သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားပျက်ကျလေယာဉ် ပျံသန်းမှုမှတ်တမ်းတင်စက်တွေ့ရှိ


ပင်လယ်နက်ထဲ ပြီးခဲ့တဲ့သီတင်းပတ်ကုန်က ပျက်ကျသွားခဲ့တဲ့ စစ်တပ်ပိုင် ခရီးသည်တင်လေယာဉ်ဆီကနေ အရေးပါတဲ့ လေယာဉ်ပျံသန်းမှု မှတ်တမ်းတင်စက်ကို ရှာဖွေရေးအဖွဲ့တွေ တွေ့ရှိခဲ့ပြီဖြစ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက အင်္ဂါနေ့မှာ ပြောဆိုခဲ့ပါတယ်။

လေယာဉ်ပျက်ကျရတဲ့ အကြောင်းရင်းကို သုံးသပ်နိုင်ဖို့အတွက် မှတ်တမ်းတင်စက်ကို ရုရှားနိုင်ငံ မော်စကိုမြို့တော်ဆီ ပေးပို့မှာဖြစ်ပြီး၊ ပျက်ကျရတဲ့ အကြောင်းရင်းကို သိရှိနိုင်ဖို့ စုံစမ်းစစ်ဆေးသူတွေ ကြိုးစားကြမှာ ဖြစ်ကြောင်းကိုလည်း ရုရှားသတင်းမီဒီယာတွေက ပြောဆိုကြပါတယ်။

လေယာဉ်ပျံသန်းမှု မှတ်တမ်းတင်စက် နောက်တလုံးရှိရာ နေရာကို ရှာဖွေတွေ့ရှိခဲ့ပေမဲ့၊ ဆယ်ယူနိုင်ခြင်း မရှိဘူးလို့လည်း ရုရှားအစိုးရပိုင် Interfax သတင်းဌာနကို ကိုးကားပြီး မီဒီယာတွေက အင်္ဂါနေ့နှောင်းပိုင်းမှာ ဖော်ပြခဲ့ကြတာပါ။

ပျက်ကျသွားတဲ့ လေယာဉ်နဲ့ အမျိုးအစားတူ လေယာဉ်တွေ အားလုံးကို ပျံသန်းခွင့်မပေးဘဲ ရပ်နားထားတယ်လို့လည်း Interfax သတင်းဌာနက အင်္ဂါနေ့မှာ ဖော်ပြခဲ့ပါတယ်။ တနင်္ဂနွေနေ့က ပျက်ကျမှုဟာတော့ အစွန်းရောက် အကြမ်းဖက်သမားတွေရဲ့လက်ချက် ဖြစ်နိုင်ချေ အလားအလာ နည်းပါးလွန်းပေမဲ့ - မဖြစ်နိုင်ဘူးလို့လည်း လုံး၀ ပယ်ချမထားတဲ့ အကြောင်း တာဝန်ရှိသူတွေက ပြောဆိုပါတယ်။

လေယာဉ်ပေါ်မှာ လိုက်ပါလာသူ ၉၂ ယောက်စလုံးကတော့ သေဆုံးခဲ့တာပါ။ အင်္ဂါနေ့အစောပိုင်းအထိ ရှာဖွေရေးအဖွဲ့တွေက အလောင်း ၁၂ လောင်းနဲ့ ခန္ဓာကိုယ်အပိုင်းအစ တော်တော်များများကို တွေ့ရှိထားကြောင်းလည်း ကာကွယ်ရေးဝန်ကြီးဌာနက ပြောဆိုထားပါတယ်။

သင်္ဘော ၄၅ စင်းနဲ့ ရုရှားနိုင်ငံတဝှမ်းက ရေငုပ်သမား ၁၃၅ ယောက်တို့နဲ့ ရှာဖွေရှာမှာ - ကမ်းခြေနဲ့ ၁ ကီလိုမီတာခွဲအကွာ ပင်လယ်ရေအောက် ၂၅ မီတာလောက်မှာ ဂျက်လေယာဉ် အပိုင်းအစတွေကို တွေ့ရှိခဲ့တဲ့အကြောင်း အရေးပေါ်အခြေအနေဆိုင်ရာ ဝန်ကြီးဌာနက တနင်္လာနေ့မှာ ပြောဆိုခဲ့ပါ တယ်။

ရုရှားသတင်းမီဒီယာတွေမှာတော့ - စက်ပိုင်းဆိုင်ရာ ပြဿနာ၊ လူရဲ့အမှား၊ ဒါမှမဟုတ် သတ်မှတ်ထားတဲ့ အလေးချိန်ထက် ပိုတင်ဆောင်မှုတွေ ကြောင့် လေယာဉ်ပျက်ကြတာ ဖြစ်နိုင်တယ်လို့လည်း ထင်ကြေးပေး ဖော်ပြခဲ့ကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG