သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်တရုတ် ပြသနာကြောင့် အာစီယံနိုင်ငံတချို့ ရေတပ်အင်အားတိုးချဲ့


ဖိလစ်ပိုင် ရေတပ် သဘောၤသစ် BRP Davao del Sur ကို မနီလာ ဆိပ်ကမ်းမှာ ရေတပ်မိသားစုဝင်တွေ ကြိုဆို။ မေလ ၁၀ ရက် ၂၀၁၇။
ဖိလစ်ပိုင် ရေတပ် သဘောၤသစ် BRP Davao del Sur ကို မနီလာ ဆိပ်ကမ်းမှာ ရေတပ်မိသားစုဝင်တွေ ကြိုဆို။ မေလ ၁၀ ရက် ၂၀၁၇။

တောင်တရုတ် ပင်လယ်ပြင်အတွင်း တင်းမာမှုတွေ တိုးမြင့် ဖြစ်ပေါ်လာနေတာကြောင့် စင်္ကာပူနဲ့ ဖိလစ်ပိုင်နိုင်ငံတို့ အပါအဝင် အရှေ့တောင် အာရှ နိုင်ငံအတော်များများဟာ ငွေကြေး အမြောက်အများ အကုန်ခံပြီး ရေငုပ်သင်္ဘောနဲ့ တခြား ရေတပ်သင်္ဘောတွေကို ဝယ်ယူနေကြပါတယ်။

အရှေ့တောင်အာရှ နိုင်ငံ ၅ နိုင်ငံဟာ ၂၀၁၆ ခုနှစ်အထိ ငါးနှစ်ဆက်တိုက် ကာကွယ်ရေး အသုံးစားရိတ်တွေကို ဆယ်ဂဏန်းအထိ တိုးမြင့် သုံးစွဲလာခဲ့ကြောင်း Stockholm နိုင်ငံတကာ ငြိမ်းချမ်းရေး သုတေသနအဖွဲ့က ဆိုပါတယ်။ အင်ဒိုနီးရှားနဲ့ ဗီယက်နမ် နိုင်ငံတို့ဟာလည်း ကာကွယ်ရေးအတွက် ၆၀ ရာခိုင်နှုန်းကျော် တိုးမြှင့်သုံးစွဲခဲ့ပါတယ်။ အရှေ့တောင်အာရှနိုင်ငံ ၇ နိုင်ငံဟာ မနှစ်က လက်နက်တင်သွင်းမှု အများဆုံး နိုင်ငံ ၄၀ ထဲမှာ ပါဝင်ခဲ့တာကြောင့် ဒါဟာ တကမ္ဘာလုံး အတိုင်းအတာနဲ့ လက်နက် တင်သွင်းမှု ၉ ရာခိုင်နှုန်းနဲ့ ညီမျှပါတယ်။

စင်္ကာပူ ကာကွယ်ရေးဝန်ကြီးဌာန ကလည်း ဂျာမနီနိုင်ငံက ThyssenKrupp Marine Systems ကနေ ရေငုပ်သင်္ဘော ၂ စင်း ဝယ်ယူဖို့ မေလ ၁၆ ရက်နေ့က လက်မှတ်ထိုးခဲ့ပါတယ်။ အလားတူ ရေငုပ်သင်္ဘော ၂ စင်းကို စင်္ကာပူက ၂၀၁၃ ခုနှစ်မှာ ဝယ်ယူခဲ့ပါသေးတယ်။ မလက္ကာ ရေလက်ကြားမှာ ကုန်သွယ်ရေး တိုးမြှင့် ဖြစ်ပေါ်လာနေတာကြောင့် ရေကြောင်းကာကွယ်ရေးကို တိုးမြှင့် လုပ်ဆောင်ဖို့ ရည်ရွယ်ချက်နဲ့ စင်္ကာပူက ရေငုပ်သင်္ဘော အဟောင်းတွေကို အသစ်တွေနဲ့ အစားထိုးနေတာ ဖြစ်ပါတယ်။

ထိုင်းစစ်အစိုးရကလည်း အမေရိကန် ဒေါ်လာ သန်း ၃၉၀ ကျော် တန်ဖိုးရှိတဲ့ နျူကလီးယား တပ်ဆင်ထားခြင်း မရှိတဲ့ ရေငုပ်သင်္ဘော ၂ စင်း တရုတ်နိုင်ငံက ဝယ်ယူဖို့ သဘောတူလိုက်ပြီး နောက်ထပ် ဝယ်ယူဖို့ အစီအစဉ်ရှိတယ်လို့ ဆိုပါတယ်။ အမေရိကန်က ဗီယက်နမ်နိုင်ငံအပေါ် ချမှတ်ထားတဲ့ လက်နက် တင်ပို့ ရောင်းချမှုတွေ ပြန်လည် ရုပ်သိမ်းပေးလိုက်ပြီး ဖြစ်တဲ့အတွက် ဗီယက်နမ်ကလည်း ရုရှားနိုင်ငံကနေ ရေငုပ်သင်္ဘောတွေ ဝယ်ယူခဲ့ပါတယ်။

တရုတ်နိုင်ငံနဲ့ စစ်ရေးအရ ဘယ်နိုင်ငံကမှ ထိပ်တိုက် ရင်ဆိုင်လိုကြတာ မဟုတ်ပါဘူး။ ဒါပေမယ့် အခုလို ရေတပ်အင်အား တိုးမြှင့် လုပ်ဆောင်နေကြတာကြောင့် အဆုံးသတ်မှာ ဒေသတွင်း လက်နက် ပြိုင်ဆိုင်မှုတွေ ဖြစ်ပေါ်ပြီး တောင်တရုတ်ပင်လယ်ပြင်အတွင်း အန္တရာယ်တွေ ပိုများလာနိုင်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG