သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကျွန်းအပို့ခံရမှာ Bangladesh ရောက် ရိုဟင်ဂျာတွေစိုးရိမ်


(မှတ်တမ်းဓါတ်ပုံ)
(မှတ်တမ်းဓါတ်ပုံ)

ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက် ရောက်နေကြတဲ့ ရိုဟင်ဂျာတွေကို ဝေးလံတဲ့ ကျွန်းတခုဆီ ရွှေ့ပြောင်းထားဖို့ ဘင်္ဂလားဒေရှ့် အစိုးရက စီစဉ်နေတဲ့အပေါ် စိုးရိမ်မှုတွေ ထွက်ပေါ် နေကြတယ်လို့ ရိုဟင်ဂျာ ဒုက္ခတွေကို ကူညီပေးနေတဲ့ UNHCR ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီး ကိုယ်စားလှယ်က ပြောလိုက်ပါတယ်။

လွန်ခဲ့တဲ့ ၁၁ နှစ်တုန်းကမှာ သောင်ထွန်းပေါ်လာတဲ့ Thengar Char ကျွန်းတချို့ နေရာတွေဟာ ရေလွှမ်းနေပြီး မိုးတွင်း ၃ လလောက် က ရေအောက်ရောက်နေတဲ့ ကျွန်းပေါ်မှာ ရိုဟင်ဂျာ ဒုက္ခသည်တွေကိုထားဖို့ ဘင်္ဂလားဒေရှ့် အစိုးရက စီစဉ်နေတာ ဖြစ်ပါတယ်။ အဲဒီမှာ လူတွေ နေထိုင်နိုင်ဖို့ ဆိုရင် ငွေကြေး အမြောက်အများ အကုန်အခံပြီး နှစ်နဲ့ချီ အချိန်ယူပြင်ဆင်ဖို့ လိုအပ်တယ်လို့ ဒေသခံ တာဝန်ရှိသူတွေက ပြောကြပါတယ်။ အစား အသောက်၊ သောက်သုံးရေကစလို့ ဘယ်လို နေထိုင်ရမလဲ ဆိုတာမျိုးတွေကို ရိုဟင်ဂျာတွေက စိတ်ပူနေကြတယ်လို့ UNHCR ဌာနေကိုယ်စားလှယ် Vivian Tan ကပြောပါတယ်။

အဲဒီကျွန်းပေါ်မှာ သွားနေရမှာစိုးလို့ တချို့ ရိုဟင်ဂျာတွေ မြန်မာနိုင်ငံ ဘက်ကို ပြန်နေကြတယ်လို့ ဆိုပါတယ်။ ဘင်္ဂလားဒေရှ့်နိုင်ငံမှာ ဒုက္ခသည်အဖြစ် မှတ်ပုံတင်ထားတဲ့ ရိုဟင်ဂျာ သုံးသောင်း သုံးထောင်လောက် Cox’s Bazaar က ဒုက္ခသည်စခန်း ၂ ခုမှာ နေထိုင်နေကြပါတယ်။ တခြား ဒုက္ခသည်စခန်းငယ် ၆ ခုလောက်မှာလည်း ဒုက္ခသည်အဖြစ် စာရင်း ပေးမထားတဲ့ ရိုဟင်ဂျာတွေ ရှိကြပါတယ်။

လောလောဆယ် လူမနေတဲ့ Thengar Char ကျွန်းပေါ်ကို ဒုက္ခသည်တွေကို မပို့ခင် အဲဒီမှာ လူနေလို့ ရမရဆိုတဲ့ လေ့လာမှုတွေ၊ တိုင်ပင်ဆွေးနွေးမှုတွေ လုပ်ဖို့လိုအပ်ပြီး သွားနေရမယ့် သူတွေကိုယ်တိုင် လိုလိုလားလား ရှိမှသာ ထားရမယ်ဆိုတာကို UNHCR က ဘင်္ဂလားဒေရှ့်အစိုးရကို ပြတ်ပြတ်သားသား ပြောထားတယ်လို့ ဌာနေကိုယ်စားလှယ် Vivian Tan ကပြောပါတယ်။

မြန်မာနိုင်ငံထဲမှာ လူ့အခွင်အရေး ချိုးဖောက်မှုတွေကြောင့်လို့ ဆိုပြီး ရိုဟင်ဂျာတွေဟာ ၂၀၁၂ ခုနှစ်ထဲက ဘင်္ဂလားဒေရှ့် နိုင်ငံဖက်ကို ထွက်ပြေးခဲ့ကြပါတယ်။ ပြီးခဲ့နှစ် အောက်တိုဘာလ နောက်ပိုင်းမှာတော့ ဆိုးဆိုးဝါးဝါး လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေကြောင့် လို့ဆိုပြီး ထွက်ပြေးလာတဲ့ရိုဟင်ဂျာ ခုနစ်သောင်းလောက် ရှိတယ်လို့ ဘင်္ဂလားဒေရှ့်အစိုးရက ဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG