သုံးရလွယ်ကူစေသည့် Link များ

၂၀၁၇-၁၈ ဘဏ္ဍာနှစ် မြန်မာ့စီးပွားရေး ဘယ်လောက် တိုးတက်လာမှာလဲ


ရန်ကုန်မြို့လယ်ကောင်က အဆောက်အဦးများ (ဓါတ်ပုံ- စိုးဇေယျာထွန်း/ ရိုက်တာ)
ရန်ကုန်မြို့လယ်ကောင်က အဆောက်အဦးများ (ဓါတ်ပုံ- စိုးဇေယျာထွန်း/ ရိုက်တာ)

လာမယ့် ဇန်နဝါရီ ၃၀ ရက်နေ့ဆိုရင် ပြည်ထောင်စု အဆင့် လွှတ်တော် အသီးသီးရဲ့ အစည်းအဝေးတွေ ပြန်ပြီး ကျင်းပပါတော့မယ်။ အခုတစ်ကြိမ် ပြန်စမယ့် လွှတ်တော်မှာ အဓိက ဆွေးနွေးဆုံးဖြတ်ကြမယ့် အကြောင်းအရာကတော့ ၂၀၁၇-၂၀၁၈ ခုနှစ်အတွက် အစိုးရ ဘတ်ဂျက် လျာထားချက် ဖြစ်ပါတယ်။ ဒီအတွက်လည်း အင်န်အယ်လ်ဒီ အစိုးရအဖွဲ့ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၉ ရက်နေ့က နေပြည်တော်မှာ သမ္မတ ဦးထင်ကျော် ကိုယ်တိုင် ဦးဆောင်တက်ရောက်တဲ့ ဘဏ္ဍာရေး ကော်မရှင် အစည်းအဝေးကို ကျင်းပခဲ့ပါသေးတယ်။ အင်န်အယ်လ်ဒီ အမတ်တွေ လွှမ်းမိုးတဲ့ လွှတ်တော်တွေ စတင်ခဲ့တာ တစ်နှစ်နီးပါး ရှိလာပြီဖြစ်ပေမယ့် အခုတစ်ကြိမ်ကတော့ ပထမဦးဆုံး အကြိမ်အဖြစ် အစိုးရဘတ်ဂျက်ကို ကိုယ့်ဖာသာကိုယ် လျာထား ရှာဖွေ၊ သုံးစွဲရမှာပါ။ ပြီးခဲ့တဲ့ ၂၀၁၆-၁၇ ဘဏ္ဍာနှစ် အတွက်ကတော့ အရင် ပြည်ခိုင်ဖြိုး လွှတ်တော်က အတည်ပြုပေးခဲ့တဲ့ ဘတ်ဂျက် လျာထားချက်တွေအတိုင်း အကောင်အထည် ဖော်ခဲ့ရတာ ဖြစ်ပါတယ်။ လာမယ့် လွှတ်တော် အစည်းအဝေးကာလမှာ အတည်ပြုပေးရမယ့် အစိုးရဘတ်ဂျက် အခြေအနေ ဘယ်လို ရှိသလဲ၊ မြန်မာ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့ အတွက် အင်န်အယ်လ်ဒီ အစိုးရ ဘာတွေ လုပ်ကိုင်နိုင်ခဲ့ပြီလဲ၊ အခုနှစ် မြန်မာ့စီးပွားရေး ပိုကောင်းလာနိုင်မလား ဆိုတာ ဆွေးနွေး တင်ပြသွားပါ့မယ်။

၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ် အတွက် အစိုးရ အသုံးစားရိတ် ဘတ်ဂျက် လျာထားချက်ဟာ အရင် သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက် ဘတ်ဂျက်လျာထားချက် အတိုင်းပဲ တိုးလည်း မတိုးတက်၊ ဆုတ်လည်း ဆုတ်ယုတ်မသွားအောင် ရေးဆွဲထားတာ တွေ့ကြရပါတယ်။ ၂၀၁၆-၁၇ ဘတ်ဂျက် စာရင်းမှာ အစိုးရအဖွဲ့ဝင်ငွေဟာ ကျပ်ငွေ ၁၇ ထရီလီယံ ဖြစ်ပြီး သုံးမယ့်ငွေကတော့ ကျပ်ငွေ ၂၁ ထရီလီယံ နီးပါး ရှိတာ တွေ့နိုင်ပါတယ်။ ဘတ်ဂျက်လိုငွေက ၄ ထရီလီယံနီးပါး ဖြစ်ပြီး လိုငွေနဲ့ ဂျီဒီပီ အချိုးဟာ ၄ ဒသမ ၅ ရာခိုင်နှုန်းရှိခဲ့တာ တွေ့နိုင်ပါတယ်။ အလားတူ အခု အင်န်အယ်လ်ဒီ အစိုးရကိုယ်တိုင် ရေးဆွဲတဲ့ ဘတ်ဂျက်မှာလည်း အစိုးရအဖွဲ့ဝင်ငွေ ၁၇ ထရီလီယံနီးပါး၊ သုံးငွေ ၂၁ ထရီလီယံ နီးပါး ဖြစ်ပြီး လိုငွေ ၄ ထရီလီယံ ကျော်ပါတယ်။ ဘတ်ဂျက် လျာထားချက် မတိမ်းမယိမ်း ဒါမှမဟုတ် အတူတူနီးပါးလောက် ဖြစ်တယ် ဆိုပေမယ့် လိုငွေပမာဏဟာ အရင်နှစ်ကထက် ကျပ် ဘီလျံ ၃၇၀ ကျော် ပိုများနေတာ တွေ့ကြရပါတယ်။ လိုငွေနဲ့ ဂျီဒီပီ အချိုးဟာ ၄ ဒသမ ၅ ရာခိုင်နှုန်းကျော်ပါတယ်။

လက်ရှိ အင်န်အယ်လ်ဒီ အစိုးရလက်ထက် ပထမဦးဆုံး ဘတ်ဂျက် လျာထားချက်ဟာ အရင် အစိုးရလက်ထက် နောက်ဆုံးနှစ်ကထက် ပမာဏ ပိုပြီး များမလာရတဲ့ အကြောင်းကိုလည်း ဘဏ္ဍာရေးကော်မရှင် အစည်းအဝေးမှာ သမ္မတ ဦးထင်ကျော်က ဝန်ခံပြောဆိုတာ ရှိခဲ့ပါတယ်။ အထူးသဖြင့် အစိုးရ ဝင်ငွေ တိုးတက် မလာတဲ့ ကိစ္စပါ။ အဲဒါတွေကတော့ အစိုးရရဲ့ အဓိက ဝင်ငွေ တစ်ခုဖြစ်တဲ့ သဘာ၀ ဓာတ်ငွေ့က ရတဲ့ ဝင်ငွေဟာ ကမ္ဘာ့သဘာ၀ ဓာတ်ငွေ့ဈေးနှုန်းတွေ ကျဆင်းသွားလို့ လျော့နည်းခဲ့တာ ဖြစ်တဲ့အကြောင်း၊ သစ်ထုတ်လုပ် တင်ပို့မှုကို လုံး၀ နီးပါး ကန့်သတ်လိုက်တာကြောင့် သစ်သယံဇာတ က ရတဲ့ဝင်ငွေ မရှိသလောက် ဖြစ်သွားတဲ့အကြောင်း၊ ကျောက်စိမ်းအပါအဝင် သတ္တု လုပ်ကွက်တွေကို ပြန်စိစစ်နေတဲ့ အတွက် ရငွေတွေ ကျဆင်းသွားတဲ့အကြောင်း၊ လျှပ်စစ်ဓာတ်အား ပိုရဖို့ တိုးတက် ထုတ်လုပ်နေပေမယ့် အရှုံးခံ ထုတ်လုပ်နေရလို့ ဝင်ငွေ တိုးတက်မလာတဲ့အကြောင်း စတာတွေ ဖြစ်ပါတယ်။

ပြောရရင် အစိုးရ ဘတ်ဂျက် လျာထားမှုမှာ ဝင်ငွေ တိုးတက်မလာတဲ့အတွက် အသုံးစားရိတ်တွေကိုလည်း တိုးမြှင့်လျာထားလို့ မရဘူး ဆိုတဲ့ သဘောဖြစ်ပါတယ်။ သမ္မတ က မပြောပေမယ့် နိုင်ငံ့ဝင်ငွေမှာ အဓိက ကဏ္ဍတစ်ခုဖြစ်တဲ့ အကောက်အခွန်က ရတဲ့ ဝင်ငွေကလည်း ထင်သလောက် တိုးတက်မလာပါဘူး။ ဒါနဲ့ ပတ်သက်ပြီး အစိုးရအဖွဲ့က တိုင်းပြည်မှာ တရားမဝင် မှောင်ခို ကုန်သွယ်မှုတွေ ပမာဏ များပြားနေတယ်၊ ဒီအတွက် တရားဝင် ကုန်သွယ်မှုတွေ ပြန်ဖြစ်ပေါ်ပြီး အကောက်အခွန်တွေ ရသင့်သလောက် ရအောင် မှောင်ခိုတွေ ပြန်ဖမ်းမယ်၊ အရင်အစိုးရခေတ်ကတည်းက နာမည်ဆိုးနဲ့ ကျော်ကြားလို့ ပိတ်ခဲ့ရတဲ့ ရှမ်းပြည်နယ် မန္တလေး - မူဆယ် လမ်းပေါ်က သိန်းနီ ရေပူစစ်ဆေးရေး ဂိတ်နဲ့ မွန်ပြည်နယ် ရန်ကုန်-မြဝတီ ကားလမ်းပေါ်က မရမ်းချောင် စစ်ဆေးရေး ဂိတ်တွေကို ပြန်ဖွင့်မယ် လို့ ဆုံးဖြတ်ပြီး အခု အကောင်အထည် ဖော်နေပါပြီ။

အင်န်အယ်လ်ဒီ အစိုးရဟာ မှောင်ခိုဖမ်းဖို့ အခုလို ကြိုးပမ်းနေရုံမက ကုန်သွယ်ရေးမှာ သွင်းကုန်ပမာဏ အလွန်များပြီး ကုန်သွယ်ရေး လိုငွေပြနေတာကိုလည်း ထိန်းချုပ်ဖို့ ကြိုးစားနေပါတယ်။ အခုဆိုရင် နှစ်စဉ် ဂျပန်ကနေ တစ်ပတ်ရစ်ကားစီးရေ တစ်သိန်း သုံးသောင်းကျော် တင်သွင်းနေတာကို ကန့်သတ်ဖို့ လုပ်နေပါပြီ။ အဲဒီလို ပြသနာတွေအတွက် သွင်းကုန်တွေ အပေါ် အခွန်တိုးကောက်တာမျိုး လုပ်မလား၊ ဒါမှမဟုတ် သွင်းကုန်တင်သွင်းတာကို ကန့်သတ်တဲ့ ဥပဒေတစ်ခု ရေးဆွဲပြဌာန်းပြီး လုပ်ရင် ကောင်းမလား ညှိနှိုင်းနေဆဲ ဖြစ်တာ တွေ့ကြရပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အင်န်အယ်လ်ဒီ အစိုးရသစ် တက်လာပြီးနောက် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကို အကြီးအကျယ် အဟန့်အတား ဖြစ်စေတဲ့ စီးပွားရေး ဒါဏ်ခတ်ပိတ်ဆို့မှုကို အမေရိကန်နဲ့ သက်ဆိုင်ရာနိုင်ငံတွေက ဖယ်ရှားပေးအောင် စွမ်းဆောင်နိုင်တဲ့တိုင် ရင်းနှီးမြှုပ်နှံမှု ပမာဏကတော့ ထင်သလောက် မတိုးတက်ခဲ့ပါဘူး။ အခုနှစ်အတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန်ဒေါ်လာ ၆ ဘီလျံလောက် ဝင်လာဖို့ ရည်မှန်းထားပေမယ့် လက်ရှိ အချိန်ထိ ၄ ဘီလျံခွဲလောက်ပဲ ဝင်လာပါသေးတယ်။ ဒါပေမယ့်လည်း အစိုးရဆီမှာ လာပြီး တင်ပြထားတဲ့ ရင်းနှီးမြှုပ်နှံမှု အဆိုပြုလွှာ ၇၀ ဝန်းကျင် ပမာဏအားဖြင့် အမေရိကန်ဒေါ်လာ ၃ ဘီလျံကျော်ဖိုးလောက် ရှိနေသေးတော့ လာမယ့် မတ်လ မတိုင်ခင် အဲဒါတွေကို အတည်ပြုပေးနိုင်တယ် ဆိုရင် နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၆ ဘီလျံကို ပြည့်မီသွားနိုင်တယ်လို့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် အတွင်းရေးမှူး ဦးအောင်နိုင်ဦးကတော့ ပြောထားပါတယ်။

ဒီလိုဖြစ်ရတာကလည်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုနဲ့ ပတ်သက်ရင် လက်ရှိ အချိန်ထိ ကောင်းမွန်တဲ့ ဥပဒေ၊ နည်းဥပဒေ ပြဌာန်းလို့ မပြီးသေးတာ၊ အခြေခံ အဆောက်အဦတွေ မကောင်းသေးတာ စတဲ့ အချက်တွေကြောင့် ဖြစ်တယ်လို့ သမ္မတ ဦးထင်ကျော်က ဝန်ခံ ပြောဆိုပါတယ်။ ဒီအတွက် လာမယ့် ဘဏ္ဍာနှစ်မှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဥပဒေ၊ နည်းဥပဒေကောင်းတွေ ပြည့်ပြည့်စုံစုံ ပြဌာန်း ကျင့်သုံးနိုင်အောင် လုပ်တာ၊ ရင်းနှီးမြှုပ်နှံမှုအတွက် လိုအပ်နေတဲ့ အခြေခံ အဆောက်အဦတွေ ကောင်းမွန်လာအောင် လုပ်တာ စတာတွေ အကောင်အထည် ဖော်ရပါဦးမယ်။

ဘယ်လိုပဲဖြစ်ဖြစ် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဝန်ခံထားသလို၊ စီးပွားရေး တိုးတက်မှု နှေးကွေးနေပြီး လာမယ့် ဘဏ္ဍာရေးနှစ်အတွက်လည်း မြန်မာ့စီးပွားရေးအခြေအနေ သိပ်ပြီး တိုးတက်လာဖို့တော့ မမြင်နိုင်သေးပါဘူး။ စီးပွားရေး အခြေအနေ ထင်သလောက် တိုးတက်မလာရင် အလုပ်အကိုင် အသစ်တွေ အမြောက်အများ ဖန်တီးပေးရေး၊ စီးပွားရေး တိုးတက်မှုရဲ့ အသီးအပွင့်ကို အောက်ခြေ ပြည်သူတွေထိ ရောက်ရှိ ခံစားနိုင်ရေး ဆိုတာတွေလည်း အကောင်အထည် ပေါ်လာဦးမှာ မဟုတ်သေးပါဘူး။ ဒီအတွက် အစိုးရဟာ စီးပွားရေး ကဏ္ဍမှာ အခြေအနေတွေ ပိုကောင်းလာစေဖို့ အတွက် ဥပဒေကြောင်း ဆိုင်ရာတွေ၊ အခြေခံ အဆောက်အဦပိုင်း ဆိုင်ရာတွေ၊ မူဝါဒ ပေါ်လစီနဲ့ စီမံခန့်ခွဲမှုပိုင်းဆိုင်ရာတွေမှာ အများကြီး ပြုပြင်ပြောင်းလဲ လုပ်ကိုင်ဆောင်ရွက်ဖို့ လိုအပ်နေသေးပါကြောင်း တင်ပြလိုက်ရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG