သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၁၅ ဘာသာရေးလွတ်လပ်ခွင့် အစီရင်ခံစာ ကန် ဗုဒ္ဓဟူးနေ့ ထုတ်ပြန်မည်


အမေရိကန်နိုင်ငံခြားရေးဌာနက နှစ်စဉ်ထုတ်ပြန်တဲ့ နိုင်ငံတကာ ဘာသာရေး လွတ်လပ်ခွင့် အစီရင်ခံစာကို သြဂုတ်လ ၁၀ ရက် ဒီနေ့ ဗုဒ္ဓဟူးနေ့မှာ ထုတ်ပြန်ဖို့ရှိပါတယ်။ အစီရင်ခံစာထဲမှာ ပါဝင်မယ့် အဓိကအချက်တွေနဲ့ ပတ်သက်လို့ နိုင်ငံခြားရေးဌာန ပြန်ကြားရေးဒါရိုက်တာ Elizabeth Trudeau က သတင်းစာရှင်းပွဲမှာ ခုလို ပြောကြားခဲ့ပါတယ်။

အစိုးရတွေရဲ့ မူဝါဒတွေကြောင့် အုပ်စုလိုက်ဖြစ်စေ၊ ဘာသာကွဲအဖွဲ့တွေဖြစ်စေ၊ တဦးချင်းဖြစ်စေ၊ ဘာသာရေး ယုံကြည်မှု လွတ်လပ်ခွင့် ချိုးဖောက်ခံနေရတဲ့ အခြေအနေနဲ့ လွတ်လွတ်လပ်လပ် ဘာသာ ကိုးကွယ်ခွင့် မရတဲ့ အခြေအနေတွေ အစီရင်ခံစာထဲမှာ ပါဝင်ပါတယ်။

ဒါ့အပြင် ကမ္ဘာတဝန်း ဘာသာရေး လွတ်လပ်ခွင့်ရရှိဖို့ အမေရိကန်က ဘယ်လို မူဝါဒတွေနဲ့ ဆောင်ရွက်နေသလဲ ဆိုတာကိုလဲ ၂၀၁၅ ခုနှစ်အစီရင်ခံစာထဲမှာ ထည့်သွင်းထားပါတယ်။ ၁၉၉၈ ခုနှစ် နိုင်ငံတကာ ဘာသာရေး လွတ်လပ်ခွင့် ဥပဒေနဲ့အညီ နိုင်ငံခြားရေးဌာနက အစီရင်ခံစာကို ထုတ်ပြန်တာ ဖြစ်ပါတယ်လို့ နိုင်ငံခြားရေးဌာနတာဝန်ရှိသူ Elizabeth Trudeau က ပြောကြားခဲ့ပါတယ်။

အစီရင်ခံစာကို ဒုတိယနိုင်ငံခြားရေးဝန်ကြီး Antony Blinken က ဗုဒ္ဓဟူးနေ့မှာ ထုတ်ပြန်မှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်က ထုတ်ပြန်ခဲ့တဲ့ ၂၀၁၄ ခုနှစ် ဘာသာရေးလွတ်လပ်ခွင့် အစီရင်ခံစာတုန်းကတော့ မြန်မာနိုင်ငံမှာ ဘာသာရေးလွတ်လပ်ခွင့်နဲ့ ပတ်သက်ပြီး ဖိနှိပ်မှုတွေနဲ့ ခွဲခြားဆက်ဆံမှုတွေ ဆက်ရှိနေဆဲ ဖြစ်တယ်လို့ ထောက်ပြခဲ့ပါတယ်။ သမ္မတ ဦးသိန်းစိန်လက်ထက်မှာ လူနည်းစု ရိုဟင်ဂျာအပါအဝင် တခြားမူဆလင်တွေနဲ့ ခရစ်ယာန်ဘာသာဝင်တွေရဲ့ လွတ်လပ်စွာ ဘာသာကိုးကွယ်ခွင့်ကို လေးစား အကာအကွယ်ပေးခြင်း မရှိဘူးလို့ ထောက်ပြခဲ့ပါတယ်။

သဘောထားတင်းမာတဲ့ ဘုန်းကြီးတွေ အပါအဝင် ဗုဒ္ဓဘာသာဝင်တွေရဲ့ မူဆလင်ဆန့်ကျင်ရေး ပြောကြားချက်တွေ၊ မူဆလင်တွေရဲ့ စီးပွားရေးလုပ်ငန်းတွေကို သပိတ်မှောက်ဖို့ တိုက်တွန်းချက်တွေကို ၂၀၁၄ အစီရင်ခံစာတုန်းက အဓိက မီးမောင်းထိုးပြခဲ့ပါတယ်။ အခုနှစ် ဧပြီလတုန်းကလည်း မြန်မာအပါအဝင် နိုင်ငံတချို့ကို IRF ခေါ် နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့် အက်ဥပဒေနဲ့ ငြိစွန်းတဲ့ စိုးရိမ်ဖွယ် နိုင်ငံတွေအဖြစ် ပြန်လည်သတ်မှတ်ဖို့ အမေရိကန် နိုင်ငံခြားရေးဌာနက ဆုံးဖြတ်ပြီး ကွန်ဂရက်လွှတ်တော်ကို အကြောင်းကြားခဲ့ပါတယ်။

အမေရိကန်အစိုးရရဲ့ နိုင်ငံတကာ ဘာသာရေး လွတ်လပ်မှုကော်မရှင် USCIRF က မြန်မာနိုင်ငံမှာ လူနည်းစု ဘာသာဝင်တွေရဲ့ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့် ချိုးဖောက်ခံနေရတာတွေ ပပျောက်အောင် အရပ်သားအစိုးရသစ်က လုပ်ဆောင်ဖို့လိုကြောင်း တိုက်တွန်းခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG