သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှမ်းတိုက်ပွဲ NCA စောင့်ကြည့်ရေးအဖွဲ့စုံစမ်းမှု ပြီးစီး


JMC-U အဖွ့ဲဝင်များ ဒေသခံတိုင်းရင်းသားများနှင့်တွေ့ဆုံ ( အောက်တိုဘာလ ၃၁ ရက်နေ့ ၂၀၁၆)
JMC-U အဖွ့ဲဝင်များ ဒေသခံတိုင်းရင်းသားများနှင့်တွေ့ဆုံ ( အောက်တိုဘာလ ၃၁ ရက်နေ့ ၂၀၁၆)

အပစ်ရပ် လက်နက်ကိုင် အဖွဲ့တွေနဲ့ တပ်မတော်ကြား တိုက်ပွဲတွေကို နောက်ပိုင်းမှာ ရှောင်လွှဲနိုင်ဖို့ ရည်ရွယ်ပြီး ပြည်ထောင်စု အဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ပူးတွဲစောင့်ကြည့်ရေး ကော်မတီက ရှမ်းပြည်နယ်တွင်းမှာ ကွင်းဆင်းပြီး အချက်အလက် ရှာဖွေစုဆောင်းခဲ့ပါတယ်။ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တဲ့ ဒေသတွင်းက လူထုနဲ့ တွေ့ဆုံမေးမြန်းခဲ့တာတွေကို အခုတော့ ပြန်လည် စိစစ်နေပြီး ဒီလအတွင်းမှာဘဲ တိုက်ပွဲတွေ ဖြစ်ရတဲ့ အကြောင်းရင်းကို ပြည်သူကို တင်ပြနိုင်ဖို့လည်း မျှော်လင့်ထားတာပါ။ မသိင်္ဂ ီထိုက် ဆက်သွယ်မေးမြန်းထားပါတယ်။

ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC-U က မြန်မာ့ တပ်မတော်နဲ့ အပစ်ရပ် ရှမ်းပြည်တောင်ပိုင်း လက်နက်ကိုင် တပ်တို့ကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေရဲ့ အကြောင်းရင်းကို သတင်းတပတ်ကျော်ကြာ ကွင်းဆင်း အချက်အလက် ကောက်ယူခဲ့တာပါ။ အခုတော့ ကောက်ယူရရှိခဲ့တဲ့ အချက်အလက်တွေကို ပြန်လည်စိစစ်ပြီး အစီရင်ခံစာ ထုတ်ပြန်မယ်လို့ JMC – U အဖွဲ့က ဒေါက်တာ မင်းဇော်ဦးက ပြောပါတယ်။

“အဓိကတော့ကျနော်တို့က ဒီဖြစ်စဉ်မှာပါတဲ့သူတွေပေါ့နော် ၂ ဘက်လုံးက ပါတဲ့သူတွေ ၊ ပြည်သူလူထုအရပ်သားတွေ၊ နောက်ပြီးတော့ ရပ်မိရပ်ဖ ရွာလူကြီးတွေစသဖြင့်ပေါ့နော်၊ သူတို့တွေကိုမေးမြန်းခဲ့တာတွေရှိပါတယ်။ နောက်ပြီးတော့ အဲဒီဖြစ်စဉ်ဖြစ်တဲ့ဒေသတွေမှာလည်း JMC ဆိုတာဘာလဲ၊ JMC ဘာလုပ်သလဲ၊ NCA ဆိုတာဘာလဲ၊ NCA အနေနဲ့ လူထုကို အကာအကွယ်ပေးထားသလဲ ဆိုတဲ့အချက်တွေလည်း လူထုကို ရှင်းပြခဲ့ပါတယ်။ အဓိကတော့ ဒီလိုမျိုးးဖြစ်စဉ်တွေ နောက်ထပ် ထပ်ပြီးမဖြစ်အောင်ပေါ့နော် အတတ်နိုင်ဆုံး ဝိုင်းဝန်းပြီးတော့ ဆောင်ရွက်နိုင်အောင်လို့ပေါ့နော် အဲဒီ ရည်ရွယ်ချက်နဲ့ ကျနော်တို့ လုပ်ခဲ့တာဖြစ်ပါတယ်။ အဓိကတော့ ဖြစ်တဲ့ဖြစ်စဉ်က NCA လက်မှတ်ထိုးထားတဲ့ အဖွဲ့တွေကြားထဲမှာပဲ အထူးသဖြင့် အခုဖြစ်တဲ့ ဖြစ်စဉ်ကနေ တပ်မတော်နဲ့ RCSS ကြားထဲမှာဖြစ်တဲ့ ဖြစ်စဉ်မို့လို့ ဒီ သက်ဆိုင်တဲ့ ၂ ဖွဲ့ကို ကျနော်တို့ မေးတာမြန်းတာရှိပါတယ်။”

ပြည်ထောင်စု အဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ပူးတွဲစောင့်ကြည့်ရေး ကော်မတီက တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ် NCA ပါ သဘောတူညီချက် တစိတ်တပိုင်း အရ ဖွဲ့စည်းထားတာ ဖြစ်ပြီး အပစ်ရပ် လက်နက်ကိုင် အဖွဲ့တွေနဲ့ တပ်မတော်ကြား တိုက်ပွဲတွေကို ရှောင်ရှားနိုင်ဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်။

“အဓိကတော့ နောက်ကို ဒီလိုမျိုးထိတွေ့မှုမဖြစ်အောင်ဘယ်လိုလုပ်သင့်သလဲဆိုတာကို ၂ ဘက်အနေနဲ့ ညှိနှိုင်းပြီးလုပ်ရမယ့်ဟာကိုတော့ ကျနော်တို့ အဓိကထားပြီးရည်မှန်းထားပါတယ်။ ကျနော်တို့ JMC ရဲ့ လုပ်ပိုင်ခွင့်က NCA လက်မှတ်ထိုးထားတဲ့ အဖွဲ့အစည်းတွေ အနေနဲ့ပဲ ကျနော်တို့ လုပ်ပိုင်ခွင့်ရှိတယ်။ NCA လက်မှတ်မထိုးထားတဲ့ အဖွဲ့အစည်းတွေအတွက်တော့ ကျနော်တို့လုပ်ပိုင်ခွင့်မရှိဘူး။ ခုနပြောတဲ့ ကိစ္စနဲ့ ပတ်သက်လို့ရှိရင် ကျနော်တို့ရဲ့ လုပ်ပိုင်ခွင့်မရှိတဲ့အတွက်ကြောင့် ကျနော်တို့ သွားပြီးတော့ ဆောင်ရွက်လို့မရဘူး။”

ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ပူးတွဲ စောင့်ကြည့်ရေး ကော်မတီရဲ့ ဆောင်ရွက်ချက်ကို တိုက်ပွဲတွေ ဖြစ်ပွားခဲ့တဲ့ ဘက် ၂ ဘက်စလုံးက လက်ခံနိုင်ခြေနဲ့ ပတ်သက်ပြီးလည်း ဒေါက်တာ မင်းဇော်ဦးက အခုလို ပြောပါတယ်။

“ ကျနော်တို့ JMC ရဲ့ လုပ်ငန်းက အဓိက NCA ကိုအကောင်အထည်ဖော်ဖို့ဖြစ်တယ်။ NCA ကို အကောင်အထည်ဖော်ဖို့ဆိုတဲ့ အခြေခံနဲ့ လုပ်ထားတယ်။ အဲဒီအကောင်အထည်ဖော်တဲ့အခါမှာလည်း ဒီအစိုးရဘက်က တပ်မတော် နောက် EAO တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ ပြီးတော့ အရပ်သားထဲက ကိုယ်စားလှယ်တွေ စုပေါင်းပြီးတော့ ကျနော်တို့လုပ်ထားတာဖြစ်ပါတယ်။ လုပ်ထားတဲ့အခါမှာလည်း စီစစ်အတည်ပြုရေးအဖွဲ့ကိုလုပ်မယ်ဆိုရင် မလုပ်ခင်ကတည်းက စီစစ်အတည်ပြုအဖွဲ့ကို ဘယ်လိုဖွဲ့ရမလဲ ၊ ဖွဲ့ပြီးရင်လည်း အောက်ခြေမှာ ဘယ်လိုလုပ်ငန်းတွေလုပ်ရမလဲဆိုတာတွေကို ကြိုတင်ပြီးတော့ ကျနော်တို့ က သဘောတူညီမှုယူရတယ်။ အဲဒီတော့ ဆိုလိုတဲ့ သဘောက ကျနော်တို့ လုပ်တဲ့ လုပ်ငန်းစဉ် အဆင့်တိုင်းအဆင့်တိုင်းမှာက ညှိနှိုင်းပြီးတော့ လုပ်ရတာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ Verification Team စီစစ်အတည်ပြုရေးအဖွဲ့ကို လုပ်တဲ့အခါမှာရော ၊ အကောင်အထည်ဖော်တဲ့အခါမှာရော အကုန်ညှိနှိုင်းပြီး လုပ်သွားကြတာဖြစ်ပါတယ်။”

JMC- Uက ရှမ်းပြည်နယ် အတွင်း ကွင်းဆင်း ကောက်ယူခဲ့တဲ့ တိုက်ပွဲဆိုင်ရာ အခြေခံ အချက်အလက်တွေကိုတော့ စိစစ်ရေး အဖွဲ့က သတင်း ၂ ပတ်လောက် အချိန်ယူ စိစစ်ပြီး အစီရင်ခံစာ ထုတ်ပြန်သွားမှာ ဖြစ်တယ်လို့လည်း ဒေါက်တာ မင်းဇော်ဦးက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG