သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ICJ ရောက်မြန်မာအမှု အမြန်ဖြေရှင်းဖို့ ဂမ်ဘီယာနဲ့ ဘင်္ဂလားဒေ့ရှ် မျှော်လင့်


ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးက ရိုဟင်ဂျာတွေ နေရပ်ပြန်နိုင်ရေး ရေရှည်တည်တံ့တဲ့ အဖြေကို ရှာဖွေနိုင်ဖို့ အပါအဝင် ရှေ့ခြေလှမ်းတွေနဲ့ အကျပ်အတည်းနဲ့ ပတ်သက်တဲ့ အတားအဆီးတွေကို အလေးပေး ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှုစွပ်စွဲချက်နဲ့ မြန်မာနိုင်ငံအပေါ် စွဲချက်တင်တဲ့အမှုကို နိုင်ငံတကာတရားရုံးမှာ မြန်မြန်ဆန်ဆန်ဖြေရှင်းနိုင်ဖို့ ဘင်္ဂလားဒေ့ရှ်နဲ့ ဂမ်ဘီယာ နှစ်နိုင်ငံစလုံး မျှော်လင့်ထားကြောင်း သောကြာနေ့က ထုတ်ဖော်ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး ဟာဆန် မာမွတ် (Hasan Mahmud) နဲ့ ဂမ်ဘီယာ တရားရေးဝန်ကြီးလည်းဖြစ်၊ ရှေ့နေချုပ် လည်းဖြစ်တဲ့ ‌ဒေါဒါ အေ ဂျဲလို (Dawda A Jallow) တို့ အကြား အစ္စလာမ္မစ် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ (OIC) ထိပ်သီးအစည်းအ ဝေးမတိုင်မီ နိုင်ငံခြားရေးဝန်ကြီးတွေ ကြိုတင်ပြင်ဆင်တဲ့ အစည်းအဝေး အပြီး ဘေးပန်းတွေ့ဆုံမှုမှာ အခုလို ပြောခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဌာနက ထုတ်ပြန်ပါတယ်။

ဂမ်ဘီယာ တရားရေး ၀န်ကြီးနဲ့ ရှေ့နေချုပ်က ရိုဟင်ဂျာ လူမျိုးတုံး သတ်ဖြတ်မှု ဖြစ်စဉ်နဲ့ ပတ်သက်တဲ့ လက်ရှိ အခြေအနေကို ရှင်းပြပြီး မြန်မာနိုင်ငံအပေါ် လူမျိုးတုံး သတ်ဖြတ်မှု စွပ်စွဲချက် သက်သေပြနိုင်ဖို့ ယုံကြည်ထားကြောင်း ပြောပါတယ်။ ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှုကိစ္စ ကိုင်တွယ်ဖြေရှင်းမှုအတွက် ဂမ်ဘီယာနိုင်ငံကို ငွေကြေးအကူအညီ ပေးခဲ့တဲ့ ဘင်္ဂလားဒေ့ရှ် အစိုးရကိုလည်း ကျေးဇူးတင်ကြောင်း ဂမ်ဘီယာက ပြောပါတယ်။


ဒါပေမယ့် ICJ အမှု အတွက် ရန်ပုံငွေမလုံမလောက်ဖြစ်နေတယ်လို့ ဂမ်ဘီယာက ပြောပါတယ်။ အမှုကို ဆက်လက်ဆောင်ရွက်နိုင်ဖို့ ဂမ်ဘီယာအပေါ် လိုအပ်တဲ့ ဥပဒေရေးရာအကူအညီနဲ့ အထောက်အထားတွေ ပံ့ပိုးပေးဖို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး ဟာဆန် မာမွတ် က အာမခံခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် သတင်းတွေမှာ ဖော်ပြပါတယ်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးက ရိုဟင်ဂျာတွေ နေရပ်ပြန်နိုင်ရေး ရေရှည်တည်တံ့တဲ့ အဖြေကို ရှာဖွေနိုင်ဖို့ အပါအဝင် ရှေ့ခြေလှမ်းတွေနဲ့ အကျပ်အတည်းနဲ့ ပတ်သက်တဲ့ အတားအဆီးတွေကို အလေးပေး ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။ OIC အဖွဲ့ဝင်နိုင်ငံတွေရဲ့ သဘောတူညီချက်နဲ့အတူ ရိုဟင်ဂျာတွေ အပေါ် လူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက်နဲ့ မြန်မာနိုင်ငံကို ဂမ်ဘီယာနိုင်ငံက နယ်သာလန်နိုင်ငံ အစိုးရရုံးများ ဆိုင်ရာ သည်ဟိတ်မြို့ (The Hague) က အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာ ၂၀၁၉ ခုနှစ်ကတည်းက တရားစွဲဆိုထားပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ၂၀၁၇ ခုနှစ် တုန်းက စစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေး တွေ အပါအဝင် ရိုဟင်ဂျာတွေအပေါ် ကျူးလွန်မှုဟာ လူမျိုးတုံးသတ်ဖြတ်မှုမြောက်တယ် ဆိုပြီး ဂမ်ဘီယာဘက်က ICJ ကို တင်ထားတာမှာ ၂၀၁၉ ခုနှစ် ပထမဆုံးကြားနာစစ်ဆေးမှုမှာ အဲဒီတုန်းက အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဦးဆောင်တဲ့ ရွေးကောက်ခံ အစိုးရ အဖွဲ့က နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တက်ရောက်ပြီး ခုခံချေပခဲ့ပါတယ်။

အဲဒီတုန်းကတော့ စစ်ဆေးဆဲကြားကာလမှာ သက်သေခံပစ္စည်းတွေ မဖျောက်ဖျက်ရေး အပါအဝင် မြန်မာဘက်က လိုက်နာရမယ့် ကြားကာလ အစီအမံတွေကို ICJ တရားရုံးက ချမှတ်ထားပါတယ်။ ၂၀၂၁ ခုနှစ် စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ ၂၀၂၂ ခုနှစ်မှာ စစ်ကောင်စီရဲ့ ဝန်ကြီးတဦး ဖြစ်တဲ့ ဦးကိုကိုလှိုင်နဲ့ ရှေ့နေချုပ် ဒေါ်သီတာဦးတို့က ဦးဆောင်ပြီး ပြန်လည်ချေပတွေ လုပ်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG