သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဥရောပနိုင်ငံတချို့ လုံခြုံရေးတိုးမြှင့်


ဂျာမနီနိုင်ငံ ဘာလင်မြို့တော်ထဲက ခရစ္စမတ်ဈေးပွဲတော်တခုထဲကို လော်ရီကားနဲ့ အတင်းဝင်တိုက်မှုဟာ အကြမ်းဖက် တိုက်ခိုက်ခံရမှုဖြစ်ပြီးတဲ့နောက် ဂျာမနီနိုင်ငံ အပါအဝင် ဥရောပနိုင်ငံတွေမှာ လုံခြုံရေးတွေ တိုးမြှင့်ထားပါတယ်။

အခုလိုအချိန်မျိုးမှာ ခရစ္စမတ်ပွဲကို အထူးအလေးထားပြီး တခမ်းတနား ကျင်းပကြတဲ့ ဥရောပတိုက်သားတွေကတော့ ခုလိုအကြမ်းဖက် တိုက်ခိုက်မှုကြောင့် ထိတ်လန့်ကြောက်ရွံ့နေမှာ မဟုတ်ဘူးလို့ ပြောနေကြပါတယ်။ ဘာလင်မြို့ တိုက်ခိုက်ခံရမှုဖြစ်ပြီး နောက်ဆက်တွဲ လုံခြုံရေး အခြေအနေကို မစုမြတ်မွန်က တင်ပြထားပါတယ်။

တနင်္လာနေ့ညပိုင်းက လူပေါင်း ၁၂ ယောက် သေဆုံးခဲ့ရတဲ့ ဘာလင်မြို့က ခရစ္စမတ်ဈေးပွဲတော် ဈေးတန်းတိုက်ခိုက်ခံရမှုဟာ အကြမ်းဖက်တိုက်ခိုက်မှုအဖြစ် ယူဆနိုင်တယ်လို့ ဂျာမနီဝန်ကြီးချုပ် Angela Merkel က ပြောကြားခဲ့ပါတယ်။ ခရစ္စမတ်ကာလ ပျော်ပျော်ပါးပါးနဲ့ လက်ဆောင်တွေ ဝယ်ကြ အပြင်ထွက် စားသောက်ကြတဲ့ အချိန်မျိုးမှာ တိုက်ခိုက်မှုဖြစ်ခဲ့တဲ့အတွက် လူတွေ အတော်လေး ထိတ်လန့်သွားခဲ့ကြတယ်လို့ ဘာလင်မြို့မှာ နေထိုင်တဲ့ ဘာလင် Humboldt တက္ကသိုလ် ကထိကဟောင်း ဦးခင်မောင်စောက ပြောပြပါတယ်။

“ကျီးလန့်စာစားတော့ နည်းနည်းဖြစ်နေကြတာပေ့ါလေ လူတွေ။ ဒီနေ့ဆိုရင်လည်း လုံခြုံရေးတွေ အရမ်း ချထားတယ်။ နောက်ပြီးတော့ ဘာလင်တွေမှာ ခရစ္စမတ်ဈေးတွေ အကုန်ပိတ်ထားတယ်။ ဝမ်းနည်းခြင်း အထိမ်းအမှတ်နဲ့။ နောက်ဖြစ်တဲ့နေရာမှာ သူတို့သွားပြီးတော့ ဖယောင်းတိုင်တွေထွန်းမယ်၊ ပန်းခွေတွေချမယ်။ ခုနလေးတင်ပဲ သူတို့ ဆုတောင်းပွဲလည်းလုပ်တယ် အဲဒီနားမှာရှိတဲ့ ဘုရားကျောင်းထဲမှာ။ အဲတော့ သူတို့ ခရစ်ယာန်ဘာသာ ဂိုဏ်းပေါင်းစုံတင်မကဘူး၊ မူဆလင်တွေရော၊ ဂျူးဘာသာဝင် ဘာသာရေးခေါင်းဆောင်တွေရော ခေါ်ဖိတ်ပြီးတော့ သူတို့ ဆုတောင်းပွဲလုပ်တယ်လေ။”

လော်ရီကားနဲ့ ဈေးဆိုင်တန်းတွေကို အတင်းဝင်တိုက်ခဲ့တဲ့ တိုက်ခိုက်မှုဟာ သူတို့လက်ချက်ဖြစ်တယ်လို့ IS စစ်သွေးကြွအဖွဲ့ကဆိုပါတယ်။ တိုက်ခိုက်မှုဖြစ်ပြီး ဖမ်းဆီးခဲ့တဲ့ မသင်္ကာသူကို အထောက်အထား မလုံလောက်တဲ့အတွက် ရဲက ပြန်လွှတ်ပေးခဲ့ပါတယ်။ ဒီလိုအခြေအနေတွေကြောင့် လူတွေဟာ ထိတ်လန့်နေကြပေမဲ့ အသွားအလာမပျက်ဘူးလို့ တိုက်ခိုက်ခံရတဲ့ ခရစ္စမတ်ဈေးဆိုင်တွေဆီကို ပြီးခဲ့တဲ့သီတင်းပါတ်ကပဲ ရောက်ခဲ့တဲ့ ဘာလင်မှာနေသူ မနီလာသော်ကပြောပါတယ်။

“ကျနော့်အမြင်ကတော့ ပုံမှန်ပဲ သွားလာနေကြတာ။ စိုးရိမ်စိတ်တွေကတော့ ရှိကြတယ်။ ကျနော်ကိုယ်တိုင်လည်းပဲ ရှိတယ်။ ဒါမျိုးတခုကတော့ ထပ်ဖြစ်နိုင်ဦးမယ်လို့တော့ တွက်ပါတယ်။ အဲဒါကြောင့် စိုးရိမ်တာပါ။ လူစုလူဝေးနဲ့ သွားဖို့လာဖို့တွေ ကြောက်သွားတာပေ့ါ။ အဲဒီဈေးက ကျနော်တို့အိမ်နဲ့ သိပ်မဝေးဘူး။ ပြီးခဲ့တဲ့အပတ်က ဟန်ဂေရီမှာ ကျောင်းတက်နေတဲ့ ဗမာကျောင်းသားတွေ လာလည်ကြလို့ ကျနော်ကိုယ်တိုင်လည်း အဲဒီဈေးကို လိုက်ပို့ဖူးသေးတယ်။”

ဘာလင်မြို့တော်မှာ တနင်္လာနေ့က တိုက်ခိုက်ခံရတဲ့အတွက် ဂျာမနီနိုင်ငံထဲက တခြားမြို့တွေမှာလည်း လုံခြုံရေးတွေကို တင်းကြပ်ထားပါတယ်။ လူစည်ကားတဲ့နေရာတွေဆီ သတိထားသွားလာကြဖို့လည်း အစိုးရက နှိုးဆော်နေတယ်လို့ Frankfurt မြို့မှာနေထိုင်တဲ့ ကိုဖြိုးကပြောပြပါတယ်။

“လမ်းဆုံလမ်းခွတိုင်းမှာလည်း အင်အား တော်တော်တိုးပြီးတော့ ရဲကားတွေ နှစ်စီးနှစ်စီးလောက် ချထားတယ်။ ညဘက် အခု ခရစ္စမတ်ဈေးတန်းတွေ ဘာတွေဆိုရင်တော့ လူနည်းနည်း ကျဲတယ်ဗျ။ အရင်နေ့တွေက တော်တော်များတယ်။ ကျနော်တို့လည်း ဒီနေ့ ဖြတ်လာတာ၊ ဈေးတန်းကပဲ။ တော်တော်ကျဲတယ်၊ တော်တော်ကြီးကို ကျဲပါတယ် လူမရှိသလောက်ပဲ။ တခြားမြို့တွေတော့ မသိဘူးပေါ့။ Frankfurt ကတော့ လူ တော်တော်ကျဲသွားတယ်ခင်ဗျ။ လူ အရမ်းစည်ကားတဲ့ နေရာတို့ ဘာတို့ပေါ့လေ အသွားအလာ အနေအထိုင် ပြီးတော့ ဘေးပတ်ဝန်းကျင်ကို ဂရုစိုက်ဖို့ ဘာဖို့ ရေဒီယိုကနေတော့ ကြေညာထားတယ်ဗျ သူတို့။ အဓိကကတော့ လူများတဲ့နေရာတွေပေါ့။ အဲ့လိုမျိုး နှိုးဆော်ထားတယ်ခင်ဗျ။ အစစအရာရာ သတိရှိကြဖို့ကို။”

ခရစ္စမတ်ကာလ ဥရောပနိုင်ငံတွေမှာ အကြမ်းဖက်တိုက်ခိုက်မှုတွေဖြစ်နိုင်တဲ့အတွက် သတိထားသွားလာကြဖို့အတွက် အမေရိကန် နိုင်ငံခြားရေးဌာနကလည်း ခရီးသွားနှိုးဆော်ချက်ကို ထုတ်ပြန်ထားပါတယ်။ တနင်္လာနေ့က ဂျာမနီမှာ တိုက်ခိုက်ခံရတဲ့ ပုံစံမျိုး လူအုပ်ကြီးထဲကို လော်ရီကားကြီးနဲ့အတင်းဝင်တိုက်မှုဟာ ပြင်သစ်နိုင်ငံတောင်ပိုင်း Nice မြို့မှာ July ကပဲဖြစ်ပွားခဲ့ပါသေးတယ်။ အကြမ်းဖက်တိုက်ခိုက်ခံရမှုတွေ မကြာခဏဖြစ်နေတဲ့ ပြင်သစ်နိုင်ငံမှာ အခုဆို လုံခြုံရေးကို ပိုပြီး တင်းကြပ်ထားပါတယ်။ ပါရီမြို့တော်မှာနေတဲ့ မစောသူဇာကတော့ တခြားဥရောပတိုက်သားတွေလိုပဲ ပါရီမြို့သူ မြို့သားတွေအနေနဲ့ အကြမ်းဖက်သမားတွေ ဖြစ်စေချင်သလို ကြောက်သွားမှာတော့ မဟုတ်ဘူးလို့ ဆိုပါတယ်။

“ကြောက်သွားလားဆိုတော့ ကြောက်သွားတဲ့စိတ်ကတော့ လုံး၀ မရှိပါဘူးခင်ဗျ။ နှစ်တိုင်းလိုပဲ ကျမတို့ ပဲရစ်မြို့ခလယ်ခေါင်မှာရှိတဲ့ လမ်းမကြီးပေါ့နော် အဲဒီမှာ ပြင်သစ်နိုင်ငံရဲ့ အလှဆုံး လမ်းမဆိုပြီး အမြဲတမ်း ခရစ္စမတ်ပွဲတော် ကျင်းပတယ်လေ။ အဲဒီကို ကျမ နှစ်တိုင်း ကလေးတွေနဲ့ အမြဲသွားပြီး ပျော်ပျော်ရွှင်ရွှင် ကစားကြ၊ စားကြ၊ သောက်ကြ၊ လမ်းလျှောက်ကြပေါ့နော် လုပ်နေကြပါ။ မနက်ဖြန်သွားဖို့ရာ ရည်ရွယ်ထားပါတယ်။ သွားဖို့ ဆုံးဖြတ်ပြီးပြီ အဲဒါ။ ထုံးစံအတိုင်းပဲပေါ့နော် သွားကြမယ်၊ ကလေးတွေနဲ့ ပျော်ပျော်ရွှင်ရွှင်။ သူတို့ကို ကြောက်သွားလို့ဆိုပြီး အပြင်မထွက်တာတို့ ဘာတို့ မရှိသွားပါဘူး။ မဟုတ်လို့ရှိရင် ဒီကမ္ဘာကြီးက အကြမ်းဖက်တွေလက်ထဲ ရောက်သွားတော့မှာလေ ကျမတို့ ကြောက်နေလို့ရှိရင်။”

မြေထဲပင်လယ်ကို ဖြတ်လာကြတဲ့ ဆီးရီးယားစစ်ပြေးဒုက္ခသည်တွေအပါအဝင် ဒုက္ခသည်တွေနဲ့ နိုင်ငံပြောင်းအခြေချသူတွေ သိန်းနဲ့ချီကို ဂျာမနီနိုင်ငံက လက်ခံထားပါတယ်။ အဲဒီလို အမြောက်အများကို လက်ခံထားတဲ့အပေါ် မကျေနပ်ကြသူတွေက ဝန်ကြီးချုပ် Angela Merkel အစိုးရကို အရင်ထဲက ဝေဖန်နေကြတာပါ။ အခုလို ၁၂ ယောက်သေဆုံးပြီး ၄၉ ယောက်ဒဏ်ရာရခဲ့တဲ့ တိုက်ခိုက်မှုကြောင့် အစိုးရအတွက်ထိခိုက်စရာဖြစ်တယ်လို့ ဘာလင် Humboldt တက္ကသိုလ်ကထိကဟောင်း ဦးခင်မောင်စောက သုံးသပ်ပါတယ်။

“အစိုးရကိုယ်တိုင်ကလည်း ခုနလေးကတင်ပဲ သူတို့ တီဗွီကနေ ပြောသွားတာပဲ။ ဘာမှ သူတို့ သတင်းမရသေးခင် အကုန်လုံး ပုံမချပါနဲ့ ဘာမချပါနဲ့ ပြောနေရတယ်။ ဆိုလိုတာက ဒီမှာလည်း immigrant တွေကို ဆန့်ကျင်တဲ့ ပါတီတွေရှိတယ်။ အဲဒီပါတီတွေက ချက်ခြင်း ထ အော်ပြီပေ့ါ။ ဒါ မနှစ်ကတုန်းက ဂျာမန်ဝန်ကြီးချုပ် Angela Merkel မဆင်မခြင် လူ ၁ သန်းလောက် သွင်းလာတဲ့ ကိစ္စကြောင့် ဖြစ်တယ်ပေါ့။ အဲဒါကြောင့်ဖြစ်ရတယ်ဆိုပြီး ပါတီတခုကတော့ ထ အော်တယ်။ အော်တော့ တခြားပါတီ ဥပမာ Green ပါတီတို့က ဒါမျိုးတွေ အရမ်း မလုပ်ကြပါနဲ့လို့ ဘာမှ မသေချာဘဲနဲ့ မပြောပါနဲ့ဦး။ အဲဒါမျိုး သူတို့ လူတွေကို ဖြောင်းဖြနေရတဲ့သဘောမျိုး ရှိတာပေ့ါ။ လူတွေ တော်တော်များများ စိတ်ထဲမှာတော့ တော်တော်လေး မကောင်းဖြစ်တယ်။ အထူးသဖြင့် ဂျာမနီမှာ ခရစ္စမတ်ပွဲဆိုတာက သူတို့အတွက် အင်မတန် အထွတ်အမြတ်ထားတဲ့ပွဲကိုး။ အဲ့လိုပွဲမျိုးမှာမှ သူတို့လုပ်တယ်ဆိုတာ သူတို့စိတ်ထဲမှာ မကောင်းဖြစ်တယ်။ ဘာအကျိုးသက်ရောက်မှုဖြစ်မလဲဆိုပြီး တခုကတော့ ကျိန်းသေတာရှိတယ်။ အခုလက်ရှိ အုပ်စုနေတဲ့ ပါတီဟာ နောက်တခါ ရွေးကောက်ပွဲကျရင်တော့ အရင်တခေါက် ရသလောက် မဲတွေတော့ ဒီတခေါက်ရမှာမဟုတ်ဘူး။ မဲတွေ တေ်ာတော်မျာများ ဆုံးရှုံးကုန်လိမ့်မယ်။”

အကြမ်းဖက်ဝါဒီတွေရဲ့ လက်ချက်ဖြစ်ပုံရတဲ့တိုက်ခိုက်မှုကြောင့် ဥရောပတခြားမြို့တွေက ခရစ္စမတ်ပွဲတော်တွေ၊ ဈေးပွဲတော်တွေနဲ့ အထင်ကရနေရာတွေမှာလည်း လုံခြုံရေးတင်းကြပ်တဲ့ အစီအစဉ်တွေ လုပ်နေကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG