သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့ကျောက်မျက် အရောင်အသွေး အပိုင်း ၂ (ကျောက်စိမ်း)


Myanmar Gems merchants examine a jade stone
Myanmar Gems merchants examine a jade stone

မြန်မာနိုင်ငံမှာမှ များများစားစားနဲ့ ထုထည် ကြီးကြီးမားမားတွေ့ရတဲ့ ကျောက်စိမ်းဟာ နံမယ် ကသာ ကျောက်စိမ်းဖြစ်ပေမယ့် အရောင်မစိမ်းပဲ အရောင်မျိုးစံကို တွေ့နိုင်သလို အလင်းပိတ်တဲ့ အနေထားရော အလင်းဖေါက်ထွက်လုနီးပါး ကြည်နေတဲ့ အမျိုးစားရော တွေ့နိုင်ပါတယ်။ ကျောက်မျက်ပညာရှင် ဦးတင်ကျော်သန်းက ပြောပြပေးမှာပါ။

တိုက်ရိုက် လင့်ခ်

မြန်မာနိုင်ငံမှာမှ များများစားစားနဲ့ ထုထည် ကြီးကြီးမားမားတွေ့ရတဲ့ ကျောက်စိမ်းဟာ နံမယ်ကသာ ကျောက်စိမ်း ဖြစ်ပေမယ့် အရောင်မစိမ်းပဲ တခြားအရောင်မျိုးစံကို တွေ့နိုင်သလို ဒီလို အရောင် အမျိုးမျိုး ရှိတဲ့ ကျောက်စိမ်းကို အလင်းပိတ်တဲ့ အနေထားရော အလင်းဖေါက်ထွက်လုနီးပါး ကြည်နေတဲ့ အမျိုးစားရော တွေ့နိုင်ပါတယ်။ ဒီကျောက်စိမ်းရဲ့ အရောင်အသွေး တွေနဲ့ ပတ်သက်ပြီး ကျောက်မျက်ပညာရှင် ဦးတင်ကျော်သန်းက ပြောပြပေးမှာပါ။

ကမ္ဘာမှာ တွေ့ရတဲ့ အရည်သွေးကောင်းတဲ့ ကျောက်စိမ်းအားလုံးရဲ့ ၇၀ ရာခိုင်နှုန်းဟာ မြန်မာနိုင်ငံက ထွက်တာဖြစ်ပါတယ်။ ကျောက်စိမ်းလို့ ခေါ်တဲ့ Jade မှာ Nephrite နဲ့ Jadeite ဆိုပြီး အမျိုးအစား ၂ မျိုးခွဲနိုင်ပါတယ်။ ကျောက်စိမ်းမှာ သံအောက်ဆိုက်နဲ့ မဂ္ဂနီဆီယံ ပါဝင်မှုအချိုးအစားပေါ်မူတည်ပြီး အရောင်အရင့်အနု ကွာပါတယ်။ သံဓါတ်ပိုပြီး ကြွယ်ဝလေလေ အရောင်ရင့်လေဖြစ်ပါတယ်။ အစိမ်းရင့်၊ မီးခိုးစိမ်း၊ အနီနဲ့ အမဲရောင် ကျောက်စိမ်းတွေ အထိ တွေ့နိုင်ပါတယ်။ မဂ္ဂနီဆီယံ ကြွယ်ဝပြီး သံဓါတ် နဲပါးရင်တော့ အရောင်ဖျော့တတ်ပါတယ်။ အဖြူ၊ အစိမ်းဖျော့ကနေ ခရမ်းဖျော့ရောင် အထိ ရှိတာပါ။

ဒီအထဲမှာ တန်ဖိုးအကြီးဆုံး အဖြစ် သတ်မှတ်ကြတဲ့ အရောင်က မြစိမ်းရောင်လို့ ဦးတင်ကျော်သန်းက ပြောပါတယ်။

ကျောက်စိမ်းရဲ့ အကောင်းဆုံး အရောင်ကိုတော့ emerald green မြစိမ်းရောင်လို့ သတ်မှတ် ပါတယ်။ internationally အများ နားလည် ကြတာပါ။ အဲဒီ မြစိမ်းရောင် ဆိုတာ အစိမ်း အဖြောင့် မဟုတ်ဘူး အပြာ နည်းနည်းငွေ့တယ် emerald ရဲ့ အကောင်းဆုံး အရောင်ကို ညွှန်းတဲအခါ ကြတော့ grass green color မြက်ခင်းစိမ်းရောင်ပေါ့၊ အဲ့ဒီတော့ အစိမ်းက အစိမ်းအဖြောင့် မဟုတ်ဘူး အပြာ နည်းနည်းငွေ့ တာကို အကောင်းဆုံးလို့ သတ်မှတ်ပါတယ်။

အစိမ်းရောင်ရှိတဲ့ ကျောက်စိမ်းတပွင့် ဖြစ်ပေမယ့် တန်ဖိုးသတ်မှတ်တဲ့ အခါမှာတော့ အရောင်တခုထဲပေါ် မူတည် မနေဘူးလို့လည်း ပြောပါတယ်။

ကျောက်စိမ်းရဲ့ တန်ဖိုးကျတော့ အရောင်တခုထဲ ပေါ်မှာတင် မူတည်ပြီး ဆုံး ဖြတ်တာ မဟုတ် ပါဘူး။ transparency အလင်းပေါက်မူ အားပေါ်မှာလဲ မူတည်ပြီး ဆုံးဖြတ်ပါတယ်။ ဆိုလိုတာက ကျောက်စိမ်းဆိုတာ အလင်းပေါက်တဲ့ တွင်းထွက်မျိုးမဟုတ်ပါဘူး သူက အလင်း မှုံတယ် အလင်းပေါက်လု နီးပါးဘဲရှိပါတယ်။ ဥပမာ လူတယောက်က ကျောက်စိမ်း လာပြတယ် အဲ့ဒီကျောက်စိမ်းက အလင်းပေါက်နေတယ် ပတ္တမြားနီလာလို အဲ့ဒါဆို ဒါကျောက်စိမ်း လုံးဝမဟုတ်တော့ပါဘူး။ သူက အလင်းမှုံ translucent အဆင့်လောက်ဘဲ ရှိပါတယ်။ အလင်းပေါက်လု နီးပါးဘဲရှိပါတယ်။ အလွန်ဆုံး သူက semi transparent လောက်ပဲရှိပါတယ်။ semi transparent ဖြစ်မယ် emerald green color ဖြစ်မယ်ဆိုရင် အကောင်းဆုံးကျောက် imperial jade ဗမာလိုတော့ အရည်ကျောက်လို့ ခေါ်ပါတယ်။ အဲဒီလို သတ်မှတ်ပါတယ်။

အစိမ်းရောင်မဟုတ်တဲ့ ကျောက်စိမ်းရဲ့ တခြားအရောင်တွေက ဘာတွေပါလဲ။

ကျောက်စိမ်းက ခရမ်းရောင် ဖြစ်နိုင်ပါတယ်။ ဘာလို့ သူက ခရမ်းရောင ်ဖြစ်တာလည်း ဆိုရင် သူ့မှာ မင်းဂနီးစ်ဓါတ် နည်းနည်းပါရင် ခရမ်းရောင်ဖြစ်ပါတယ်။ အဲ့ဒီ ခရမ်းရောင်မှာလည်း ဘာကွဲပြား သေးလဲဆိုရင် အပြာ နည်းနည်းလေး ပိုသန်းတဲ့ ခရမ်းရောင် ရှိနိုင်တယ်။ အနီ နည်းနည်း ပိုသန်းတဲ့ ခရမ်းရောင် ရှိနိုင်ပါတယ်။ အခုလတ်တလော မှာတော့ အနီသန်းတာနဲ့ အပြာသန်းတာဆို အနီသန်းတာကို လုူပိုကြိုက်ပါတယ်။ ဗမာလို ပြောမယ်ဆိုရင် တော့ မရမ်းရောင်နဲ့ ခရမ်းရောင် ပေါ့။ အများစုက ဗေဒါရောင်ပေါ့။ အဲဒီမှာမှ နည်းနည်း ပန်းရောင်စပ်တဲ့ ဟာကို ပိုပြီး တန်ဘိုးထား ကြပါတယ် ဒါက တရောင်ပေါ့။

နောက် ဘာရှိနိုင် သေးသလဲဆိုရင် လိမ္မော်ရောင် လဲရှိနိုင်ပါတယ်။ လိမ္မော်က amber jade သူက ပယင်းရောင်ပေါ့။ သူက ဘာကြောင့် ပယင်းရောင် ဖြစ်သလဲဆို iron oxide ပါလို့ ဖြစ်တယ်လို့ သိရပါတယ်။ ပယင်းရောင်မှာလည်း နည်းနည်းလေး ဖျော့တာ ရင့်တာ လူ့အကြိုက် ပေါ်မူတည်ပါတယ်။ အနီနီးပါး ဖြစ်သွားရင်တော့ ပိုတန်ဖိုး ကြီးပါတယ်။ အလားတူဘဲ ပယင်းရောင် ဖျော့သွားရင် အဝါလောက်ကို ရှိနိုင်ပါတယ်။

အလားတူ မီးခိုးရောင်၊ အညိုရောင်လဲရှိနိုင်တယ်။ နောက် black jade အနက်ရောင် လဲ ရှိနိင်ပါတယ်။ ကျနော် သိသလောက် ကတော့ black jade ဟာ အစိမ်း သိပ်ရင့်သွားတဲ့ အတွက် black color ဖြစ်သွားပါတယ်။ သူ့ကို မီးထိုးကြည့်ရင် အစိမ်းရောင် တွေ့ရတယ်။ မီးမထိုးဘဲ ဒီတိုင်း ကြည့်ရင်တော့ အနက်ဘဲ မြင်ရတယ်။ သူကတော့ စောစောက ပြောတဲ့ ခရိုမီယမ် ဓါတ်ပေါ့။ ကျောက်စိမ်း စိမ်းတာ ခရိုမီယမ်ဓါတ်ကြောင့် စိမ်းတာ အဲ့ဒီမှာ ခရိုမီယမ် အရမ်း ကြွယ်၀ သွားရင်လဲ အရောင်ရင့်ပြီး၊ အရမ်းစိမ်းပြီး၊ အနက်လိုမျိုး ဖြစ်သွားတာပါ။ ပြောမယ်ဆိုရင် ကျောက်စိမ်းမှာလဲ အရောင်စုံ ရှိနိုင်တယ်လို့ ပြောလို့ရပါတယ်။ အစိမ်း၊အစိမ်းဖျေုာ့၊ အပြာငွေ့တယ်၊ မီးခိုးငွေ့တယ်၊ ခုနပြောတဲ့ ခရမ်း၊ လိမ္မော်ရှိမယ် လိမ္မော်နီရောင် ရှိမယ်နောက်ဆုံး အနက်ရှိမယ်။

ကျောက်စိမ်းလို့ ခေါ်ပေမယ့် အရောင်ဖြူတဲ့ ကျောက်စိမ်းမျိုးကို တွေ့နိုင်သလို အရင်က သိပ်ဈေးကွက်ထဲမှာ တွေ့ရလေ့ မရှိပေမယ့် အခု လူကြိုက်များလာ နေတဲ့ ကျောက်စိမ်းတမျိုး ဖြစ်တဲ့ အရောင်မရှိတဲ့ ကျောက်စိမ်းကိုလည်း တွေ့နိုင်ပါတယ်။

ဘာအရောင်မှ မရှိတဲ့ ကျောက်စိမ်းလည်း ရှိပါသေးတယ်။ လွန်ခဲ့တဲ့ အနှစ်၂၀ လောက် အထိ ကတော့ ဘာအရောင်မှ မရှိတဲ့ ကျောက်စိမ်းဆိုရင် သိပ်ပြီးတော့ လူကြိုက် မများပါဘူး။ တန်ဖိုးလည်း မရှိပါဘူး။ သို့သော် သူက အလင်းပေါက် လုနီးပါး ဖြစ်တယ် ဆိုရင်တော့ ဆွဲဆောင်မူ ရှိပါတယ်။ ခုခေတ်ဆိုရင် icy jade ရေခဲတုံးလေး လိုပေါ့။ ရေခဲလိုတော့ အလင်း အရမ်းမပေါက်ပါဘူး အဲ့ဒါလေးကလည်း လူကြိုက်များပါတယ်။ သူကတော့ အရောင်မရှိဘူး။ သို့သော် ခပ် နောက်နောက်လေးပေါ့။ သူကလည်း သူ့ဟာနဲ့ သူတော့ ဆွဲဆောင်မူ ရှိပါတယ်။ ကျနော့် အနေနဲ့ ပြောတာပါ။ ခေတ်ဆန်တဲ့ အမျိုးသမီး တွေကတော့ icy jade ကို ကြိုက်ကြတယ်။ နောက်တခုက emerald green လောက် ဈေးမကြီးဘူး။ နောက်တခုက တချို့ လူတွေက ကျောက်စိမ်းက အဲ့လိုမျိုး အရောင်မရှိတာ မကြားဖူးဘူး၊ မမြင်ဖူးဘူး ဆိုတော့ အဲ့ဒါလည်း ဆွဲဆောင်မူ တချက်ပေါ့။

ခုဆိုရင် ဘယ်လောက်အထိ လည်းဆိုရင် ကျောက်စိမ်းက စိမ်းမှဆိုပြီး၊ လုံး၀ ဘာအရောင်မှ မရှိတဲ့ ခပ်နောက်နောက် ကျောက်စိမ်း အဖြူတွေလည်း ရှိတယ်။ အဲ့ဒီ အဖြူတွေပါ ရောင်းနေရပြီ။ ပုတီးတွေ ဘာတွေလုပ်တယ်၊ ဖြူဆွတ် နေတာ ကိုယ်တိုင်ကလည်း ထူးဆန်းသလို ဖြစ်နေတယ်။ ဆွဲဆောင်မူ တခု ဖြစ်နေ ပါတယ်။ ပြောမယ်ဆိုရင် အလှအပနဲ့ ပတ်သက်ရင် လှတယ်မလှဘူး ဆုံးဖြတ်တာ ကိုယ့်ရဲ့ ခံယူချက် ပေါ်မှာဘဲ မူတည်ပါတယ်။

ကိုယ့်ရဲ့ ခံစားမှုပေါ်မူတည်ပြီး နှစ်သက်စွဲလန်းကြတဲ့ ကျောက်စိမ်းရဲ့ အရောင်အသွေးတွေကို ဟိုရှေးရှေး တုန်းကတော့ အရောင်ပေါ်မူတည်ပြီး အဓိပ္ပါယ် အမျိုးမျိုး ကောက်လေ့ရှိကြပါတယ်။

အပြာရောင်သန်းတဲ့ ကျောက်စိမ်းဟာ နတ်ပြည်ကို ကိုယ်စားပြုသလို အဝါရောင်က ကမ္ဘာမြေပြင်လို့ သတ်မှတ်မှုတွေ၊ အရပ်မျက်နှာ အဖြစ် အစိမ်းဆို အရှေ့၊ အနီက တောင်၊ အဖြူနဲ့ အမဲက မြောက်အရပ်ကို ကိုယ်စားပြုတယ်လို့ ရှေးတရုတ် ရိုးရာ အယူအဆတွေ အပြင် ကျောက်မျက် ရတနာတွေထဲမှာ ကျောက်စိမ်းရဲ့ သဘာဝဟာ အဆန်းကြယ်ဆုံးလို့ သတ်မှတ်ကြတဲ့ အကြောင်း တင်ပြရင်း ဒီသီတင်းပတ်အတွက် သိပ္ပံနဲ့ နည်းပညာကဏ္ဍကို ဒီမှာပဲ ရပ်နားလိုက်ပါရစေ။

XS
SM
MD
LG