သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်ကိုရီးယားရွေးကောက်ပွဲ Moon Jae-in အနိုင်ရကြေညာ


 တောင်ကိုရီးယားရွေးကောက်ပွဲ Moon Jae-in အနိုင်ရ
တောင်ကိုရီးယားရွေးကောက်ပွဲ Moon Jae-in အနိုင်ရ

ဒီကနေ့ကျင်းပတဲ့ တောင်ကိုရီးယားနိုင်ငံ သမ္မတရွေးကောက်ပွဲမှာ သူ အနိုင်ရလိုက်ပြီလို့ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီက Moon Jae-in က ကြေညာ လိုက်ပြီး တောင်ကိုရီးယား ပြည်သူအားလုံးအတွက် ကိုယ်စားပြု ရပ်တည်သွားမယ်လို့ ကတိပြု ပြောကြားလိုက်ပါတယ်။

သူနဲ့သမ္မတလောင်း ယှဉ်ပြိုင်ဘက် နှစ်ဦးစလုံးက သူတို့အနိုင်မရတော့ဘူးဆိုတာကို ပြောဆိုလိုက်ပြီးတဲ့နောက်မှာပဲ အောင်ပွဲခံ ပျော်ရွှင်နေ ကြတဲ့ သူ့ကို ထောက်ခံသူတွေကို မစ္စတာ Moon က အဲဒီလို ကတိပေး ပြောဆိုသွားတာပါ။

မဲရုံတွေမှာမဲပေးပြီး ပြန်လာသူတွေကို မေးမြန်း ကောက်ယူထားတဲ့ ကနဦး လူထုစစ်တမ်းတွေအရ မစ္စတာ Moon က မဲတွေရဲ့ ၄၁ ရာခိုင်နှုန်းကို အနိုင်ရကြောင်း ဖော်ပြနေတာပါ။ ဒါဟာ သူနဲ့အနီးဆုံးပြိုင်ဘက် နှစ်ဦးထက် အပြတ်အသတ် ရှေ့ကို ရောက်နေတာပါ။

လစ်ဘရယ်ကိုရီးယားပါတီက Hong Joon-pyo က ၂၃ ရာခိုင်နှုန်း အနိုင်ရပြီး၊ အလယ်အလတ်ဝါဒီတဦးဖြစ်တဲ့ ပြည်သူ့ပါတီက Ahn Cheol-soo က ၂၁ ရာခိုင်နှုန်း အနိုင်ရကြောင်း ဖော်ပြနေပါတယ်။

ဒေါ်လာသန်းပေါင်းများစွာ အဂတိလိုက်စားတဲ့ ဖြစ်ရပ်မှာ သမ္မတဟောင်း ပက်ဂွန်ဟေး ပါဝင်ပတ်သက်ခဲ့တယ်လို့ စွပ်စွဲခံရပြီး အဲဒီနောက် သမ္မတကို ရာထူးကနေ ဆင်းပေးဖို့ ရွေးကောက်ပွဲသစ်ကျင်းပပေးဖို့ တောင်းဆိုဆန္ဒပြမှုတွေနဲ့ နိုင်ငံရေး မတည်မငြိမ် ဖြစ်ခဲ့ပြီးတဲ့နောက် ကျင်းပတဲ့ ဒီကနေ့ ရွေးကောက်ပွဲမှာ မဲပေးသူအရေးအတွက်ဟယ သမိုင်းဝင်တဲ့အထိ များပြားခဲ့ပါတယ်။

မဲပေးခွင့်ရှိသူ ကိုရီးယားနိုင်ငံသား ၄၂ သန်း မဲပေးဖို့မှတ်ပုံတင်ခဲ့ကြပြီး ဒီအထဲက ၈၀ ရာခိုင်နှုန်းကျော် လာရောက်မဲပေးခဲ့ကြတဲ့အကြောင်း အမျိုးသား ရွေးကောက်ပွဲ ကော်မရှင်က ကြေညာထားပါတယ်။

ဒါကတော့ ၁၉၉၇ ခုနှစ်တုန်းက Kim Dae-jung သမ္မတအဖြစ် ရွေးကောက်တင်မြှောက် ခံခဲ့ရတဲ့ ရွေးကောက်ပွဲမှာ မဲပေးပိုင်ခွင့်ရှိသူတွေထဲက ၈၀.၇ ရာခိုင်နှုန်းကျော် မဲပေးခဲ့ကြတဲ့ ဖြစ်ရပ်ပြီးရင် တောင်ကိုရီးယားမှာ မဲပေးသူ အများဆုံး ရှိခဲ့တဲ့ရွေးကောက်ပွဲ ဖြစ်ပါတယ်။

XS
SM
MD
LG