သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်လေးလုံးဆရာတော် ပျံလွန်တော်မူ


တောင်လေးလုံးဆရာတော်၏ ကျွင်းကျန်ရစ်သော ရုပ်ကလာပ်အား တောင်လေးလုံးကျောင်းတိုက်တွင်း ပြင်ဆင် ထားရှိပါတယ်။ မေ ၂၁၊ ၂၀၁၆။
တောင်လေးလုံးဆရာတော်၏ ကျွင်းကျန်ရစ်သော ရုပ်ကလာပ်အား တောင်လေးလုံးကျောင်းတိုက်တွင်း ပြင်ဆင် ထားရှိပါတယ်။ မေ ၂၁၊ ၂၀၁၆။

မြန်မာ့စာပေလောကမှာ ကလောင်အမည် ကိုပညာ (အမရပူရ) အဖြစ် ထင်ရှားတဲ့ သံဃာတော်တပါးဖြစ်သူ ဆရာတော် ဘဒ္ဒန္တ ပညာဇောတဟာ ဒီကနေ့ နံနက်ပိုင်းက ပျံလွန်တော်မူသွားပါပြီ။ ယဉ်ကျေးမှုနဲ့ သမိုင်းဆိုင်ရာ ဆောင်းပါးအများအပြား ကို ရေးသားခဲ့ပြီး စာရေးဆရာ၊ ကဗျာဆရာတွေကို တန်ဖိုးထားသူတဦးဖြစ်တဲ့ ဆရာတော် ကိုပညာ (အမရပူရ) ပျံလွန်တော်မူသွားတာဟာ မြန်မာစာပေလောကအတွက် ကြီးမားတဲ့ ဆုံးရှုံးမှုကြီးတခုအဖြစ် စာပေလောကသားတွေက သတ်မှတ်ကြပါတယ်။ အပြည့်အစုံကို မခွာညိုက တင်ပြထားပါတယ်။

မန္တလေးတိုင်း၊ အမရပူရမြို့နယ်၊ တောင်သမန်အင်းစောင်းမှာရှိတဲ့ ဆရာတော် သီတင်းသုံးနေထိုင်တဲ့ကျောင်းကို အစွဲပြုပြီး တောင်လေးလုံးဆရာတော်လို့လည်း ထင်ရှားတဲ့ ဆရာတော် စာရေးဆရာ ကိုပညာ (အမရပူရ) ဟာ ကဆုန်လပြည့်နေ့လည်းဖြစ်တဲ့ ဒီကနေ့ မေလ ၂၁ ရက်၊ စနေနေ့မနက်ပိုင်းက ပျံလွန်တော်မူသွားတာပါ။

ဆရာတော်ဟာ မြန်မာစာပေလောကအတွက် အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်ခဲ့သူဖြစ်တယ်လို့ မန္တလေးမြို့ခံ စာနယ်ဇင်းဆရာတဦးဖြစ်သူ ဦးကျော်ရင်မြင့်က ဗွီအိုအေကို ပြောပါတယ်။

“သူ့ရဲ့ တောင်လေးလုံးကျောင်းတိုက်မှာ စာပေနဲ့ပတ်သက်တဲ့ ပွဲလမ်းတွေ အခမ်းအနားတွေကို အရင် စစ်အာဏာရှင်အစိုးရရဲ့ အငြိုအငြင်ခံပြီးတော့ ကျင်းပခဲ့တယ်။ အဲဒီလိုကျင်းပလို့ စာရေးဆရာတွေ၊ ဒီမိုကရေစီမြတ်နိုးသူတွေဟာ စုစုစည်းစည်းနဲ့ ဆုံတွေ့ခွင့်ရကြတယ်၊ ဆုံတွေ့ခဲ့ရတယ်။

“တခါ ဆရာတော်က သူ့ကျောင်းထဲမှာ အမှတ်တရသစ်ပင်တွေ၊ အမှတ်တရ ကျောက်တုံးတွေ စိုက်ထူထား တယ်။ ဆရာဦးဝင်းတင်တို့၊ ဆရာတင်မိုးတို့ အပါအဝင်ပေါ့လေ၊ အများသိတဲ့ ဆရာမြသန်းတင့်၊ ဆရာမကြီး ခင်နှင်းယု၊ ဆရာငွေဥဒေါင်း၊ ဆရာကြီးမဟာဆွေ၊ ဆရာဒဂုံတာရာ၊ ဆရာတင်မိုး စတဲ့ပေါ့လေ … အဲဒီလို ပုဂ္ဂိုလ်တွေအတွက် အမှတ်တရကျောက်တုံးတွေ စိုက်ထူပြီးတော့မှ သူက အများအကျိုးကို ဦးစားပေးလုပ်တဲ့ ပြည်သူလူထုဘက်က ရပ်တည်တဲ့ စာရေးဆရာ ကဗျာဆရာတွေကို သူက အလေးအမြတ်ပြု အမှတ်တရပြုတတ်တဲ့ ပုဂ္ဂိုလ်ဖြစ်တယ်။ ဒါကြောင့် ဒီလိုပုဂ္ဂိုလ်မျိုး ဆုံးပါးသွားတာက ကျနော်တို့ မြန်မာစာပေလောကအတွက် အင်မတန်မှ ကြီးမားတဲ့ ဆုံးရှုံးမှုကြီးလို့မြင်ပါတယ်။”

ဆရာတော်ဟာ ပျံလွန်တော်မူချိန်မှာ သက်တော် ၈၄ နှစ်၊ ဝါတော် ၆၄ ဝါ ရှိပါပြီ။ ဆရာတော်ရဲ့ အန္တိမဈာပနအခမ်းအနား ကျင်းပဖို့ စီစဉ်နေတာနဲ့ပတ်သက်လို့တော့ ဦးကျော်ရင်မြင့်က အခုလိုရှင်းပြပါတယ်။

“ဒီနေ့ ညနေပိုင်းမှာ မဟာဂန္ဓာရုံက နာယက ဆရာတော်ကြီးတွေရော၊ နောက်တခါ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်ရော ရောက်လာပြီးတော့ ကျနော်တို့ အကြမ်းအားဖြင့် တိုင်ပင်ထားတာရှိပါတယ်။ အဲဒါကတော့ ဆရာတော့်ကို သုံးရက် ရုပ်ကလာပ်ကို အပူဇော်ခံထားမယ်၊ လာမယ့် မေ ၂၄ ရက်နေ့ မနက် ၁၀ နာရီမှာ လင်းဇင်းကုန်းသုဿန်မှာ မီးသင်္ဂြိုဟ်မယ်၊ မီးသင်္ဂြိုဟ်ပြီးတော့ အရိုးပြာကို အဲဒီ လင်းဇင်းကုန်းမှာပဲ ဂူသွင်းပြီးတော့မှ မြှုပ်နှံထားရှိမယ်၊ အဲဒီလို စီစဉ်ထားပါတယ်။

“နောက်တချက်ကတော့ ဆရာတော် နှစ်ပေါင်းမြောက်များစွာ စုဆောင်းထားတဲ့ ဥပမာ၊ ကျောက်ခေတ်ကတည်း က သမိုင်းအထောက်အထားပစ္စည်းတွေ ရှိတယ်။ နောက်တခါ စာအုပ် စာတမ်းတွေ၊ ပေပုရပိုက်တွေလည်း ရှိတယ်။ ဒါတွေအားလုံးကို ဆရာတော်ဦးပညာ အမှတ်တရပြတိုက်ဆိုပြီးတော့မှ ဖွင့်လှစ်လုပ်ဖို့အတွက်လည်း တိုင်းဝန်ကြီးချုပ်ကော၊ ဆရာတော်တွေနဲ့ရော အကြမ်းအားဖြင့် တိုင်ပင်ထားပါတယ်။”

တောင်လေးလုံးဆရာတော် ကိုပညာ (အမရပူရ) ရေးသားတဲ့ တောင်သမန်ဝန်းကျင် သမိုင်းဝင်နေရာများ စာအုပ်ဟာ ၁၉၉၆ ခုနှစ်မှာ စာပဒေသာ (ဝိဇ္ဇာ) ကဏ္ဍအတွက် အမျိုးသားစာပေဆု ချီးမြှင့်ခံခဲ့ရပါတယ်။

တောင်လေးလုံးဆရာတော် ပျံလွန်တော်မူ
please wait

No media source currently available

0:00 0:03:18 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG