သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စင်္ကာပူဝန်ကြီးချုပ် မြန်မာပြည်လာမည်


စင်္ကာပူဝန်ကြီးချုပ် Lee Hsien Loong ရဲ့ ဇွန်လထဲ မြန်မာနိုင်ငံကိုသွားမယ့် ခရီးစဉ်အတွင်း စင်္ကာပူ-မြန်မာ အသက်မွေးဝမ်းကြောင်း သင်တန်းကျောင်းတခုကို တရားဝင် ဖွင့်လှစ်သွားဖို့ရှိတယ်လို့ စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး Vivian Balakrishnan က ပြောဆိုလိုက်ပါတယ်။

နေပြည်တော်မှာ ကျင်းပတဲ့ စင်္ကာပူ-မြန်မာ နှစ်နိုင်ငံကြား နှစ် ၅၀ ကြာ သံတမန်ဆက်ဆံရေး ဂုဏ်ပြုညစာစားပွဲ ဗုဒ္ဓဟူးနေ့က ကျင်းပရာမှာ စင်္ကာပူ နိုင်ငံခြားရေးဝန်ကြီးက ကြေညာခဲ့တဲ့အကြောင်း စင်္ကာပူနိုင်ငံက Channel News Asia သတင်းက ဖော်ပြခဲ့တာပါ။

သင်တန်းကျောင်းကို ရန်ကုန်မှာ ဖွင့်လှစ်မှာဖြစ်ပြီး၊ မြန်မာလူငယ်တွေကို လက်တွေ့နဲ့ လုပ်ငန်းခွင်ကျွမ်းကျင်မှု အရည်အသွေး တိုးတက်လာအောင် သင်ကြားပို့ချဖို့ ရည်ရွယ်ထားတာလည်း ဖြစ်ပါတယ်။ အထူးသဖြင့် ဧည့်ခံကြိုဆိုရေးနဲ့ ခရီးသွားလုပ်ငန်းတွေအပြင်၊ လုပ်ငန်းခွင် စီမံခန့်ခွဲမှုနဲ့ အင်ဂျင်နီယာလုပ်ငန်းကဏ္ဍတွေအတွက် အလယ်အလတ်အဆင့် ကျွမ်းကျင်အလုပ်သမား ၈၀၀ လောက်ကို နှစ်စဉ် သင်တန်း ပို့ချသွားမှာ ဖြစ်ပါတယ်။

လောလောဆယ် မြန်မာနိုင်ငံမှာ ၃ ရက်ကြာ ရောက်ရှိနေတဲ့ စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး Balakrishnan က - နှစ်နိုင်ငံကြား ကဏ္ဍပေါင်းစုံမှာ ရင်းနှီးတဲ့ ဆက်ဆံမှုတွေ ရှိတဲ့အကြောင်း ပြောကြားခဲ့တာပါ။ နေပြည်တော်မှာ ကျင်းပတဲ့ ဂုဏ်ပြုညစာစားပွဲကိုတော့ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် အပါအဝင် လူ ၁၆၀ လောက် တက်ရောက်ခဲ့ပါတယ်။

မြန်မာနိုင်ငံက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေထဲမှာ ဒုတိယအများဆုံးဖြစ်တဲ့ စင်္ကာပူနိုင်ငံဟာ ဒီနှစ် မတ်လအထိ - စင်္ကာပူ ဒေါ်လာ ၁၈ ဘီလီယံ ရင်းနှီးမြှုပ်နှံထားတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG