သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာမှာ ရှားပါးတောက်တဲ့ ၂ မျိုး Smithsonian သိပ္ပံအဖွဲ့တွေ့ရှိ


The Tenasserim Mountain bent-toed gecko
The Tenasserim Mountain bent-toed gecko

ရှားပါး တောက်တဲ့ မျိုးစိတ်သစ် ၂ မျိုးကို အမေရိကန် ပြည်ထောင်စု Smithsonian သဘာဝသိပ္ပံက သုတေသန ပညာရှင်တွေက မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်းမှာရှိတဲ့ လေညာ အမျိုးသားဥယျာဉ် လုပ်ဖို့စီမံကိန်းချထားတဲ့ ဒေသမှာ တွေ့ရှိခဲ့တယ်လို့ သတင်း ထုတ်ပြန်ပါတယ်။ (Gekkonidae: Cyrtodactylus) တောက်တဲ့ မျိုးစိတ်သစ် ၂ မျိုးဟာ bent-toed gecko လို့ခေါ်တဲ့ ခြေချောင်းကောက် နေတဲ့ တောက်တဲ့ကြား အမျိုးအစား ဖြစ်ပြီး နီညိုရောင်ရှိကြပါတယ်။ Cyrtodactylus lenya အမျိုးကတော့ မြင်းကြားလို အဖြူစင်းပါတဲ့ Lenya banded လေညာ အစင်းကြားမျိုး ဖြစ်ပြီး C. payarhtanesnsis မျိုးကတော့ အဖြူကြားနေတဲ့ Tenasserim Mountain တနင်္သာရီ တောင်တန်းမျိုး လို့ နံမယ်ပေးထား တာပါ။

အခုလို ရှားပါးမျိုးစိတ်သစ်တွေ တွေ့နေရတဲ့ တနင်္သာရီတောင်ပိုင်းဒေသမှာ သစ်တောပြုန်းတီးမှုနှုန်းဟာ သိပ်ကို မြန်ဆန်နေတာမို့ ဒီတောက်တဲ့ မျိုးစိတ်တွေတင် မကပဲ သူတို့နဲ့အတူ နေထိုင်ကျက်စားလေ့ရှိတဲ့ တခြားမျိုးစိတ်ပေါင်းများစွာ အတွက်ပါ အန္တရာယ် ရှိနေတယ်လို့လည်း တောက်တဲ့ မျိုးစိတ်သစ် ၂ မျိုး တွေ့ရှိကြောင်း စာတမ်း ရေးသားသူ ပညာရှင်တွေက သတိပေးပါတယ်။ စာတမ်းကို Smithsonian SCBI နဲ့ သဘာဝသိပ္ပံ (Natural History Museum) က ဦးဆောင်ပြီး မြန်မာသဘာဝဝန်းကျင်အဖွဲ့ MESC က ဦးမြင့်ကျော်သူရ၊ Fauna & Flora International နိုင်ငံတကာ ရုက္ခဗေဒအဖွဲ့က သိပ္ပံပညာရှင်တွေ ရေးသားခဲ့ကြတာပါ။

လေညာ သဘာဝ ဥယျာဉ် စီမံကိန်း အတွက် သတ်မှတ်ထားတဲ့ သစ်တောထူထပ်တဲ့ ဒေသအတွင်းမှာ အခု မကြာခင်နှစ်တွေအတွင်း သစ်တောပြုန်းတီးမှုဟာ အရင် ၂၀၀၂ ကနေ ၂၀၁၄ အတွင်း ပြုန်းတီးခဲ့တဲ့ နှုန်းထက် ၂ ဆတိုးလာတာကို ကောင်းကင်ဓါတ်ပုံတွေကနေ သိရှိရတယ်လို့ ဖေါ်ပြထား ပါတယ်။ ဒါ့အပြင် ဒီသစ်တောဝန်းကျင်ဒေသရဲ့ သစ်တောပြုန်းတီးမှုဟာ မြန်မာနိုင်ငံရဲ့ တခြားဒေသတွေထက် ပြုန်းတီးနှုန်း ၂၅ ဆ ပိုများနေတယ်လို့ ဆိုပါတယ်။

ဒီဒေသမှာ အာရှဆင်တွေ၊ ကြံ့သူတော်တွေနဲ့ ကျားမျိုးစိတ်တွေကိုပါ ရှားရှားပါးပါး တွေ့ရတာပါ။ အရင်တုန်းက လက်နက်ကိုင် တိုက်ပွဲတွေ ဖြစ်ပွါးနေတာမို့ သစ်တောပြုန်းတီးမှု သိပ်မရှိခဲ့တဲ့ အဲဒီဒေသကို အခု နိုင်ငံရေး ပွင့်လင်းလာချိန်မှာ သွားရောက် လေ့လာခွင့်ရတဲ့အခါမှာ မျိုးစိတ်သစ်တွေ တွေ့ရှိခဲ့တာနဲ့ အတူ ဒေသတွင်း တရားမဝင် သစ်ခုတ်မှုတွေ၊ ရာဘာနဲ့ ဆီအုန်းစိုက်ပျိုးဖို့ ခုတ်ထွင်မှုတွေနဲ့ သစ်တောပြုန်းတီးမှု သိပ်မြန်ဆန်နေတာကိုပါ တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။

မျိုးတုန်း ပျောက်ကွယ်လုနီးပါး အပင်နဲ့ တိရိစ္ဆာန်တွေနေထိုင်ကျက်စားတဲ့ အာရှဒေသတွင်းက သစ်တောတွေ တဖြေးဖြေး ဧရိယာ ကျဉ်းလာနေချိန်မှာ ရှားရှားပါးပါး မြန်မာ့သစ်တောတွေပဲ ကျန်နေရာကနေ အခုတော့ ဒီသစ်တောတွေပါ ပျောက်ကွယ်မယ့် အန္တရာယ်နဲ့ ရင်ဆိုင်နေရပြီမို့ ထိမ်းသိမ်းနိုင်အောင် ကြိုးစားဖို့ပါ သတိပေးထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG