု ဆန်တွေ၊ စားနပ်ရိက္ခာတွေသွားပို့ဖို့ လုပ်နေတယ်။”

ဒီစစ်ဘေးရှောင်တွေအတွက် ရှမ်းနိုင်ငံရေးပါတီတွေ လူမှုအဖွဲ့အစည်းတွေကနေ လိုအပ်တဲ့အကူညီတွေပေးဆောင်ဖို့ လှုပ်ရှား လုပ်ဆောင်နေဆဲဖြစ်ပါတယ်။

ဒီနေ့မှာတော့ တောင်ပိုင်းရှမ်းပြည်တပ်မတော် RCSS/SSAနဲ့မြန်မာ့တပ်မတော်တို့အကြားမှာ တိုက်ပွဲဖြစ်ပွါးမှုရပ်တန့်နေပေမဲ့ စစ်ရေးအသင့်ရှိနေဆဲအနေအထားကြောင့် ဒေသခံတွေအနေနဲ့ စိုးရိမ်မှုတွေရှိနေဆဲလို့ မိုင်းကိုင်ဒေသခံစိုင်းခမ်းဦး ကပြော ပါတယ်။

“အခုလောလောဆယ်ကတော့ တပ်မတော်ဘက်ကတော့ သူကတိုက်ပွဲဖြစ်နေတော့ ဒီလိုနဲ့တော့ ရပ်သွားမှာ မဟုတ်ဘူးထင်တယ်။ ကျနော်တို့ အရပ်သားတွေလည်း အထိတ်တလန့်ဖြစ်နေတာပေါ့။”

ရှမ်းပြည်နယ်မြောက်ပိုင်း မုန်းကိုးမြို့နယ် ပူဝမ်းကျေးရွာကို လက်နက်ကြီးနဲ့ပစ်ခတ်မှုကြောင့် ကလေးငယ်တဦးသေဆုံးပြီး ကျန်တဲ့ နှစ်ဦးကို တရုတ်နိုင်ငံ ယူနန်ဆေးရုံမှာ ဆေးဝါးကုသခံယူနေကြရပါတယ်။

ဒီကနေ့ကလေးငယ်နှစ်ဦးရဲ့ခွဲစိပ်ကုသမှုအခြေအနေနဲ့ပက်သက်လို့ကချင်လူမှုကူညီပေးရေးအဖွဲ့ခေါင်းဆောင်ဆရာမမေရီတောင် က အခုလိုပြောပါတယ်။

“အသက် ၃ နှစ်ခွဲ ယိန်းချမ်းဆိုတဲ့ ကလေးလေးက ဒီမနက်ပဲ သူ့ပေါင်ရင်းမှာ လက်နက်ကြီးအစပေါ့နော်၊ လက်သည်းခွံလောက်ရှိတယ် ဒီမနက်ပဲ operation လုပ်ပြီးသွားပြီ။ အခုဆေးရုံမှာရှိတယ် ကျမ မန်ရှီဆေးရုံရောက်နေတယ်။ အခု အူပွင့်သွားတဲ့ ကလေးလေးက ယူနန်ပြည်နယ်ဆေးရုံမှာပေါ့နော်။ အခုကျမ သူနဲ့အတူရှိနေတယ်။ သူ့ဆရာဝန်နဲ့ စကားပြောအပြီး မေးမြန်းချက်အရတော့ ကလေး အူမှာ အပေါက် ၉ ပေါက်ရှိတယ် အဲဒါကို ဖာထေးပြီးပြီ။ ဒါပေမယ့် အခုအခြေအနေက စောင့်ကြည့်နေရတဲ့ အခြေအနေဖြစ်တယ်။”

လက်ရှိပူဝမ်းကျေးရွာကို အစိုးရတပ်မတော်ကနေ နေရာယူစခန်းချထားပြီး ဒေသခံတချို့ကတော့ နီးစပ်ရာကျေးရွာတွေမှာ တိမ်းရှောင်နေရတယ်လို့လဲ ဆရာမမေရီတောင် ကပြောပါတယ်။

အောက်တိုဘာလ(၁)ရက်နေ့က လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခံရမှု ကြောင့် ကလေးငယ်(၃)ဦးထိခိုက်မှုရှိခဲ့တဲ့အပေါ် ဝမ်းနည်းကြေကွဲရပြီး အထူးဘဲ စိုးရိမ်မကင်း ဖြစ်ရပါကြောင်း ကုလသမဂ္ဂကလေးသူငယ်များ ရံပုံငွေ အဖွဲ့ UNICEF ရဲ့ မြန်မာ ဌာနေရုံးကနေ ကြေညာချက် ထုတ်ပြန်ထားပါတယ်။

အလားတူကရင်ပြည်နယ်အတွင်းမှာလဲ ခွဲထွက်ဒီကေဘီအေအခြေပြုရာ မဲသဝေါဒေသကို ကရင်နယ်ခြားစောင့်တပ်နဲ့ မြန်မာ့တပ်မ တော်ပူးပေါင်းတပ်တို့ထိုးစစ်ဆင်မှုကြောင့် ဒေသခံရွာသား(၅၀၀၀)ကျော်ဟာ မြိုင်ကြီးငူဒေသမှာ စစ်ဘေးတိမ်းရှောင်နေရဆဲ ဖြစ်ပါ တယ်။

ဒီကရင်စစ်ပြေးဒုက္ခသည်တွေအနေနဲ့ နေရပ်ရင်းကိုပြန်ဖို့မဖြစ်နိုင်သေးဘူးလို့ ဒုက္ခသည်အကူညီပေးရေးအဖွဲ့ဝင် စောကျော်လေး ကပြောပါတယ်။

“အခက်အခဲရှိတာကတော့ ဟိုအပေါ်မှာ ကျန်နေတဲ့လူတွေပေါ့နော် မဲသဝေါကနေ ပြန်လာမယ့် အုပ်စုကတော့ လမ်းခရီးမှာ ခရီးစဉ်ပိတ်ထားခံရပါတယ်ခင်ဗျ။ အခုလောလောဆယ်ဆယ်ကတော့ ပြန်လို့မရသေးဘူးဗျာ ဘာဖြစ်လို့လဲဆိုတော့ သူတို့က DKBAတွေပေါ့နော် အမြစ်ပြတ်အောင် ဆက်လုပ်ဖို့ရှိသေးတယ် အဲလိုမျိုး ။ ပြန်လို့မရသေးဘူး ပြန်ရင်လည်း သူတို့အတွက် မိုင်းတွေလည်း ကြောက်နေရသေးတယ်။”

မဲသဝေါဒေသမှာမြေမြုတ်မိုင်းအန္တရာယ်အပြင် နယ်ခြားစောင့်တပ်ဘက်ကလဲ သွားလာခွင့်ပိတ်ပင်ထားတယ်လို့လဲ စောကျော်လေး ကပြောပါတယ်။

ဒါ့အပြင် ကချင်ပြည်နယ်အတွင်းမှာလဲ မြန်မာ့တပ်မတော်နဲ့ KIO ကချင်လွတ်လပ်ရေးတပ်မတော်တို့ အကြားလက်ရှိစစ်ရေးတင်း မာနေဆဲဖြစ်သလို စစ်ပြေးဒုက္ခသည်အရေးကိစ္စတွေဟာလဲတိုးပွါးလို့နေပါတယ်။

ကချင်ပြည်နယ် မြောက်ပိုင်းရှိ ချီဖွေ KBC စစ်ရှောင်စခန်းမှာ စစ်ပြေးဒုက္ခသည်တွေအနေနဲ့ စားဝတ်နေရေးအပြင် ပညာရေး၊ ကျန်းမာရေး အကူအညီတွေလိုအပ်နေတယ်လို့ ဒုက္ခသည်စခန်းနေ ဒေါ်လွမ်းနော်ကပြောပါတယ်။

“အခက်အခဲဆုံးကပြောမယ်ဆိုရင်တော့ စားစရာလိုတယ်၊ ဆပ်ပြာလိုတယ် နောက်ပြီးတော့ ကျောင်းသားတွေက စာအုပ်တွေလိုတယ်။ နောက်ပြီးမှ ကျန်းမာရေးမကောင်းတဲ့လူတွေ ဆေးလိုတယ်။ အခုလည်းဆေးတွေမရှိတော့ဘူး။”

ချီဖွေစစ်ရှောင်စခန်း(၂) ခုမှာ ကျေးရွာပေါင်း ၁၅ ရွာက ဒုက္ခသည်ဦးရေ စုစုပေါင်း ၅၁၀ ဦး ရှိပြီးတော့ မြန်မာ့တပ်မတော်နဲ့ KIO ကချင်လွတ်လပ်ရေးတပ်မတော်တို့ အကြားဖြစ်ပွါးတဲ့တိုက်ပွဲတွေကြောင့်ဒေသကိုစွန့်ခွါထွက်ပြေးလာတဲ့သူတွေဖြစ်ကြပါတယ်။

စစ်ပွဲတွေကြောင့် ဒုက္ခသည်အရေးကိစ္စတွေဖြစ်ပွါးနေခဲ့လို့ စစ်ပွဲတွေအမြန်ရပ်တန့်ပေးဖို့ကချင်ပြည်နယ် မြစ်ကြီးနားနဲ့ တနိုင်းမြို့ တွေမှာ ဒေသခံတွေကနေ မနေ့ကဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

မြန်မာနိုင်ငံမှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့နဲ့ မြန်မာအစိုးရတို့အကြားဖြစ်ပွါး တဲ့ စစ်ရေးပဋိပက္ခတွေကြောင့် ကချင်ပြည်နယ်၊ ကရင်ပြည်နယ် ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်ဘက်မှာ၂၀၁၅ ခုနှစ်၊ ဧပြီလအထိ စစ်ဘေးရှောင်ဒုက္ခသည် အရေအတွက် ၂၄၀၀၀၀ ကျော် ရှိကြောင်း ကုလသမဂ္ဂလူသားချင်း စာနာထောက်ထားမှု အကူအညီပေးရေး ပေါင်းစပ် ညှိနှိုင်းရေးရုံး (OCHA) ကနေ သတင်းထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG