သုံးရလွယ်ကူစေသည့် Link များ

မြန်မာနိုင်ငံဟာ ငလျင်ရပ်ဝန်းထဲမှာ ရှိတဲ့ ဒေသမို့ ငလျင်အန္တရာယ်က အချိန်မရွေး ကျရောက်နိုင်ပါတယ်။ ဒီအထဲမှာ လူနေထူထပ်တဲ့ ရန်ကုန်မြို့ရဲ့ အန္တရာယ် ကျရောက်နိုင်တဲ့ အနေထားကို သိရအောင် မြန်မာနိုင်ငံ မြေငလျင်ကော်မတီက အထွေထွေ အတွင်းရေးမှုး ဦးသူရအောင်ကို မေးမြန်းပြီး တင်ပြပေးမှာပါ။

ရန်ကုန်မြို့ ပြုပြင်ပြောင်းလဲရေးအတွက် ဆောက်လုပ်ရေးလုပ်ငန်းတွေ တိုးလုပ် လာနေ ချိန်မှာ လူနေအဆောက်အဦးတွေနဲ့ ကုန်းကျော် တံတားတွေ ဆောက်နေ သလို လမ်းတွေပြုပြင် တိုးချဲ့တာနဲ့ နောင်မှာ မြေအောက်ရထားလမ်းတွေပါ ဆောက်လုပ်ဖို့ အစီအစဉ် ရှိနေပါတယ်။ ဒီလို ဆောက်လုပ်ရေး လုပ်ငန်းတွေ အများအပြား တိုးလာမယ့် ရန်ကုန်အတွက် ငလျင်အန္တရာယ်နဲ့ ပါတ်သက်ပြီး ဘယ်အတိုင်းတာထိ လုံခြုံစိတ်ချမှု ရှိနိုင်ပါသလဲ။

မြေအောက် ရထားလမ်းတွေကတော့ လက်ရှိအနေအထားနဲ့ မစနိုင်သေးဘူးခင်ဗျ။ စီမံချက်ထဲမှာ အဲဒီ အခြေခံ အဆောက်အအုံတွေက လာမယ့် urban development plan ဖွံဖြိုးရေးအစီအစဉ်ထဲမှာ ပါနေပေမယ့် တော်တော်လေး ကြာအုံးမယ်။ အဓိက လမ်းတွေချဲ့တာ၊ တံတားတွေ ဆောက်နေတာ နောက်ပိုင်း မီးရထားလမ်း တွေ အဆင့်မြှင့်တာတို့ လို လုပ်ငန်းတွေ လုပ်နေတာများပါတယ်။ ဒီတော့ ဒါနဲ့ ပတ်သက်ပြီး ရန်ကုန်မြို့က ဘယ်လောက် လုံခြုံစိတ်ချရမှု ရှိမယ် ဆိုတာနဲ့ ပတ်သက်ပြီး နဲနဲလေးတော့ ပြောရတာ ခက်ပါတယ်။ အခုအချိန်အထိက ကျွန်တော်တို့ မှာ ပြည့်စုံကောင်းမွန်တဲ့ သုတေသန ရလဒ်တွေက အများကြီးမရှိသေးပါဘူး။ ရှိတာက ဥပမာ ငလျင်ဇုံပေါ့ earthquake zoning map ငလျင်အနုစိတ်ပြတဲ့ မြေပုံရှိတယ်။ ငလျင်ဒဏ်ခံ တာ Hazard Map ရှိတယ်။ ဒါပေမယ့် ကျွန်တော်တို့ ဆီမှာ Risk လို့ခေါ်တဲ့ ငလျင်နဲ့ ပတ်သက်ပြီး ဖြစ်လာမယ် ဆိုရင် ဘယ်အပိုင်းတွေ က ပိုပြီးတော့ ဘေးအန္တရာယ် ခံနိုင်ရမယ် ဆိုတာကို ပြဖို့က ကောင်းကောင်းမရှိသေးဘူး ကောင်းမွန် ပြည့်စုံတဲ့ သုတေသန လုပ်ဖို့ အများကြီး ကျန်နေသေးတယ်။ အဲဒါကတော့ လိုအပ်နေပါသေးတယ်။

ရန်ကုန်ရဲ့ ဘူမိဗေဒ အနေထားအရ ကြည့်ရင် အခု မြန်မာနိုင်ငံက ငလျင်ရပ်ဝန်းထဲ မှာလည်း ကျနေတယ်။ နောက် ရန်ကုန်မြို့မှာက မြေအောက် ရထားတွေ မစနိုင်သေးပေမယ့် လူဦးရေက တိုးလာတယ်၊ အဆောက်အဦးတွေက တိုးဆောက်နေ တယ်။ ဆိုတော့ ရန်ကုန်မြို့ရဲ့ မြေအနေအထားနဲ့ ဘယ်နေရာက ငလျင်အတွက် ပိုပြီး အန္တရာယ် ရှိနိုင်တယ်။ ဘယ်နေရာကတော့ ပိုပြီး စိတ်ချရတဲ့ အနေထား ရှိတယ် ဆိုတာလေး ပိုင်းခြားပြီး ပြောပြပေးပါ။

လက်ရှိ Hazard Map ဆိုတဲ့ ငလျင်လှိုင်းလာမယ့် အရှိန်တွေကို တွက်ချက်ပြီး ထုတ်ထား တဲ့ ဖြစ်နိုင်ချေရှိတဲ့ မြေပုံပေါ့။ အဲဒါကို ကြည့်ပြီး တွက်ချက် ပြောပြရမယ် ဆိုရင်တော့ ဥပမာ ရန်ကုန်မြို့ရဲ့ အရှေ့ဘက်ခြမ်းတွေ။ အဲဒါတွေက ဒဂုံအရှေ့ပိုင်းတို့၊ ဒဂုံမြောက်တို့၊ ဒဂုံတောင်တို့၊ နောက် အဲဒီဘက်ကနေ ဆက်လာရင် တောင်ဥက္ကလာ အစပ်လေးတွေပေါ့ ။ နောက်ပြီး အနောက်ပိုင်း အနေနဲ့ ဆိုရင် လှိုင်မြစ် နဲ့ ရန်ကုန်မြစ်နဲ့ အဲဒီက မြစ်ကမ်းနား က ရှိတဲ့ မြို့နယ်တွေပေါ့ အထူးသဖြင့်တော့ လမ်းမတော်တို့ အလုံတို့၊ ပုဇွန်တောင်တို့ စသည်အားဖြင့်ပေါ့။ ဆိုလိုတာကတော့ မြစ်ကမ်းဘေးနဲ့ ကပ်လျက်ရှိတဲ့ အရှေ့ဘက် ကမ်းပေါ့။ လှိုင်မြစ်ရဲ့ အရှေ့ဘက်ကမ်းမှာ ရှိတဲ့ တချို့မြို့နယ်တွေနဲ့ ရန်ကုန်မြို့ရဲ့ အရှေ့ဘက် ခြမ်းမှာ ရှိတဲ့ မြို့နယ်တွေပါ။ မြို့သစ်တွေလည်း ပါပါတယ်။ အဲဒီ နေရာတွေ ကတော့ ငလျင် လှိုင်းလာရင် ပိုခံရနိုင်ချေ ရှိပါတယ်။ ဘာလို့လည်း ဆိုတော့ အဲဒီနေရာတွေ ဟာ မြေပျော့မှာ တည်ထားတာ ဖြစ်ပါတယ်။ တည်ဆောက်ကတည်း က နုံးတင်မြေနု နေရာတွေ၊ သိပ်ပြီး ကျစ်လစ်မှု မရှိသေးတဲ့ အောက်ခံမြေသား ပေါ်မှာ အခြေတည် ထားတဲ့ မြို့တွေ ဖြစ်နေတာ ကြောင့်ပါ။

အောက်ခံ မြေသားရဲ့ အနေထားတင်မကပါဘူး၊ အောက်ခံမြေမာ ကျောက်သား bedrock ရဲ့ အတိမ်အနက် တွေ၊ ငလျင်အလားအလာ ရှိတဲ့ နေရာတွေနဲ့လည်း သက်ဆိုင်ပါတယ်။

ရန်ကုန် ငလျင်အလားအလာကို ကြည့်ရင် ငလျင်လှိုင်းက ဘယ်ဘက်ကနေ လာနိုင်တယ် ဆိုတာ ကြည့်ရင် စစ်ကိုင်း ပြတ်ရွေ့ကျောကပဲ အဓိက လာနိုင်တာပါ။ ဒီစစ်ကိုင်း ပြတ်ရွေ့ကျောဟာ ရန်ကုန်မြို့ရဲ့ အရှေ့ဘက် ကီလိုမီတာ ၂၀ ကျော် ၃၀ ဝန်းကျင် နီးပါးလောက်မှာ ရှိပါတယ်။ အဲဒီ စစ်ကိုင်းပြတ်ရွေ့ကနေ ငလျင် လှုပ်ခတ်ခဲ့မယ် ဆိုရင်တော့ ရန်ကုန်မြို့ အရှေ့ခြမ်းကို အဓိက ရောက်လာမှာ ဖြစ်ပါတယ်။ ရန်ကုန် အရှေ့ခြမ်းနဲ့ ပိုပြီး နီးမှာဖြစ်ပါတယ်။

အဲဒီအပိုင်းအပြင် နောက်တချက်က အောက်ခံ မြေသား အနေထားနဲ့ အောက်ခံကျောက် ကလည်း အရေးပါပါတယ်။ အဲဒီနေရာတွေဟာ ကျစ်လစ် မာကြောတဲ့ အောက် ခံ ကျောက်သား နဲ့လည်းဝေးပါတယ်။ အဲဒီလို အောက်ခံ ကျောက်သားနဲ့ ဝေးပြီး အပေါ် မှာမြေထုကလည်း များတယ်ဆိုရင် ငလျင်လှိုင်းဒဏ်ကို ပိုပြီး ခံရနိုင်ပါတယ်။ တကယ်လို့ ပမာဏတူတဲ့ လှိုင်းတခုလာခဲ့မယ် ဆိုရင် အဲဒီမြို့နယ်တွေက ကျန်တဲ့ မြို့နယ်တွေထက် ဒဏ်ခံရမယ်။

ဥပမာ၊ ဗဟန်းမြို့နယ်တို့၊ စမ်းချောင်း မြို့နယ်တို့ လို မြို့နယ်တချို့ဆို ရင်တော့ အောက် ခံကျောက်သားနဲ့ နီးသလို မြေမာတာမို့ ငလျင်လှိုင်းဒဏ်ကို နဲနဲ ပိုခံနိုင်ရည် ရှိပါတယ်။ ဒါ့ကြောင့် အဲဒီမြို့နယ်တွေမှာ ရှိတဲ့ အဆောက်အအုံတွေကို ကြည့်ရင် တကယ်လို့ အဆောက်အဦးပုံစံကို တပြေးညီဆောက်မယ် ဆိုရင် အလယ်ကြောမှာ ရှိတဲ့ ဗဟန်း၊ စမ်းချောင်း၊ ကမာရွတ်လို မြို့နယ်တွေက အဆောက်အဦးတွေဟာ ရန်ကုန် အရှေ့ခြမ်းတို့၊ လှိုင်မြစ်နဲ့ ကပ်ရက်မြို့နယ်တွေ၊ ထက်ကို ပိုပြီး ခံနိုင်ရည် ရှိမှာ ဖြစ်ပါတယ်။ ဒါဟာ ယေဘူ ယျ ပြောတာ ဖြစ်ပါတယ်။

တည်ဆောက်ထားတဲ့ အဆောက်အဦးရဲ့ ခိုင်ခန့်မှုဟာ မြေပျော့မှာ တည်ထားမထား နဲ့ အောက်ခံ ကျောက်သားပေါ် မူတည်ရုံတင်မကပါဘူး၊ အဆောက်အဦးရဲ့ ဒီဇိုင်းပေါ်မှာ လည်း မူတည်နေပါတယ်။

အဆောက်အဦးတခုကို ဆောက်လုပ်တဲ့ ဒီဇိုင်းပေါ်မှာလည်း မူတည်ပါတယ်။ ငလျင်လှိုင်း အရှိန်ပြ မြေပုံပေါ်မှာ ဘယ်မြို့နယ် ဘယ်ဧရိယာမှာ ငလျင်လှိုင်းလာမယ့် အရှိန် ဘယ်လောက် ရှိမယ် ဆိုတာ ကို ဖေါ်ပြထားပါတယ်။ အဲဒီဖေါ်ပြထားတာမို့ အဲဒီတန်ဖိုးကို ကြည့်ပြီး structural engineer အင်ဂျင်နီယာက ကိုယ်ဆောက်လုပ်မယ့် အဆောက်အဦး ရဲ့ ဒီဇိုင်း၊ အဆောက်အဦးရဲ့ အထပ်အမြင့်၊ အကျယ် စသဖြင့် အဲဒီအချက်အလက် တွေပေါ် မူတည်ပြီး earthquake resistance ငလျင်ဒဏ် ခံနိုင်အောင် ဘယ်လို ဆောက်ရမယ် ဆိုတာကို building code နဲ့ ညွှန်းထားတာ ရှိပါတယ်။ ဒီတန်ဖိုးအတွက် ဘယ် ပုံစံဆောက်ရင် ဘယ်စံညွှန်းကို ကိုးကားပြီး ဘယ်လို ဆောက်ရမယ် ဆိုတာ အတွက် မြန်မာနိုင်ငံမှာ မိမိကိုယ်ပိုင် building code ထွက်ပြီးသား ရှိပါတယ်။ ဒါကို ကြည့်ပြီး အင်ဂျင်နီယာက ဆောက်လုပ်ဖို့ လိုပါတယ်။ အဲဒီလို စံနှုံးနဲ့ ကိုက်ပြီး ဆောက်တဲ့ အဆောက်အဦး ဆိုရင်တော့ မြေပျော့တဲ့ အခြမ်းမှာ ငလျင်ဒဏ် ပိုခံရနိုင်တဲ့ အခြမ်းမှာ ဆောက်ထားတာ ဖြစ်ပေမယ့် ဒီအဆောက်အဦးဟာ ငလျင်ဒဏ် ကို ကောင်းကောင်း ခံနိုင်ရည် ရှိမှာ ဖြစ်ပါတယ်။ ရန်ကုန်မြို့ရဲ့ ဘယ်နေရာမှာ ပဲ ဆောက်ဆောက် ငလျင်ဒဏ်ကို ခံနိုင်မှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံ မြေငလျင်ကော်မတီက အထွေထွေ အတွင်းရေးမှုး ဦးသူရအောင်ပါ။ ရန်ကုန်မြို့အတွက် အန္တရာယ် ရပ်ဝန်းပြ မြေပုံ Hazard map ထုတ်ထားတာ ရှိနေပေမယ့် ငလျင်ဒဏ် သင့်နိုင်ချေနဲ့ သက်ဆိုင်တဲ့ ပြည့်စုံကောင်းမွန်တဲ့ သုတေသန အချက်အလက် တွေရအောင် ဆက်လုပ်ဖို့ လိုနေသေးတယ် လို့လည်း ဦးသူရအောင်က ပြောပါတယ်။

XS
SM
MD
LG