သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယား အတိုက်အခံကို ကူညီနေကြောင်း ပူတင် ပြောကြား


ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်။
ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်။

IS စစ်သွေးကြွတွေကို ချေမှုန်းနေတဲ့ ဆီးရီးယားတပ်ဖွဲ့တွေရဲ့ပူးတွဲစစ်ဆင်ရေးတွေမှာ ပါဝင်နေတဲ့ - အနောက်နိုင်ငံတွေက ကျောထောက်နောက်ခံပေးထားတဲ့ အတိုက်အခံ အုပ်စုတွေကိုလည်း ရုရှားနိုင်ငံက အခုအခါ ပံ့ပိုးကူညီပေးနေတယ်လို့ ရုရှားသမ္မတ ဗလာဒီမီယာ ပူတင် က ပြောဆိုလိုက်ပါ တယ်။

ဆီးရီးယားအစိုးရတပ်တွေနဲ့ အချိန်အတော်ကြာ တိုက်နေတဲ့ လွတ်လပ်သော ဆီးရီးယား တပ်မတော် (FSA) ကို လေကြောင်းအကူ၊ လက်နက်တွေနဲ့ လိုအပ်တဲ့ အထောက်အပံ့ တွေကို ပထမဆုံးအကြိမ် ပေးအပ်ခဲ့တဲ့အကြောင်း သောကြာနေ့က ရုရှားကာကွယ်ရေး ဝန်ကြီးဌာန ထိပ်တန်း အရာရှိတွေနဲ့ အစည်းအဝေးအတွင်း - သမ္မတ ပူတင်က ပြောဆိုခဲ့တာပါ။

ဒီသတင်းသာ မှန်ကန်မယ်ဆိုရင် - IS အဖွဲ့ ပစ်မှတ်တွေကို ဗုံးကျဲရမယ့်အစား ဆီးရီးယားသမ္မတ ဘရှာ အယ်လ် အာဆတ် ကို ကူညီဖို့ ကြိုးပမ်းတဲ့အနေနဲ့ အလယ်အလတ် သဘောထားရှိတဲ့ သူပုန်တွေအပေါ် တိုက်ခိုက်နေတယ် လို့ အမေရိကန် ဦးဆောင်တဲ့ ညွန့်ပေါင်းအဖွဲ့ရဲ့ စွပ်စွဲတာခံနေရတဲ့ ရုရှားနိုင်ငံအတွက် ကြီးမားတဲ့ မူဝါဒ အပြောင်းအလဲ တခုဖြစ်ပါလိမ့်မယ်။ ပြီးခဲ့တဲ့ လတွေအတွင်း ရုရှားရဲ့ ဗုံးကျဲတိုက်ခိုက်မှုတွေကို ခံခဲ့ရတဲ့ FSA သူပုန်အဖွဲ့ ဘက်ကတော့ ဒီသတင်းကို အတည်မပြုသေးပါဘူး။

တချိန်တည်းမှာပဲ ဆီးရီးယားအစိုးရနဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေ လုပ်နိုင်ဖို့ ဆီးရီးယား သူပုန်အဖွဲ့တွေကြား ဒီသီတင်းပတ်ထဲ ရရှိခဲ့တဲ့ သဘောတူညီချက် မူဘောင်ထဲက ပြဿနာတွေကို ဖြေရှင်းကြဖို့ လိုအပ်တဲ့အကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန် ကယ်ရီ က ပြောဆို လိုက်ပါတယ်။

ပြဿနာတွေကို ဖြေရှင်းနိုင်လိမ့်မယ်လို့ သူ့အနေနဲ့ ယုံကြည်ကြောင်းလည်း ဝန်ကြီး ကယ်ရီက ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာ ကျင်းပနေတဲ့ ကုလသမဂ္ဂ ရာသီဥတုဆိုင်ရာ ညီလာခံရဲ့ ဘေးပန်းမှာ ပြောဆိုခဲ့ပေမဲ့၊ ဘယ်လိုပြဿနာတွေလည်း ဆိုတာကိုတော့ အသေးစိတ်ပြောဆိုမသွားပါဘူး။

XS
SM
MD
LG