သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှား-ပါကစ္စတန် ပထမဆုံး ပူးတွဲ စစ်လေ့ကျင့်မှု အိန္ဒိယစိုးရိမ်


-ပါကစ္စတန်နဲ့ ပထမဆုံး ပူးတွဲ စစ်လေ့ကျင့်ဖို့ ရုရှားတပ်ဖွဲ့ဝင်တွေ ရောက်ရှိလာ။ ( စက်တင်ဘာ ၂၃၊ ၂၀၁၆)
-ပါကစ္စတန်နဲ့ ပထမဆုံး ပူးတွဲ စစ်လေ့ကျင့်ဖို့ ရုရှားတပ်ဖွဲ့ဝင်တွေ ရောက်ရှိလာ။ ( စက်တင်ဘာ ၂၃၊ ၂၀၁၆)

ပါကစ္စတန်နဲ့ ရုရှား နှစ်နိုင်ငံကြား - ပထမဆုံး ပူးတွဲ စစ်ရေးလေ့ကျင့်မှုတွေမှာ ပါဝင်ဖို့ ရုရှားအထူးကွန်မန်ဒိုတပ်ဖွဲ့ဝင် ၁၀၀ လောက် ပါဝင်တဲ့ တပ်ဖွဲ့တဖွဲ့ဟာ ပါကစ္စတန်နိုင်ငံ ကို ရောက်ရှိလာပြီဖြစ်တဲ့အကြောင်း - အစိုးရ တာဝန်ရှိသူတွေက သောကြာနေ့မှာ ကြေညာလိုက်ပါတယ်။

၂ ပတ်ကြာ စစ်ရေးလေ့ကျင့်မှုကို စနေနေ့မှာ စတင်မှာဖြစ်ပြီး၊ အောက်တိုဘာလ ၁၀ ရက်နေ့မှာ ပြီးဆုံးမှာဖြစ်တယ်လို့လည်း ပါကစ္စတန်စစ်တပ် ပြောခွင့်ရပုဂ္ဂိုလ်က ဆိုပါတယ်။ Friendship 2016 – လို့ ခေါ်တဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေ မှာ နှစ်နိုင်ငံက တပ်ဖွဲ့ဝင် ၂၀၀ လောက်ပါဝင်မှာဖြစ်ပြီး၊ ပါကစ္စတန်နိုင်ငံ Cherat ဒေသမှာ ပြုလုပ်မှာဖြစ်တယ်လို့ လုံခြုံရေးအရာရှိတဦးက ဗွီအိုအေကို ပြောပါတယ်။

ပါကစ္စတန်အနောက်မြောက်ဘက်က တောင်ထူထပ်တဲ့ ဒီဒေသဟာ အထူးတပ်ဖွဲ့တွေ လို့ခေါ်တဲ့ ပါကစ္စတန်ကွန်မန်ဒိုတပ်ဖွဲ့တွေရဲ့ ဌာနချုပ်ရှိရာ နေရာတခုဖြစ်ပါတယ်။ အခုပြုလုပ်မယ့် စစ်ရေးလေ့ကျင့်မှုတွေကိုတော့ - အမြင့်ပိုင်းဒေသတွေမှာ တိုက်ခိုက်ရတာမျိုးကို အဓိက လေ့ကျင့်သွားမယ်လို့လည်း မျှော်လင့်ရပါတယ်။

ရုရှားနဲ့ ရင်းနှီးတဲ့ အိန္ဒိယနိုင်ငံကတော့ - အိန္ဒိယနဲ့ ပါကစ္စတန်တပ်ဖွဲ့တွေကြား နယ်နမိတ်ပိုင်ဆိုင်မှုကြောင့် ထိပ်တိုက်တွေ့လေ့ရှိတတ်တဲ့ ၂ နိုင်ငံကြား Kashmir ဒေသထဲက Gilgit-Baltistan မြောက်ပိုင်းဒေသမှာ စစ်ရေးလေ့ကျင့်မှု တချို့ ပြုလုပ်သွားမှာကို စိုးရိမ်ကြောင်း ရုရှားကို ပြောကြားခဲ့ပါတယ်။

ဒါပေမဲ့လည်း စစ်ရေးလေ့ကျင့်မှုတွေကို နယ်မြေအငြင်းပွားမှုတွေဖြစ်နေ တဲ့ နေရာတွေနဲ့ တော်တော်ဝေးဝေးမှာ ပြုလုပ်မှာဖြစ်တယ်လို့ အိန္ဒိယကို အကြောင်းကြားခဲ့တဲ့ကြောင်း ရုရှားတာဝန်ရှိသူတွေရဲ့ ပြောဆိုချက်တွေကို ကိုးကားပြီး သတင်းတွေမှာ ဖော်ပြပါတယ်။ အခု ပြုလုပ်တဲ့ စစ်ရေးလေ့ကျင့်မှုတွေဟာ ပါကစ္စတန်နဲ့ ရုရှားကြား နွေးထွေးတဲ့ ဆက်ဆံမှုတွေကိုပြသတဲ့ နောက်ထပ် လက္ခဏာတရပ်လည်း ဖြစ်ပါတယ်။

အခုစစ်ရေးလေ့ကျင့်မှုဟာ ၂ နိုင်ငံကြား ကာကွယ်ရေးနဲ့ စစ်ဘက်ဆိုင်ရာ နည်းပညာပိုင်းမှာ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်သွားဖို့ ၂ ဘက်စလုံးမှာ ဆန္ဒရှိနေတယ်ဆိုတာကို ပြသရာရောက်တယ်လို့လည်း ရုရှားနိုင်ငံဆိုင်ရာ ပါကစ္စတန်သံအမတ်ကြီးက ရုရှားသတင်းဌာန TASS ကို ပြောဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG