သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျာမန်ရွက်လှေ မြန်မာကခိုးထုတ်တဲ့ကျွန်းသစ်နဲ့ တည်ဆောက်သလား


ဂျာမနီနိုင်ငံ Nobiskrug သင်္ဘောကျင်းက တည်ဆောက်ခဲ့တဲ့ ပေ 470 ရှည်တဲ့ ဇိမ်ခံရွက်လှေကြီးကို မြန်မာနိုင်ငံကဖြစ်နိုင်တဲ့ တရားမဝင် ကျွန်းသစ်တွေနဲ့ ဆောက်လုပ်ခဲ့တယ်လို့ ဂျာမန်အစိုးရရှေ့နေက ပြောလိုက်ပါတယ်။

၅ နှစ်ကြာအောင်ဆောက်ခဲ့တဲ့ Sailing Yacht A ဇိမ်ခံရွက်လှေကြီးမှာ သုံးထားတဲ့ သစ်တွေကို ကျွမ်းကျင်သူတွေက စစ်ဆေးခဲ့တာမှာ သစ်သားဖွဲ့စည်းပုံနဲ့ လုံးပတ်အနေအထားတွေက တရားဝင်စိုက်ပျိုး ခြံတွေကလာတဲ့ သစ်မျိုး မဟုတ်တာကို တေ့ွရှိခဲ့ကြပါတယ်။ အဲဒီသစ်တွေဟာ မြန်မာ့သစ်တောထဲက ကျွန်းသစ်တွေဖြစ်ပုံရတယ်လို့ ရှေ့နေ Axel Bieler က ဂျာမန်သတင်းဌာန DPA ကိုပြောကြားခဲ့ပါတယ်။

Nobiskrug သင်္ဘောကျင်းက စပိန်ကုမ္ပဏီ Teak Solutions ကသစ်တွေကို ဝယ်ယူအသုံးပြုနေတာ ဖြစ်ပါတယ်။ Teak Solutions ကုမ္ပဏီကတော့ မြန်မာ့သစ်တောလုပ်ငန်း MTE ကသစ်တွေကို ဝယ်ယူတင်သွင်းနေတာပါ။ ရုရှားသူဌေးကြီး တယောက်အတွက် ကမ္ဘာ့အကြီးဆုံး ဇိမ်ခံရွက်လှေကြီးကို တရားမဝင်ကျွန်းသစ်တွေနဲ့ ဆောက်နေတယ်ဆိုတာကို လန်ဒန်အခြေစိုက် သဘာဝပါတ်ဝန်းကျင်ဆိုင်ရာ စုံစမ်းရေးအဖွဲ့ EIA က ၂၀၁၆ အောက်တိုဘာလမှာ စတင်စွပ်စွဲခဲ့တာပါ။

၂ လကြာစုံစမ်းခဲ့ပြီးနောက် Teak Solutions ကုမ္ပဏီအပါအဝင် ဥရောပသစ်လုပ်ငန်း ၉ ခုဟာ သူတို့တင်သွင်းနေတဲ့ သစ်တွေ တရားဝင်ရဲ့လားဆိုတဲ့ ဇစ်မြစ်ကို မသိကျိုးကျွံပြုထားတယ်လို့ EIA အဖွဲ့ကြီးက ပြောကြားခဲ့တဲ့အကြောင်း Deutsche Welle သတင်းထဲမှာ ဖော်ပြထားပါတယ်။ မြန်မာ့သစ်တောလုပ်ငန်း MTE ဟာ သစ်တောပြုန်းတီးမယ့် အန္တရာယ်ရှိနေတဲ့ သစ်တောတွေက ကျွန်းသစ်တွေ တင်သွင်းမှုကြောင့် ဒိန်းမတ်အစိုးရက ဒီနှစ်အစောပိုင်းမှာ အရေးယူဒဏ်ခတ်ပိတ်ဆို့ခဲ့ပါတယ်။

မြန်မာနိုင်ငံကတင်သွင်းတဲ့ သစ်တွေဟာ တရားဝင်ဖြစ်ပြီး EU စည်းမျဉ်း စည်းကမ်းတွေကိုက်ညီတယ်လို့ အဲဒီအချိန်တုန်းက Teak solution ရဲ့ အမှုဆောင်အရာရှိချုပ်က ဂျာမန်သတင်း Der Spiegel ကိုပြောခဲ့ပါတယ်။ ဒေါ်လာသန်း ၄၃၀ ကျော်ကုန်ကျတဲ့ ဇိမ်ခံရွက်လှေကြီးကို ဆောက်တဲ့နေရာမှာ တရားမဝင် ကျွန်းသစ်တွေပါသလားဆိုတာကို Nobiskrug သင်္ဘောကျင်းက သိခဲ့သလားဆိုတာကိုတော့ စုံစမ်းစစ်ဆေးနေဆဲဖြစ်တယ်လို့ ဂျာမန်ရှေ့နေ Axel Bieler ကပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG