သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သတင်းလွတ်လပ်ခွင့် မြန်မာတဆင့်တက်


တူရကီသမ္မတ Erdogan ၊ ဆော်ဒီအာရေးဗီးယားဘုရင် Salman ၊ IS အစ္စလာမ်မစ် အကြမ်းဖက်အဖွဲ့တို့ဟာ သတင်းလွတ်လပ်ခွင့်ကို ဖိနှိပ် ချုပ်ခြယ်သူတွေဖြစ်ကြောင်း သတင်းထောက်တွေအပေါ် ရာဇဝတ်မှု ကျူးလွန်သူတွေကို အပြစ်ပေး အရေးယူခြင်းမရှိတဲ့ လုပ်ရပ် အဆုံးသတ်ရေးအတွက် ရည်ရွယ်ပြီး Reporter Without Border - နယ်စည်းမခြား သတင်းထောက်များအဖွဲ့က ဗုဒ္ဓဟူးနေ့မှာ ထုတ်ပြန်လိုက်တဲ့ နှစ်စဉ် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

နိုင်ငံပေါင်း ၁၈၀ က သတင်းလွတ်လပ်ခွင့် အခြေပြစာရင်းကို နယ်စည်းမခြား သတင်းထောက်များအဖွဲ့က ထုတ်ပြန်လိုက်တာမှာ မြန်မာနိုင်ငံဟာ မကြာသေးခင် ကာလတွေအထိ ဆင်ဆာဖြတ်တောက်မှုတွေ အကြီးအကျယ် လုပ်ဆောင်ခဲ့ရာက အခုနှစ်မှာတော့ သတင်းလွတ်လပ်ခွင့်အတွက် အနီးကပ် စောင့်ကြည့်ရမယ့် နိုင်ငံစာရင်း ပြောင်းရွှေ့ သတ်မှတ်လိုက်ကြောင်း RSF နယ်စည်းမခြား သတင်းထောက်များ အဖွဲ့ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

နိုင်ငံရေးကိစ္စတွေကို ရေးသားကြတဲ့ မြန်မာသတင်းမီဒီယာတွေအနေနဲ့ အတန်အသင့် လွတ်လပ်ခွင့် ရှိကြကြောင်း၊ ဒါပေမယ့် အစိုးရနဲ့ တပ်မတော်တို့ရဲ့ ဝေဖန် ပြောဆိုခြင်း မခံရအောင် မြန်မာ သတင်းမီဒီယာတွေဟာ ကိုယ့်သဘောနဲ့ကိုယ် ဆင်ဆာဖြတ်တောက်ခြင်းတွေ လုပ်ဆောင်နေကြကြောင်း၊ ဗုဒ္ဓဘာသာတွေနဲ့ မွတ်ဆလင်တွေအကြားက တင်းမာမှုတွေဟာလည်း သတင်းမီဒီယာတွေအတွက် ရေးသားဖို့ ခက်ခဲတဲ့ အကြောင်းအရာတခုအဖြစ် တည်ရှိနေကြောင်း RSF အဖွဲ့ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံဟာ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်တုန်းက အဆင့် ၁၄၄ မှာ ရှိခဲ့ရာက အခုနှစ် ၂၀၁၆ ခုနှစ်မှာတော့ ၁၄၃ ကို ပြောင်းလဲပြီး တဆင့် တက်လာတာ ဖြစ်ပါတယ်။

ကမ္ဘာတလွားက နိုင်ငံရေး၊ ဘာသာရေးနဲ့ စစ်သွေးကြွ ခေါင်းဆောင်တွေနဲ့ ရာဇဝတ်မှုအဖွဲ့အစည်းပေါင်း ၃၅ ခုတို့က အမဲလိုက်ခွင့်ရထားတဲ့ သားသတ်ကောင်တွေအလား သတင်းသမားတွေကို လိုက်လံ ဖမ်းဆီး နှိပ်ကွက်နေတာတွေကို RSF အဖွဲ့က အွန်လိုင်းပေါ်မှာ တမူထူးခြားစွာ ပြခန်းသဖွယ် စီစဉ် ပြသထားပါတယ်။

ဗင်နီဇွဲလားသမ္မတ Nicolas Maduro လို ခေါင်းဆောင်မျိုးဟာ စံနစ်တကျ ဆင်ဆာ ဖြတ်တောက်မှုတွေ လုပ်ဆောင်နေတဲ့ တချိန်ထဲမှာပဲ သတင်းစာတိုက်တွေ စီးပွားရေးအရ ရပ်တည်လို့မရနိုင်အောင် လုပ်ဆောင်နေတယ်လို့ စွပ်စွဲ ခံနေရကြောင်း၊ IS အကြမ်းဖက် အဖွဲ့နဲ့ တခြား အာဖရိကတိုက်အတွင်းက အာဏာရှင်တွေဟာလည်း သတင်းထောက်တွေကို သတ်ဖြတ်တယ်လို့ စွပ်စွဲခံနေရကြောင်း RSF ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

သတင်းလွတ်လပ်ခွင့် မြန်မာတဆင့်တက်
please wait

No media source currently available

0:00 0:01:02 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG