သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မောင်တောမှာ နောက်ထပ် မွတ်စလင် ၁ ဦးသတ်ခံရ


 Rohingya village outside Maugndaw in Rakhine state
Rohingya village outside Maugndaw in Rakhine state

ပဋိပက္ခတွေဖြစ်နေတဲ့ ရခိုင်ပြည်နယ် မောင်တောဒေသမှာ မွတ်စလင် အုပ်ချုပ်ရေးတာဝန်ရှိသူတဦး ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း အသတ်ခံလိုက်ရပါတယ်။ ဒါဟာ သတင်းထောက်တွေနဲ့ စကားပြောခဲ့တဲ့ မွတ်စလင်ရွာသားတဦး အသတ်ခံရအပြီး ဒုတိယမြောက် လူသတ်မှုဖြစ်ပါတယ်။

အခုလို အသတ်ခံရမှုတွေကိုကြည့်ရင် မွတ်စလင်အချင်းချင်း သတ်တာဖြစ်နိုင်တယ်လို့ ယူဆကြောင်း ဒေသဆိုင်ရာ ရဲတပ်ဖွဲ့ တာဝန်ရှိသူတွေဘက်ကပြောပါတယ်။

အသေးစိတ်ကိုတော့ မအင်ကြင်းနိုင်က ဆက်ပြီးပြောပြမှာပါ။

မောင်တောမြို့နယ် ရေတွင်းကျွန်းကျေးရွာက အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူတဦးဖြစ်တဲ့ အသက် (၂၈)နှစ်အရွယ် ရော်ဖီဆိုသူကို ဒီဇင်ဘာလ (၂၄)ရက်နေ့ ညနေပိုင်းမှာ နေအိမ်ကနေ ဗလီတက်ဖို့သွားတဲ့အချိန်မှာ အသတ်ခံခဲ့ရတယ်လို့ မြန်မာအစိုးရဘက်က မနေ့ ဒီဇင်ဘာလ (၂၆) ရက်နေ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဒါအပြင် သေဆုံးသူဟာ ကျေးရွာအုပ်ချုပ်ရေးတာဝန်ရှိ သူတဦးအနေနဲ့နယ်မြေ ရှင်းလင်းရေးဆောင်ရွက်တဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ တက်တက်ကြွကြွ ပူးပေါင်းဆောင်ရွက်ခဲ့သူ တဦးဖြစ်တယ်လို့ဆိုပါတယ်။

ဒီအသတ်ခံရမှုမှာ မွတ်စလင်အချင်းချင်း အစိုးရကို သတင်းပေးသူတဦးဆိုပြီး အကြမ်းဖက်သူတွေ ဘက်က သတ်တာဖြစ်နိုင်တယ်လို့ ယူဆကြောင်း မောင်တောမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ကျော်မြဝင်းက ပြောပါတယ်။

“ရေတွင်းကျွန်းမှာ အဲဒီလို ဘင်္ဂါလီတယောက် အသတ်ခံရတယ်လို့ ကြားတယ်။ သူတို့ အချင်းချင်းပေါ့နော်။ အထူးသဖြင့် ဖြစ်စဉ် ဖြစ်ပွားပြီးနောက်မှာ နယ်မြေငြိမ်းချမ်းအောင် ထိန်းတယ်။ အဲဒီထဲမှာ တာဝန်ရှိတဲ့အုပ်ချုပ်ရေး အာဏာပိုင်တွေက သတင်းကို မရယူနိုင်အောင် သတင်းပေးနိုင်သူတွေကို သူတို့ဘက်က မွတ်စလင်တွေဘက်က အစွန်းရောက်တွေပေါ့၊ ငါတို့ဘာသာကနေပြီးတော့ အုပ်ချုပ်ရေးအာဏာပိုင်တွေဘက် ပါတယ်ဆိုပြီး အဲဒီလို အယူအဆတွေကြောင့် အခုလို အသတ်ခံရမှုတွေ မကြာမကြာဖြစ်နေတယ်လို့ ကျနော်တို့ ယူဆပါတယ်ခင်ဗျ။”

အသတ်ခံရသူ ရော်ဖီရဲ့ ဝမ်းဗိုက်မှာ ဓါးထိုးဒဏ်ရာ အပြင် လည်ပင်းမှာလည်း ဓါးထိုးပြီး လှီးဖြတ်ဒဏ်ရာတွေကို တွေ့ရှိရကြောင်းနဲ့ လူသတ်မှုကို လုံခြုံရေးတာဝန်ရှိသူတွေဘက်က စုံစမ်းစစ်ဆေးနေတယ်လို့ အစိုးရသတင်းမှာ ဖေါ်ပြထားပါတယ်။

မောင်တောဒေသမှာ လုံခြုံရေးတပ်တွေ တင်းတင်းကြပ်ကြပ် စောင့်ကြည့်နေပေမဲ့ မွတ်စလင်ကျေးရွာတွေမှာ ဘယ်သူက အကြမ်းဖက်သမားလဲ ဆိုတာ သိဖို့ ခက်ခဲသလို၊ အစိုးရတပ်တွေ၊ တာဝန်ရှိသူတွေနဲ့ ဒေသခံရွာသားတွေ ပူးပေါင်းဆောင်ရွက်လို့မရအောင် အကြမ်းဖက်သမားတွေဘက်က ကြိုတင်ရှင်းလင်းတဲ့ သဘောဖြစ်တယ်လို့လည်း ရဲမှူးကြီး ကျော်မြဝင်းကပြောပါတယ်။

“လုံခြုံရေးတွေ ရှိနေပေမယ်လို့ အခုလက်ရှိ မောင်တောနယ်မှာ ဘင်္ဂါလီတွေ လူဦးရေတိုးပွားမှုများတယ်။ ပညာတတ်တာ နည်းပါးပြီးတော့ ဘာသာရေးအယူအဆမှိုင်းတွေ မိတယ်။ အဲဒါကြောင့် ဒီလိုဖြစ်ရပ်တွေ ပေါ်ပေါက်လာတယ်လို့ ယူဆပါတယ်။ နောက်ပြီးတော့ အကြမ်းဖက်ဆိုတဲ့ အသုံးအနှုန်းမှာ ဘယ်သူက အကြမ်းဖက်၊ ဘယ်သူက အေးအေးဆေးဆေးနေတဲ့ ပြည်သူဆိုတာ ခွဲခြားရခက်ပါတယ်။ အုပ်ချုပ်ရေးအာဏာပိုင်တွေ သတင်းရရှိနိုင်ဖို့ အတက်အလက်တွေကို ကြိုတင်ရှင်းလင်းတဲ့ သဘောမျိုးလို့ ကျနော်ယူဆပါတယ်။”

အောက်တိုဘာလ (၉)ရက်နေ့က မောင်တော နယ်ခြားစောင့်ရဲစခန်း (၃)နေရာကို အကြမ်းဖက်သမားတွေက ဝင်ရောက်တိုက်ခိုက်ခဲ့ ပြီးနောက်မှာ အဲဒီဒေသမှာ မြန်မာလုံခြုံရေးတပ်တွေက နယ်မြေရှင်းလင်းရေးဆောင်ရွက်နေတာဖြစ်ပါတယ်။ နောက်ထပ် အကြမ်းဖက်တိုက်ခိုက်မှုတွေဆက်ပြီး ရှိနေချိန်မှာပဲ ဒီအကြမ်းဖက်မှုတွေမှာ ပြည်ပမှာ တိုက်ခိုက်ရေးသင်တန်းတက်ထားတဲ့ ရိုဟင်ဂျာတိုက်ခိုက်ရေးသမားတွေ ဦးဆောင်ပါဝင်နေတယ်ဆိုပြီး ရခိုင်ပြည်နယ်ထဲက မွတ်စလင် သူပုန်ထမှုဆိုတဲ့ ခေါင်းစဉ်နဲ့ ထုတ်ပြန်ထားတဲ့ နိုင်ငံတကာပဋိပက္ခလေ့လာ စောင့်ကြည့်ရေးအဖွဲ့ ICG ရဲ့အစီရင်ခံစာက သတိပေးရေးသားထားပါတယ်။

ဆော်ဒီအာရေဗျမှာ အခြေစိုက်တဲ့ ရိုဟင်ဂျာကော်မတီတခုက ဦးဆောင်တဲ့ Harakah al-Yaqin လို့ဆိုတဲ့ သောင်းကျန်းသူအဖွဲ့ကနေ ခေတ်သစ်ပျောက်ကျားတိုက်ခိုက်ရေးနည်းစနစ်တွေ၊ အတွေ့အကြုံရှိပြီး နိုင်ငံတကာက သင်တန်းတွေ၊ ရယူထားတဲ့ ရိုဟင်ဂျာတွေကို တိုက်ခိုက်ဖို့အမိန့်ပေးကြီးကြပ်ခဲ့တာဖြစ်တယ်လို့ ICG ရဲ့အစီရင်ခံစာမှာဖော်ပြထားပါတယ်။

တဖက်မှာလည်း နယ်မြေရှင်းလင်းရေးလုပ်စဉ်မှာ လုံခြုံရေးတပ်တွေဘက်က လူ့အခွင့်အရေးချိုးဖောက်မှုတွေရှိခဲ့တယ်လို့ နိုင်ငံတကာအဖွဲ့အစည်းတွေက ဝေဖန်ထောက်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG