သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘင်္ဂလားဒေရှ့်ကို မကြာမီက ထွက်ပြေးခဲ့တဲ့ ရိုဟင်ဂျာဒုက္ခသည် ၆ သိန်းကျော်ပြီ


ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ပဋိပက္ခတွေ ဖြစ်ပွားခဲ့တဲ့ သြဂုတ်လ နှောင်းပိုင်းကစလို့ မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ် နိုင်ငံဖက်ကို ထွက်ပြေး ရောက်ရှိနေတဲ့ ရိုဟင်ဂျာ ဒုက္ခသည် အရေအတွက်ဟာ ၆ သိန်း နဲ့ ၃ ထောင်ရှိသွားပြီလို့ ကုလသမဂ္ဂက ပြောဆိုပါတယ်။

ဒုက္ခသည် တွေအတွက် နိုင်ငံတကာ အလှုရှင်တွေထံကနေ အလှုငွေတွေ ထည့်ဝင်ကြဖို့ တနင်္လာနေ့က ကတိပြုခဲ့ကြပေမယ့် ကတိပြုကြတဲ့ အလှုငွေ ပမာဏဟာ ရည်မှန်းထား သလောက် မရရှိဘဲ ရံပုံငွေတွေ လိုအပ်နေသေးကြောင်း IOM အဖွဲ့က ပြောကြားလိုက်ပါတယ်။ အကြောင်းစုံကို ဦးစံမိုးေ၀ က တင်ပြထားပါတယ်။

ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ပဋိပက္ခတွေ ဖြစ်ပွားပြီးတဲ့နောက် ဘင်္ဂလေားဒေရှ့်ကို ထွက်ပြေး ရောက်ရှိလာတဲ့ ဒုက္ခသည် အရေအတွက်ဟာ ၆ သိန်း ၃ ထောင် ရှိသွားပြီဖြစ်ကြောင်း ကုလသမဂ္ဂ နိုင်ငံတကာ ဒုက္ခသည် ကူညီကယ်ဆယ်ရေး အေဂျင်စီ IOM အဖွဲ့ရဲ့ ပြောခွင့်ရသူ Joe Millman က ပြောပါတယ်။

“ နောက်ဆုံး ရရှိထားတဲ့ အချက်လက်တွေအရ သြဂုတ်လ နှောင်းပိုင်းက စလို့ ရိုဟင်ဂျာ ဒုက္ခသည် ၆ သိန်း ၃ ထောာင် Cox’s Bazar မှာ ရောက်ရှိနေပါတယ်။ အရင်ကတည်းက ရောက်ရှိနေပြီးသား ခိုလှုံနေထိုင်စရာတွေ ထောက်ပံ့ပေးထားတဲ့ ဒုက္ခသည် က ၂ သိန်းရှိပါတယ်။”

ရိုဟင်ဂျာ ဒုက္ခသည် အကျပ်အတည်း အပေါ် အကူအညီပေးနိုင်ဖို့ အတွက် ရံပုံငွေ ထောက်ပံ့ရေး ကတိပြုတဲ့ တနင်္လာနေ့ကညီလာခံမှာ နိုင်ငံတကာ အလှုရှင်တွေထံက ဒေါ်လာ ၃၃၅ သန်း ပေးဖို့ ကတိကဝတ်တွေ ပေးခဲ့ကြတဲ့ အတွက် ကျေးဇူးတင်ကြောင်းနဲ့ငွေပမာဏဟာ ကုလသမဂ္ဂက မျှော်မှန်းထားတဲ့ အတိုင်းအတာကိုတော့ မပြည့်မီသေးဘူးလို့ IOM အဖွဲ့ရဲ့ ပြောခွင့်ရသူ Joe Millaman က ပြောပါတယ်။

“ အခုလို မရှိမဖြစ် လိုအပ်တဲ့ ရံပုံငွေတွေသာ မရရင် လူသားချင်း စာနာမှု အထောက်အကူ ပေးရေး အေဂျင်စီတွေ အနေနဲ့ ဒုက္ခသည်တွေကို ဆက်ပြီးတော့ အသက်ကယ်ဆယ်ရေး၊ အကာအကွယ်ပေးရေး လုပ်ငန်းတွေ လုပ်ပေးနိုင်မှာ မဟုတ်ပါဘူး။ ရံပုံငွေတွေ ထည့်ဝင်ဖို့ ကတိပြုကြတာကို ကျနော်တို့ ကြိုဆိုပါတယ်။ ဒါပေမယ့် ဒီရံပုံငွေ ထည့်ဝင်ရေး ကတိပြုတဲ့ အခမ်းအနားကြီး ပြီးဆုံးသွားတာဟာ ရံပုံငွေရရှိရေး ကြိုးပမ်းမှု အဆုံးသတ်လိုက်ခြင်း မဟုတ်ပါဘူး။ ရရှိတဲ့ငွေဟာ ကျနော်တို့ မျှော်လင့်ထားသလောက် မရသေးပါဘူး။ ဒုက္ခသည်တွေ အတွက် လိုအပ်နေတဲ့ အစားအစာ၊ ကျန်းမာရေး စောင့်ရှောက်မှုနဲ့ နေထိုင်စရာ လိုအပ်ချက်တွေက လျှော့တွက်လို့ မရပါဘူး။”

လိုအပ်နေသေးတဲ့ ရံပုံငွေ ပမာဏနဲ့ IOM အဖွဲ့ လက်တလော လုပ်ဆောင်နေရတဲ့ အခြေအနေကို သူက အခုလို ဆက်ပြောပါတယ်။

“ ကျနော်တို့ နားလည်ထား သလောက်ကတော့ လိုအပ်နေတဲ့ ရံပုံငွေ ပမာဏ ၄၃၄ သန်း ရှိတဲ့ အနက် ဒေါ်လာ သန်း ၁၂၀ လိုအပ်နေဆဲ ဖြစ်ပါတယ်။ IOM အဖွဲ့ အနေနဲ့လည်း လုပ်ကိုင်ဆောင်ရွက်ဖို့ လိုအပ်တဲ့ ငွေ ဒေါ်လာ သန်း ၁၂၀ ထဲက သန်း ၂၀ ကို တခြား အဖွဲ့တွေထံကနေ ရယူပြီး သုံးစွဲနေရပါတယ်။ ”

ကုလသမဂ္ဂ လက်အောက်ခံ နိုင်ငံတကာ ရွှေ့ပြောင်း အခြေချသူများ အကူအညီပေးရေး အေဂျင်စီ (IOM) ဟာဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဆက်ဘဇားမှာ ရောက်ရှိနေတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေ အတွက် တကိုယ်ရေ သန့်ရှင်းမှု အသုံးအဆောင်တွေ ပါတဲ့ အိတ်တွေ ထောင်ပေါင်းများစွာကို ဖြန့်ဝေပေးနေတယ်လို့ IOM အဖွဲ့က အင်္ဂါနေ့မှာ ထုတ်ပြန်ပါတယ်။

ဒီအထောက်အပံ့ ပစ္စည်းတွေကို ရိုဟင်ဂျာ ဒုက္ခသည်တွေထဲက အမျိုးသမီးတွေနဲ့ ကလေးတွေ အတွက် ဖြန့်ေ၀ ပေးနေတာ ဖြစ်ပြီး သူတို့ နေနေရတဲ့ ဖြစ်သလို ဆောက်လုပ်ထားတဲ့ တဲအိမ်တွေမှာ တကိုယ်ရေ သန့်ရှင်းမှုရှိဖို့ လိုအပ်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒီအကူအညီတွေကို ကုလသမဂ္ဂ ဗဟို အရေးပေါ် ဆောင်ရွက်ရေး ရံပုံငွေအဖွဲ့ UN Central Emergency Response Fund က နေ ထောက်ပံ့ပေးတယ်လို့ ဆိုပါတယ်။

ဒီအတောအတွင်း ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးဝန်ကြီး အာဆတ်ဒူ ဇာမန်ခန် ဟာ မြန်မာနိုင်ငံမှာ ရောက်ရှိနေပြီး မြန်မာ ပြည်ထဲရေး ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ အပါဝင် ထိပ်တန်း တာဝန်ရှိသူတွေနဲ့ မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးသွားကြတဲ့ မွတ်ဆလင် ဒုက္ခသည်တွေ ပြန်လည်စိစစ် ခေါ်ယူရေး ကိစ္စ ဆွေးနွေးနေကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG