သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဝ နဲ့ မိုင်းလား တို့ ကာချုပ်နဲ့ တွေ့ဆုံမှု


ဝ နဲ့ မိုင်းလား တို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် နဲ့ တွေ့ဆုံ။ သတင်းဓာတ်ပုံ-Senior General Min Aung Hlaing
ဝ နဲ့ မိုင်းလား တို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် နဲ့ တွေ့ဆုံ။ သတင်းဓာတ်ပုံ-Senior General Min Aung Hlaing

လက်ရှိ ဒီမိုကရေစီလမ်းကြောင်းပေါ်မှာ လျှောက်လှမ်းနေတဲ့ မြန်မာနိုင်ငံမှာ တိုင်းပြည် တိုးတက်ဖို့အတွက် တဦးနဲ့တဦး နားလည်မှုရှိရှိ စိတ်တူကိုယ်တူ ညီအကို လုပ်ဖေါ်ကိုင်ဖက်တွေအဖြစ် လက်တွဲလုပ်ဆောင်ဖို့ လိုအပ်ကြောင်း နေပြည်တော် ကို ရောက်ရှိနေတဲ့ UWSA “ဝ”အဖွဲ့နှင့် NDAA (မိုင်းလား) တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ မနေ့က နေပြည်တော် တွေ့ဆုံပွဲမှာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့ပါတယ်။

ဒါပေမဲ့ ငြိမ်းချမ်းရေးယူမယ့်နေရာမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဘက်က လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်ရမယ်ဆိုတဲ့ မူအပေါ်မှာ တပ်မတော်ဘက်က ဆက်လက် ဆုပ်ကိုင်ထားဆဲဖြစ်တာကြောင့် ၂၁ ပင်လုံညီလာခံကြီးဖြစ်ဖို့ တဘက်နဲ့ တဘက် အပြန်အလှန် ဘယ်လောက်အထိ လိုက်လျောနိုင်မယ် ဆိုတာ ကို စောင့်ကြည့်ရမှာဖြစ်တယ်လို့ စစ်ဖက်ပိုင်းဆိုင်ရာ ကျွမ်းကျင်သူ တဦးက ပြောပါတယ်။ မအင်ကြင်းနိုင်က အပြည့်အစုံကိုတင်ဆက်မှာပါ။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ တပ်မတော်ရဲ့ရပ်တည်ချက်နဲ့ ပတ်သက် လို့ ပြောကြားရာမှာ တိုင်းပြည်အေး ချမ်းဖွံဖြိုးတိုးတက်ရေး အတွက် နိုင်ငံသားတွေဖြစ် တဲ့ တပ်မတော်သားတွေရော၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေမှာပါ တာဝန်ရှိကြောင်းနဲ့ တပ်မတော်ဟာ အမှန်တကယ်ငြိမ်းချမ်းရေးရရှိလိုစိတ်နဲ့ ဆောင်ရွက်နေကြောင်း မနေ့က တွေ့ဆုံပွဲမှာ ပြောသွားတာပါ။

ဒါပေမဲ့ စစ်တပ်ရဲ့မူဝါဒ ဖြစ်တဲ့ လက်နက်ကိုင်ပြီး ဒီမိုကရေစီတောင်းလို့မရဘူးဆိုတဲ့ အပေါ်မှာ အခြေခံပြော တာဖြစ်ကြောင်း စစ်ဖက်အရာရှိဟောင်း ဗိုလ်မှူးဟောင်း ဦးအောင်လင်းထွဋ်က ပြောပါတယ်။

"အဓိက ကတော့ တပ်မတော်ဘက်ကတော့ ကျနော်သိသလောက်ပေါ့လေ။ ဒီလက်နက်ကိစ္စပါပဲ။ ဒီလက်နက်ကိုင်လမ်းစဉ်ဆိုတဲ့ကိစ္စကို စွန့်ရမယ်ဆိုတာ အစဉ်အဆက်ကျနော်တို့ တောင်းခဲ့တာရှိပါတယ်။ ဒါကတော့ ကျနော်တို့ မူအရကတော့ လက်နက်ကိုင်ပြီးတော့ ဒီမိုကရေစီတောင်းလို့မရဘူးဆိုတဲ့ အခြေခံမူအပေါ် ထားတာဖြစ်ပါတယ်။ အခုဟာက ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ အစိုးရဘက်ပိုင်းကတော့ ကျန်တဲ့ပြည်မတွေ ကျန်တဲ့ နိုင်ငံရေးကိစ္စတွေပေါ့လေ။ ဒါတွေအပေါ်မှာ ဘယ်လောက်အထိ ခွင့်ပြုမယ် ခွင့်မပြုဘူး ဆိုတာကတော့ ရှေ့လျောက် ကျနော်တို့က ဆက်ကြည့်ရမယ့် အနေအထားမျိုးရှိတယ်လို့ ကျနော်မြင်ပါတယ်။ "

အခု UWSA “ဝ”အဖွဲ့နဲ့ NDAA (မိုင်းလား) တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ခေါင်းဆောင်တွေက နေပြည်တော်ကိုလာရောက်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ကို သီးခြားစီ တွေ့ဆုံပြီး ၂၁ ပင်လုံညီလာခံ တက်ရောက်ဖို့ကိစ္စဆွေးနွေးခဲ့ကြတာနဲ့ ပတ်သက်လို့ ဦးအောင်လင်းထွဋ်က သူရဲ့အမြင်ကို အခုလိုပြောပါတယ်။

"အခု ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့တဲ့အခါမှာရော ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့တွေ့တဲ့အခါမှာရော ကျနော်ထင်တယ် ဘာမှ ထူးထူးထွေထွေ ပြဿနာမရှိဘူး။ ဒီဒုတိယပင်လုံညီလာခံကိုလည်း သူတို့တက်ဖို့ စိတ်ဝင်စားမှာပဲ။ အရင်တုန်းကလည်း အမျိုးသားညီလာခံတုန်းက ဒီအဖွဲ့တွေ တက်ခဲ့တဲ့ အနေအထားမျိုးတွေရှိပါတယ်။ သူတို့ကတော့ ညီလာခံတက်ဖို့ကိစ္စမှာ ကျန်တဲ့တိုင်းရင်းသားအဖွဲ့အစည်းတွေလို ဘာမှ ပြဿနာလုပ်မယ့် အနေအထားတော့ မရှိဘူး။ သူတို့တက်မှာပဲ။ ဒါပေမဲ့ နောက်ပိုင်းပေါ့လေ ဒီညီလာခံကနေပြီးတော့မှ ညှိနှိုင်းပြီးတော့ ဆွေးနွေးတဲ့ အခြေအနေမျိုး အချိန်အခါကျရင်သာ တဖက်နဲ့တဖက် ဘယ်လောက်အထိ လိုက်လျောနိုင်မလဲ ဆိုတာကတော့ ကျနော်တို့က စောင့်ကြည့်ရမယ်။"

၁၉၈၈ခုနှစ် ရှစ်လေးလုံးအရေးတော်ပုံကြီးဖြစ်ပြီးနောက် တက်လာတဲ့ အာဏာသိမ်း စစ်ခေါင်းဆောင် အဆက်ဆက်နဲ့ အရှေ့မြောက်ပိုင်း တရုတ်-မြန်မာ နယ်စပ် အခြေစိုက် UWSA “ဝ”အဖွဲ့နှင့် NDAA (မိုင်းလား) တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေဟာ ဆက်ဆံရေးအဆင်ပြေခဲ့သလို “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအထိ သတ်မှတ်ပေးခဲ့တာပါ။

ဒါကြောင့် သူတို့အဖွဲ့တွေနဲ့ပတ်သက်လို့ ထူးခြားချက်အနေနဲ့ တရုတ်နိုင်ငံရဲ့ ပါဝင်ပတ်သက်မှုဟာ အရေးပါကြောင်း ဦးအောင်လင်းထွဋ်ကပြောပါတယ်။

" ကျနော်တို့ ဒီ ဝရော ကိုးကန့်ရောက အားလုံးက တရုတ်အနွယ်တွေပဲ ပြောရမှာပါ။ သူတို့အားလုံး တရုတ်စကားပဲပြောကြတယ်။ တရုတ်ရဲ့ ကျောထောက်နောက်ခံ ရှိကြတယ်။ ကျနော်တို့ အခုပါလာတဲ့ သူတွေထဲ ကျနော်တို့သိသလောက်ပေါ့လေ တချိန်က မြန်မာပြည်ကွန်မြူနစ်ပါတီထဲကို တရုတ်ထောက်လှမ်းရေးကနေပြီးတော့ လွှတ်တဲ့ပုဂ္ဂိုလ်လို့ ကျနော်တို့ အကြမ်းဖျင်းသိရပါတယ်။ ဘာပဲဖြစ်ဖြစ်ပေါ့လေ တရုတ်နဲ့ နီးစပ်တယ်လို့ပဲ ပြောရမှာပေါ့။ တရုတ်ရဲ့ ထောက်ပံ့မှု တရုတ်ရဲ့ ထောက်ခံမှု အပြည့်အဝ ရရှိထားတဲ့ အဖွဲ့ဖြစ်ပါတယ်။ အခုကျနော်တို့ နိုင်ငံရေး အပိုင်းပေါ့လေ တရုတ်ပြည်နဲ့ မြန်မာပြည်နဲ့ ရန်သူ ရန်ဘက်ဖြစ်လို့မရတဲ့ အနေအထားမျိုး ရှိပါတယ်။ နိုင်ငံရေးအရရော စီးပွားရေးအရရော ငြိမ်းချမ်းရေးကိစ္စတွေမှာ တဘက် တရုတ်နဲ့ မြန်မာနိုင်ငံအစိုးရနဲ့ တပ်မတော်နဲ့ အဆင်ပြေနေသမျှတော့ ဒီဝတို့ မိုင်းလားတို့ ဒေသတွေမှာ ပြဿနာ အထူးအထွေမရှိတဲ့အနေအထားမျိုးတွေမရှိဘူး။"

ဒီအဖွဲ့တွေဟာ ကျန်တဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ မတူတဲ့အချက်က တန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်း ခွင့် ဆိုတာမျိုးတောင်းဆိုထားခြင်းမရှိပဲ တရုတ်နိုင်ငံက ပြည်နယ်တွေ အတိုင်း ကိုယ်ပိုင်အုပ်ချုပ်ခွင်ကိုတော့ လိုလားကြောင်းတွေ့ရတယ်လို့ ဦးအောင်လင်းထွဋ်ကပြောပါတယ်။

နေပြည်တော်ကိုရောက်ရှိနေတဲ့ UWSA “ဝ”အဖွဲ့နှင့် NDAA (မိုင်းလား) တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဟာ ဒီကနေ့မှာ ဒေါက်တာတင်မျိုးဝင်း ဦးဆောင်တဲ့ မြန်မာငြိမ်းချမ်းရေးအဖွဲ့နဲ့တွေ့ဆုံဆွေးနွေးဖို့ရှိပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG