သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည် နိုင်ငံတော် အခြေပြမိန့်ခွန်း ပြောကြားမည်


နိုင်ငံတော်အခြေပြမိန့်ခွန်းအတွက် နိုင်ငံတော် အတိုင်ပင်ခံရုံးမှ ထုတ်ပြန်သည့် အသိပေး ကြေညာချက်။
နိုင်ငံတော်အခြေပြမိန့်ခွန်းအတွက် နိုင်ငံတော် အတိုင်ပင်ခံရုံးမှ ထုတ်ပြန်သည့် အသိပေး ကြေညာချက်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ မတ်လ ၃၀ ရက်နေ့မှာ NLD အစိုးရတက်လာပြီး တနှစ်ပြည့် အထိမ်းအမှတ်အဖြစ်နဲ့ State of the Union Address - နိုင်ငံတော် အခြေပြမိန့်ခွန်း ပြောကြားမှာ ဖြစ်ပါတယ်။ မိန့်ခွန်းကိုတော့ မတ်လ ၃၀ ရက်ည ၈ နာရီ သတင်းအပြီးမှာ MRTV နဲ့ မြန်မာ့အသံ ရေဒီယိုတို့ကနေ ထုတ်လွှင့်ပေးသွားမှာ ဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးက အသိပေး ကြေညာထားပါတယ်။

၂၀၁၅ ခုနှစ် နိုဝင်ဘာလအတွင်း ကျင်းပခဲ့တဲ့ အထွေထွေ ရွေးကောက်ပွဲမှာ NLD ပါတီက အမတ်နေရာ စုစုပေါင်း ၈၀% ကျော်နဲ့ အနိုင်ရခဲ့တာကြောင်း ၂၀၁၆ ခုနှစ် ဧပြီလ ၃၀ ရက်နေ့မှာ အစိုးရတာဝန်တွေကို တရားဝင် လွဲပြောင်း ရယူခဲ့တာပါ။

ပြောင်းလဲချိန်တန်ပြီဆိုတဲ့ ဆောင်ပုဒ်နဲ့ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ မဲဆွယ် စည်းရုံးခဲ့တဲ့ NLD ပါတီဟာ အစိုးရဖြစ်လာပြီးတဲ့ တနှစ်တာ ကာလအတွင်း နိုင်ငံရေးနဲ့ စီးပွားရေး ဆိုင်ရာ ပြောင်းလဲမှုတွေ လုပ်ဆောင်ခဲ့ပေမယ့် အစိုးရရဲ့ လုပ်ဆောင်နိုင်ခဲ့မှု အပေါ် မြန်မာ ပြည်သူတွေအကြား အမြင်သဘောထားတွေ အမျိုးမျိုး ထွက်ပေါ်နေပါတယ်။

အထူးသဖြင့် ရွေးကောက်ပွဲကာလ မဲဆွယ် စည်းရုံးမှုတွေအတွင်း ပါတီခေါင်းဆောင် ပိုင်းက ပေးခဲ့တဲ့ ကတိတွေဖြစ်တဲ့ တရားဥပဒေ စိုးမိုးရေး၊ ပြည်တွင်းစစ် အဆုံးသတ်ပြီး ငြိမ်းချမ်းရေး ပေါ်ထွန်းရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး စတဲ့ကိစ္စရပ်တွေကို ထိရောက် အောင်မြင်စွာ လုပ်ဆောင်ပေးနိုင်ခြင်း မရှိသေးတဲ့ အပြင် ပြည်သူ လူထုရဲ့ အခြေခံ စားဝတ်နေရေး ပြေလည်စေမယ့် စီးပွားရေး ဖွံ့ဖြိုးမှုတွေ သိသိ သာသာ ဖြစ်ပေါ်မလာသေးတဲ့အပေါ် ပြည်သူတွေအကြား အားမလို အားမရ ဖြစ်နေကြတာပါ။

တဖက်မှာလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD အစိုးရအနေနဲ့ လွှတ်တော်အတွင်း တပ်မတော်သား ၂၅% ဆက်ရှိနေသေးတဲ့ကိစ္စ၊ တိုင်းပြည် လုံခြုံရေးနဲ့ဆိုင်တဲ့ ပြည်ထဲရေး၊ နယ်စပ်လုံခြုံရေးနဲ့ ကာကွယ်ရေး စတဲ့ ဝန်ကြီးဌာနတွေကို တပ်မတော်က ဆက်လက် ချုပ်ကိုင်ထားတဲ့ကိစ္စ၊ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ်နေတဲ့ ရိုဟင်ဂျာ အရေးကိစ္စနဲ့ ပတ်သက်လို့ နိုင်ငံတကာက စုံစမ်း စစ်ဆေးမှုတွေ ပြုလုပ်ခွင့်ပြုရေး ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှာ အဆိုတင်သွင်းခံထားရတာ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ကချင်နဲ့ ရှမ်းပြည်နယ်တွေမှာ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပေါ်နေတဲ့ ကိစ္စ၊ အဲဒီ တိုက်ပွဲတွေကြောင့် ထောင် သောင်းချီတဲ့ ဒေသခံ တိုင်းရင်းသား ပြည်သူတွေ စစ်ဘေးရှောင် ထွက်ပြေးနေကြရတဲ့ကိစ္စ စတဲ့ အကဲစမ်းမှုတွေနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

ပြည်တွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နဲ့ ပတ်သက်လို့တော့ NCA တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု စာချုပ် လက်မှတ်ရေးထိုးနိုင်အောင်နဲ့ ဒုတိယအကြိမ်မြောက် ၂၁ ရာစု ပင်လုံညီလာခံကို ခေါ်ယူ ကျင်းပနိုင်ရေးအတွက် ကြိုစား လုပ်ဆောင်နေတာတွေ ရှိပါတယ်။

နိုင်ငံရေး အကဲခတ် တချို့ကတော့ ပြည်သူ လူထုအကြား အစိုးရသစ်အပေါ် အားမရတဲ့ လေသံတွေ ထွက်နေတဲ့အတွက် သိသာတဲ့ ပြောင်းလဲမှုတွေ ဖြစ်ပေါ်ဖို့ အတွက် ပြည်သူလူထုအနေနဲ့ သည်းခံ စောင့်ဆိုင်းပေးကြဖို့ လိုမယ်ဆိုတဲ့ သုံးသပ် ပြောဆိုမှုတွေလည်း ထွက်ပေါ်နေတာပါ။

တချိန်ထဲမှာပဲ နိုင်ငံတကာက မြန်မာနိုင်ငံအပေါ် ထားရှိတဲ့ သဘောထားတွေဟာ NLD အစိုးရတက်လာပြီးနောက်ပိုင်း အပြုသဘော ဆောင်တဲ့ဘက်ကို ပြောင်းလဲလာခဲ့ပါတယ်။ အဲဒီအထဲမှာ အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ ဒဏ်ခတ် ပိတ်ဆို့မှုတွေကို ပြန်လည် ကမ္ဘာ့ဘဏ်လို နိုင်ငံတကာ ငွေကြေး အဖွဲ့အစည်း ကြီးတွေက မြန်မာနိုင်ငံ ဖွံ့ဖြိုး တိုးတက်မှုအတွက် ငွေကြေး ထောက်ပံ့ပေးမှုတွေ ရှိခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ တနှစ်တာအတွင်း ကမ္ဘာ့ အင်အားကြီး နိုင်ငံတွေဖြစ်တဲ့ အမေရိကန်၊ အင်္ဂလန်၊ တရုတ်နဲ့ ဂျပန်နိုင်ငံတို့အပြင် ဒေသတွင်းက တခြားနိုင်ငံတွေဖြစ်တဲ့ အိန္ဒိယ၊ ထိုင်း၊ စင်္ကာပူနဲ့ လာအိုနိုင်ငံတွေကို သွားရောက်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

ဆက်စပ်သတင်းများ ...

XS
SM
MD
LG