သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားအတိုက်အခံခေါင်းဆောင် ထောင်၁၅ရက် အမိန့်ချခံရ


ရုရှားနိုင်ငံမှာ အဂတိ လိုက်စားမှု ဆန့်ကျင်ရေး လူထု ချီတက်ပွဲမှာ ရာနဲ့ချီတဲ့ ဆန္ဒပြသူတွေနဲ့ အတူ မနေ့က ဖမ်းဆီးခံရတဲ့ အတိုက်အခံ ခေါင်းဆောင် Alexei Navalny ကို တရားရုံးက ဒီကနေ့ ထောင်ဒဏ် ၁၅ ရက် ပြစ်ဒဏ်ချမှတ်လိုက်ပါတယ်။

ဒီဆန္ဒပြပွဲတွေက အကြမ်းဖက်မှုတွေ ဖြစ်လာအောင် လှုံဆော်တာ ဖြစ်ပြီး စည်းရုံးလုပ်ဆောင်ခဲ့သူတွေက ဆန္ဒပြပွဲမှာ လူငယ်တွေ ပါဝင်ရေး ငွေပေးခဲ့တယ်လို့ ရုရှား အစိုးရက လူသိရှင်ကြား ပြောဆိုပြီးနောက် နာရီပိုင်း အတွင်းမှာဘဲ အတိုက်အခံ ခေါင်းဆောင် Navalny ကို မြို့တော် မော်စကိုက တရားရုံး တခုမှာ ရုံးထုတ်ခဲ့တာ ဖြစ်ပါတယ်။

အတိုက်အခံ ခေါင်းဆောင် Navalny က ရဲ အမိန့်ကို အာခံမှု အတွက် အပြစ်ရှိတယ်လို့ တရားရုံးက ဆုံးဖြတ်တာပါ။ ဒီမတိုင်ခင်တုန်းကတော့ ခွင့်ပြုမိန့် မရှိတဲ့ ဆန္ဒပြပွဲကို စည်းရုံးမှုအတွက် ဒေါ်လာ ၃၅၀နဲ့ ညီမျှတဲ့ ငွေဒဏ်ချမှတ်ထားတာပါ။ ရုရှား အာဏာပိုင်တွေကြား တာဝန်ယူမှု တာဝန်ခံမှု ရှိရေး နိုင်ငံတဝန်း မြို့တွေမှာ သောင်းနဲ့ချီတဲ့ ပြည်သူတွေ ဆန္ဒပြခဲ့ကြတာပါ။

ဆန္ဒပြကြဖို့ကိုတော့ အတိုက်အခံ ခေါင်းဆောင် Navalny က ဆော်သြခဲ့တာပါ။ ဆန္ဒပြပွဲတွေ အတွင်း အဖမ်းအဆီးတွေက မြို့တော် မော်စကို တခုတည်းတင် ၁ ထောင်ကျော် ရှိတယ်လို့ ရုရှား နိုင်ငံရေး ဖိနှိပ်ချုပ်ချယ်မှုတွေကို စောင့်ကြည့်တဲ့ OVD-Info အဖွဲ့က သူ့ရဲ့ အင်တာနက် ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။

အဖမ်းအဆီး အရေအတွက်ကိုတော့ သီးခြား အတည်မပြုနိုင်သေးပါဘူး။ နိုင်ငံပိုင် သတင်းအေဂျင်စီ TASS ကတော့ Navalny အပါအဝင် ဖမ်းဆီးသူ ၅၀၀ လောက် ရှိတယ်ဆိုပြီး မော်စကို ရဲ ရဲ့ ပြောဆိုချက်ကို ကိုးကား ဖော်ပြပါတယ်။ အတိုက်အခံ ခေါင်းဆောင် Navalny ကတော့ မော်စကိုမြို့တော်က အထင်ကရ Pushkin ရင်ပြင်က ဆန္ဒပြပွဲကို ပူးပေါင်းဖို့ ရထားဘူတာရုံကနေ လမ်းလျှောက်အလာမှာ ဖမ်းခံရတာပါ။ ရာနဲ့ချီတဲ့ ဆန္ဒပြသူတွေ ဝိုင်းရံထားတဲ့ ထရပ်ကားထဲကို ရဲတွေက သူ့ကို ဆွဲသွင်းသွားခဲ့ပြီး လူအုပ်က ကားမောင်းထွက်မသွားနိုင်အောင် ပိတ်ပင်ဖို့ ကြိုးစားခဲ့ကြသလို Navalny ကို ပြန်လွှတ်ပေးဖို့ကိုလည်း အော်ဟစ်တောင်းဆိုခဲ့ကြပါတယ်။

ရုရှား အတိုက်အခံ ခေါင်းဆောင် Alexei Navalny အပါအဝင် ရာနဲ့ချီတဲ့ ဆန္ဒပြသူတွေ မနေ့ တနင်္ဂနွေနေ့က ဖမ်းဆီးခံရမှု အပေါ် အမေရိကန် ပြည်ထောင်စုက ပြင်းပြင်းထန်ထန် ဝေဖန် ရှုတ်ချပါတယ်။ ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေ၊ လူ့အခွင့်အရေး စောင့်ကြည့်သူတွေနဲ့ သတင်းထောက်တွေကို ဖမ်းဆီးတာဟာ ဒီမိုကရေစီရဲ့ စံနှုန်းတွေကို စော်ကားမော်ကား ပြုမူတာ ဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ ပြောခွင့်ရ အဖြစ် ယာယီ တာဝန်ယူထားတဲ့ Mark Toner က ကြေညာချက်မှာ ပြောဆိုထားပါတယ်။ ၂၀၁၈ ခုနှစ် ရုရှား သမ္မတ ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်ဖို့ ကြေညာထားတဲ့ Navalny ကို ဖမ်းဆီးလိုက်တာက အမေရိကန်အတွက် စိတ်အနှောင့်အယှက် ဖြစ်ရတယ်လို့လည်း သူက ပြောဆိုတာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG