သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၁၆ မြန်မာနိုင်ငံ သိပ္ပံနဲ့ နည်းပညာ တိုးတက်မှု


RASU
RASU

မြန်မာနိုင်ငံမှာ ၂၀၁၆ ခုနှစ်အတွင်း သိပ္ပံနဲ့ နည်းပညာ ဆိုင်ရာ တိုးတက်ဖို့ လုပ်ဆောင်နိုင်တာတွေနဲ့ ပါတ်သက်ပြီး ဓါတုဗေဒ ပညာရှင် ဒေါက်တာ ခင်မောင်ညိုရဲ့ အမြင်ကို ဒီတပါတ်မှာ ပြောပြပါရစေ။

တိုက်ရိုက် လင့်ခ်

ပညာရေး ဝန်ကြီးဌာန လက်အောက်မှာ သိပ္ပံနဲ့ နည်းပညာ အတွက် ကွန်ပြူတာ တက္ကသိုလ်က ၂၅ ခု၊ အိုင်တီ နည်းပညာအတွက် ၃ ခု၊ နည်းပညာ တက္ကသိုလ် က ၃၃ ခုတောင် ထားရှိပါတယ်။ ဒါ့အပြင် နည်းပညာနဲ့ သက်မွေးပညာ အတွက် ပါ ကျောင်းတွေ ဖွင့်ပေးထားတာပါ။ တိုင်းပြည်တပြည် တိုးတက်ရေး အတွက် သိပ္ပံနဲ့ နည်းပညာရပ်တွေအပြင် သင်ယူနေတဲ့ ကျောင်းသားတွေကိုပါ အလေးထားမှု ရှိဖို့ လိုအပ်တယ်လို့ ဓါတုဗေဒ ပညာရှင် ဒေါက်တာ ခင်မောင်ညို က ပြောပါတယ်။

အဆောင်နေနိုင်ခွင့်ရဖို့ စီစဉ်ပေးတာတွေက အစ ကျောင်းသားတွေ အဆင်ပြေပြေ ပညာသင်ကြားနိုင်အောင် စီစဉ်ပေးတာဟာ ကျောင်းသားတွေကို အလေးထားတာမျိုးမို့ ကျောင်းသားတွေဘက်ကလည်း ပြန်လည် အလေးထားမှုတွေ ရနိုင်တာပါ။ အမေရိကန် ပြည်ထောင်စုလို အနောက်နိုင်ငံတွေ တိုးတက်မှု ရှိတာဟာ ပညာသင်ကြားသူတွေကို အလေးထားမှု သာမက နည်းပညာတတ်ကျွမ်းသူဆို ပညာမတတ် ဘွဲ့မရလည်း မြှောက်စားတဲ့ အတွက် တိုးတက်မှု ရှိတယ်လို့ထောက်ပြပါတယ်။

မြန်မာနိုင်ငံဟာ အခုမှ တည်ဆောက်ဆဲကာလ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ဟိုးအရင်က ECET Electrical and Computer Technology လျှပ်စစ်နဲ့ ကွန်ပြူတာ အင်ဂျင်နီယာ နည်းပညာ သင်ကြားပေးမှုတွေ ရှိခဲ့ပေ မယ့် နောက်ပိုင်း မှာ နည်းပညာဆိုင်ရာ ကျောင်းတွေ အပိတ်ခံရပြီး ပညာ အဆက် ပြတ်သွား ခဲ့တာပါ။ ဒါပေမယ့် အခုအခါမှာ နတ်မောက်လို ကျောင်းမျိုးမှာ ဆယ်တန်းအောင် ပြီး စက်မှု တက္ကသိုလ် တက်ဖို့ အမှတ်မမှီသူတွေ အတွက် စင်္ကာပူနဲ့ ပေါင်း ပြီး နိုင်ငံတွင်း အထူးလိုအပ်နေတဲ့ အခြေခံ နည်းပညာဆိုင်ရာတွေ ဥပမာ လျှပ်စစ်ဆိုင်ရာတွေ၊ ဂဟေဆော်တာလို သင်တန်းတွေနဲ့ သင်ကြားပေးနေ တာ ဖြစ်ပြီး သင်တန်းအောင်ပြီးသား လူတွေ အတွက်လည်း အလုပ်အကိုင် အဆင်ပြေစေတာပါ။ အင်းစိန် GTI မှာလည်း ဂျပန်နဲ့ ပေါင်းပြီး ဆယ်တန်း မအောင်တဲ့ သူတွေအတွက် ၇ လသင်တန်းနဲ့ အခြေခံ နည်းပညာတွေ သင်ကြားပေးနေ တာမို့ ဝင်ငွေကောင်းကောင်း ရစေပါတယ်။

ရန်ကုန် တက္ကသိုလ်မှာ သိပ္ပံထူးချွန်သူ အများအပြား တက်ရောက်တာတွေ့ လာရသလို နည်းပညာစိတ်ဝင်စားသူ သိပ္ပံဘာသာရပ်တွေကို စိတ်ဝင် တစား လေ့လာသူ တက်ကြွတဲ့ လူငယ်အများအပြားတွေ့ရတာမို့ ဒါဟာ မြန်မာ့ အနာဂါတ်အတွက် ထူးခြားတဲ့ အပြောင်းအလဲ အဖြစ် သတ်မှတ်တယ် လို့လည်း ဒေါက်တာ ခင်မောင်ညိုက ပြောပါတယ်။ ပညာရေးဌာနကလည်း လိုအပ်တဲ့ အပိုင်းတွေ ဖြည့်ဆည်းပေးဖို့ စတင်လုပ်ဆောင် လာ နိုင်တာ တွေ့ရ တယ် လို့ လည်းပြောပါတယ်။

ခေတ်နောက်ကျနေတဲ့ မြန်မာနိုင်ငံမှာ စီးပွါးရေးတိုးတက်လာစေ ဖို့ ခေတ်မှီ တိုးတက်တဲ့ နိုင်ငံတွေက တီထွင်ထားတဲ့ စက်ပစ္စည်းတွေဝယ်ယူ သုံးစွဲနေရတဲ့ အဆင့်မှာပဲ ရှိသေးပေမယ့် တနိုင်တပိုင် နည်းပညာဖြန့်ဖြူးမှုတွေကြောင့် လျှပ်စစ်ကဏ္ဍလို ကဏ္ဍမျိုးမှာ နေစွမ်းအင်သုံး ဆိုလာပြားတွေ နေရာအတော် များများမှာ သုံးစွဲလာကြပြီ ဖြစ်ပါတယ်။ ဆိုလာပြားကောင်းမှုနဲ့ နေအိမ်တွေ မီးလင်းလာတာ တွေ့ရသလို လမ်းတွေလည်း မှောင်နဲ့မဲမဲ အခြေနေ ကနေ ပြောင်းလဲလာတယ် လို့ ဆိုပါတယ်။ e- passport လုပ်ဖို့ စီစဉ်ပေမယ့် အဆင်ပြေတာ မတွေ့ရပါဘူး။ ဒါပေမယ့် smart card လို့ ခေါ်တဲ့ ကိုယ်ရေးမှတ် တမ်း ထည့်သွင်းထားတဲ့ ကပ်ပြားလေးတွေ သုံးနိုင်ဖို့ နေပြည်တော်တို့ မန္တလေး တို့မှာ စပြီးလုပ်လာပါပြီ။ စမတ်ကပ်ကို တပြည်လုံး အတိုင်းအတာနဲ့ ကျယ်ကျယ်ပြန့်ပြန့် သုံးလာနိုင်မယ်ဆိုရင် ခရီးသွားလာရေးတွေ၊ လူမှုရေး လုပ်ငန်းတွေမှာ အဆင်ပြေမြန်ဆန်လာစေမယ့်အပြင် ဒုစရိုက်မှုတွေ ပေါ လာနေတဲ့ မြန်မာနိုင်ငံအတွက် လုံခြုံရေးအတွက်မှာပါ သိပ် အသုံးဝင် လာနိုင် တာပါ။

နည်းပညာကို စိတ်ဝင်စားသူ များလာပြီး လူငယ်တွေရဲ့ စွမ်းဆောင်ရည်တွေ တိုးလာစေဖို့ ပညာရေးမှာ အခုထက် ပိုပြီး အလေးပေး ဆောင်ရွက်ဖို့ လည်း တိုက်တွန်းပါတယ်။ မြန်မာနိုင်ငံမှာ လူငယ်တွေကြား ပညာသင်ကြားရေး မှာ ဆေးကျောင်းနဲ့ စက်မှုကျောင်းကို ဦးစားပေးဖို့ အရင်က လူကြီးတွေ ဦးတည်ဆုံးဖြတ်လေ့ရှိတဲ့ အစဉ်အလာကနေ လူငယ်တွေရဲ့ ဝါသနာကို အရင်းခံပြီး ပညာသင်ယူခွင့် ရှိအောင် ပြောင်းလဲလုပ်ဆောင်ပေးဖို့လည်း ဒေါက်တာ ခင်မောင်ညိုက တိုက်တွန်းပါတယ်။

XS
SM
MD
LG