သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သံမဏိနှင်းဆီ ထုတ်ဝေသူ အသတ်ခံရမှု RSF တုန်လှုပ်


သံမဏိနှင်းဆီဂျာနယ် (Facebook)
သံမဏိနှင်းဆီဂျာနယ် (Facebook)

အပတ်စဉ်ထုတ် သံမဏိနှင်းဆီ ဂျာနယ်ရဲ့ ထုတ်ဝေသူလည်းဖြစ်၊ အယ်ဒီတာလည်းဖြစ်တဲ့ ကိုဝေယံဟိန်း အသတ်ခံရတာနဲ့ ပတ်သက်လို့ အမှုမှန်ပေါ်အောင် အမြန်ဆုံးစုံစမ်းစစ်ဆေး ဖေါ်ထုတ်ပေးဖို့ မြန်မာအာဏာပိုင်တွေကိုပြင်သစ်အခြေစိုက် RSF နယ်စည်းမခြား သတင်းထောက်များအဖွဲ့နဲ့ ဟောင်ကောင်အခြေစိုက် အာရှလူ့အခွင့်အရေးအဖွဲ့တွေက ဧပြီလ ၁၉ ရက်နေ့က တောင်းဆိုလိုက်ပါတယ်။

ဆက်သွယ်မေးမြန်းထားတဲ့ မအင်ကြင်းနိုင်က အပြည့်အစုံကို ပြောပြမှာပါ။

အခုလို သတင်းမီဒီယာသမားတဦးဖြစ်တဲ့ ကိုဝေယံဟိန်း အသတ်ခံရတဲ့အမှုနဲ့ ပတ်သက်ပြီး သူတို့ အနေနဲ့ တုန်လှုပ်မိကြောင်း RSF အာရှရေးရာတာဝန်ခံ Benjamin Ismail က ဗွီအိုအေကို ပြောပါတယ်။

“သတင်းသမားတဦး အသတ်ခံရတယ်ဆိုတဲ့ သတင်းကြားလိုက်ချိန်မှာ ကျနော်တို့ တုန်လှုပ်မိပါတယ်။ သူ့ကိုဘာကြောင့် သတ်သလဲဆိုတဲ့ အကြောင်းအရင်းကို ကျနော်တို့ မသိရသေးပါဘူး။ ရဲအာဏာပိုင်တွေ သတင်းဌာနတွေ ပြောပြချက်အရဆိုရင် သူ့ကို မသေမချင်း ဓါးနဲ့ ထိုးသတ်ခဲ့တယ်လို့ ဆိုပါတယ်။ ဘာကြောင့်အသတ်ခံရသလဲဆိုတဲ့ အခြေအနေဟာ တကယ့်ကို စိုးရိမ်စရာကောင်းပါတယ်။”

ဒါအပြင် သံမဏီနှင်းဆီ ဂျာနယ်ကနေ အငြိမ်းစားယူသွားတဲ့ စစ်ဗိုလ်ချုပ်ဟောင်းတွေအကြောင်းနဲ့ သူတို့နဲ့ စီးပွားရေးစပ်တူ လုပ်ကိုင်နေသူတွေအကြောင်း မကြာသေးခင်ကပဲ မျက်နှာဖုန်းသတင်းဆောင်းပါးတွေ ဆက်တိုက်ရေးသားဖေါ်ပြခဲ့တဲ့ ကိစ္စနဲ့ ကိုဝေယံဟိန်း အသတ်ခံရမှုဟာ ပတ်သက်နေတယ်လို့ RSF အနေနဲ့ ယူဆကြောင်း Benjamin Ismail ကပြောပါတယ်။

“သံမဏိနှင်းဆီ အပါအဝင် ကိုဝေယံဟိန်း ပူးတွဲတာဝန်ယူခဲ့တဲ့ သူရိယနေဝန်း အပတ်စဉ်ဂျာနယ်တွေဟာ စစ်ဗိုလ်ချုပ်ဟောင်းတွေ၊ စီးပွားရေးခရိုနီတွေ၊ အာဏာရှိတဲ့ လူပုဂ္ဂိုလ်တွေရဲ့ အကြောင်းတွေကို ဝေဖန် ရေးသားဖေါ်ပြနေတယ်ဆိုတာ ကျနော်တို့ သိပါတယ်။ ဒါအပြင် ဒီဂျာနယ်တွေရဲ့ ရေးသားဖေါ်ပြမှုတွေဟာ အန္တရာယ်များတယ်ဆိုတာ ကျနော်တို့ သိပါတယ်။ အခုရဲအာဏာပိုင်တွေက လူသတ်မှုကို စတင်စုံစမ်းနေပြီဆိုတာလည်း သိရပါတယ်။ ဒါပေမဲ့ အမှုမှန်ပေါ်တဲ့ အထိ စေ့စေ့စပ်စပ်နဲ့ ကိုင်တွယ်စုံစမ်းပေးဖို့ ကျနော်တို့ တောင်းဆိုချင်ပါတယ်။”

အလားတူ RSF အဖွဲ့ကြီးအနေနဲ့ လွန်ခဲ့တဲ့ လေးလက မုံရွာမြို့မှာ Elevel မီဒီယာ Group သတင်းထောက် ကိုစိုးမိုးထွန်း ရိုက်နှက်ဒဏ်ရာတွေနဲ့ သေဆုံးခဲ့တဲ့ အမှုနဲ့ ပတ်သက်ပြီး ၊ ပြစ်မှု ကျူးလွန်သူတွေကို စုံစမ်းဖေါ်ထုတ် အရေးယူပေးဖို့ မြန်မာ အာဏာပိုင်တွေကို တောင်းဆိုခဲ့ပါတယ်။

အခုလို တရားခံတွေကို အာဏာပိုင်တွေဘက်က ဖမ်းဆီးအရေးယူနိုင်ခြင်း မရှိသေးတာနဲ့ ပတ်သက်လို့ Benjamin Ismail ရဲ့ အမြင်ကတော့-

“သတင်းမီဒီယာသမားတွေအပေါ် အကြမ်းဖက် သတ်ဖြတ်မှုတွေမှာ အမှုမှန်ပေါ်အောင် ဖြေရှင်းမပေးနိုင်သလို အရေးယူနိုင်ခြင်းလဲမရှိတာဟာ သတင်းသမားတွေ အတွက် လုံခြုံရေး ကင်းမဲ့မှုဖြစ်စေတဲ့အပြင် ကိုယ့်ကိုကိုယ် ဆင်ဆာလုပ်ဖို့ ဖိအားပေးတဲ့ အခြေအနေမျိုးဖြစ်နေပါတယ်။”

မြန်မာနိုင်ငံမှာ လာဘ်စားမှုတွေဖြစ်နေတဲ့ အကြောင်းရေးသားနေတဲ့ ဂျာနယ် ထုတ်ဝေသူ အသတ်ခံရတဲ့ အမှုကို အဏာပိုင်တွေဘက်က အလေးအနက်ထား စုံစမ်းစစ်ဆေးပေးဖို့ ဟောင်ကောင်အခြေစိုက် အာရှလူ့အခွင့်အရေးအဖွဲ့က တိုက်တွန်းကြောင်း မြန်မာနိုင်ငံဆိုင်ရာတာဝန်ခံ ဦးမင်းလွင်ဦးက ပြောပါတယ်။

MJN မြန်မာ့သတင်းမီဒီယာကောင်စီ အဖွဲ့အပါအဝင် အခြားသတင်းအဖွဲ့အစည်းတွေကတော့ ကိုဝေယံဟိန်းအသတ်ခံရမှုနဲ့ပတ်သက်ပြီး အာဏာပိုင်တွေရဲ့ ထုတ်ပြန်ချက်ကို စောင့်ကြည့်နေကြောင်း အဖွဲ့အစည်းတာဝန်ရှိသူတွေက ပြောပါတယ်။

ဧပြီလ (၁၆)ရက်နေ့က ကိုဝေယံဟိန်းကို ပုဇွန်တောင် (၂)ရပ်ကွက်က သံမဏိနှင်းဆီ ဂျာနယ်တိုက်မှာ ရင်ဘတ်ထိုးသွင်း ဒဏ်ရာ ၁၅ ချက်နဲ့ သေဆုံးနေကြောင်း ဧပြီလ (၁၆)ရက်နေ့က ရဲတပ်ဖွဲ့က တွေ့ရှိခဲ့တာဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ သက်ဆိုင်ရာ နယ်မြေပိုင် ရဲစခန်းအပြင် တခြား ဌာနအသီးသီးကပါ စုံစမ်း စစ်ဆေးနေဆဲဖြစ်ပြီး အဲဒီ လုပ်ငန်းတွေ ပြီးဆုံးတဲ့အခါမှာ သတင်း ထုတ်ပြန်ပေးသွားမယ်လို့ ပုဇွန်တောင်ရဲစခန်း ဒုရဲမှူး ယဉ်ထွေးက ဗွီအိုအေကို ပြီးခဲ့တဲ့ ရက်ပိုင်းက ပြောခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG