သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖွဲ့စည်းပုံပြင်ရေး ၂၁ ရာစုပင်လုံညီလာခံမှာ တိုင်းရင်းသားတွေပါဝင်မှု အရေးကြီးကြောင်း ဒေါ်စုပြော


နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်းသားများ စကားဝိုင်း (ပင်လုံမြို့- ဖေဖေါ်ဝါရီလ ၁၂ ရက်၂၀၁၇ခုနှစ်) ဓါတ်ပုံ- ထက်အောင်ခန့်
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်းသားများ စကားဝိုင်း (ပင်လုံမြို့- ဖေဖေါ်ဝါရီလ ၁၂ ရက်၂၀၁၇ခုနှစ်) ဓါတ်ပုံ- ထက်အောင်ခန့်

စစ်မှန်တဲ့ ဖယ်ဒရယ်ပြည်ထောင်စုနဲ့ ကိုက်ညီမယ့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြုပြင်ပြောင်းလဲရေး၂၁ရာစု ပင်လုံညီလာခံအတွင်း တိုင်းရင်းသားအဖွဲ့တွေအားလုံး ပါဝင်ဆွေးနွေးဖို့ အလွန် အရေးကြီးကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

မနေ့ တနင်္ဂနွေနေ့က ရှမ်းပြည်နယ် ပင်လုံမြို့မှာ ကျင်းပတဲ့ ပင်လုံငြိမ်းချမ်းရေးစကားဝိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်းသားတွေဘက်က ဆွေးနွေးပြောဆိုခဲ့တာတွေကို မအင်ကြင်းနိုင်က ကောက်နုတ်တင်ပြမှာပါ။

ဒီစကားဝိုင်းမှာ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေး အခုချိန်ထိ ဘာကြောင့် မရနိုင်သလဲဆိုတဲ့ အချက်အပါအဝင် တိုင်းရင်းသားတွေဘက်က သူတို့ရဲ့ သဘောထား၊ အမြင်တွေကို ဒေါ်အောင်ဆန်းစုကြည်နဲ့ ပွင့်ပွင့်လင်းလင်း ဆွေးနွေးသွားကြပါတယ်။

မြန်မာတပ်မတော်ဘက်က တိုင်းရင်းသားဒေသတွေမှာ ထိုးစစ်တွေနဲ့ တိုက်ခိုက်မှုဟာ ယုံကြည်မှုကို ပျက်ပြားစေကြောင်း ပါဝင်ဆွေးနွေးသူတဦးဖြစ်တဲ့ မဖွေးယုမွန်က အခုလိုပြောသွားပါတယ်။

“တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကြားမှာ ယုံကြည်မှုတည်ဆောက်ဖို့အတွက် အဟန့်အတားတွေက ဘာတွေဖြစ်မလဲလို့ ကျမစဉ်းစားကြည့်တဲ့အခါမှာ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေလုပ်နေပေမယ့် တိုင်းရင်းသားဒေသတွေမှာ ဖြစ်ပေါ်နေတဲ့ စစ်ရေးအရှိန်နဲ့ ထိုးစစ်တွေကြောင့် အခက်အခဲတွေဖြစ်နေသလား၊ တပ်မတော်ဘက်ကရော ယုံကြည်မှုရှိရှိ ထိုးစစ်တွေ ရပ်တန့်ပေးဖို့ မဖြစ်နိုင်ဘူးလား။”

တပ်မတော်ဘက်က ထိုးစစ်တွေ အမြန်ဆုံးရပ်ပြီး နိုင်ငံရေးစကားဝိုင်းမှာ အားလုံးတန်းတူဆွေးနွေးနိုင်ရေး ကိုဆွေးနွေးခဲ့သူကတော့ ရခိုင်တိုင်းရင်းသား ဦးဦးအောင်သန်းဖြစ်ပါတယ်။

“အခုစစ်ရှိန်တွေ မြင့်လာတာနဲ့အမျှ၊ ထိုးစစ်တွေမြင့်လာတာနဲ့ အမျှ ကျနော်တို့ တိုင်းရင်းသားတွေဘက်က အမုန်းတရားတွေ ပိုမိုကြီးထွားလာနေတာဟာ အင်မတန်ကြောက်စရာကောင်းပါတယ်။ ၂၀၁၇ခုနှစ်ဟာ ငြိမ်းချမ်းရေးနှစ်လို့ ကျနော်တို့ ကြွေးကြော်ထားတာနဲ့အညီ ကျနော်တို့နိုင်ငံမှာ ငြိမ်းချမ်းချင်တယ်ဆိုရင် နံပါတ် (၁)အနေနဲ့ လုပ်သင့်တာက ထိုးစစ်တွေအားလုံးရပ်ပေးဖို့၊ နံပါတ် (၂)အနေနဲ့ ဒီထိုးစစ်တွေရပ်ပြီးတော့ နိုင်ငံရေးကြောင့်ဖြစ်လာတဲ့ ပဋိပက္ခတွေကို နိုင်ငံရေး စားပွဲဝိုင်းမှာ ဆွေးနွေးနိုင်ဖို့အတွက် အားလုံးပါဝင်ပြီး၊ တန်းတူအခွင့်အရေးရဖို့ ကျနော်တို့ တောင်းဆိုချင်ပါတယ်။”

တခါ ပင်လုံစာချုပ်ပါအချက်တွေကို အကောင်အထည်ဖေါ်ဖို့ လက်တွေ့မှာ အားနည်းချက်တွေရှိနေတာနဲ့ပတ်သက်လို့ ဆွေးနွေးတင်ပြလာသူက ရှမ်းတိုင်းရင်းသား စိုင်းအောင်မြင့်ဦး ဖြစ်ပါတယ်။

“ပင်လုံစာချုပ်ကို ပင်လုံစိတ်ဓါတ်၊ ပင်လုံ ကတိကဝတ်တွေနဲ့ ဖေါ်ဆောင်မယ်ဆိုရင် နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်အနေနဲ့ ၂၁ ရာစုပင်လုံနဲ့ ချိပ်ဆက်ပြီးတော့ ဖေါ်ဆောင်မယ်လို့ ကျနော်တို့ ယုံကြည်ထားတယ်။ ဒါကိုလည်း ကျနော်တို့ ထောက်ခံပါတယ်။ ဒါပေမယ့် တကယ့်လက်တွေ့မှာတော့ မတွေ့ရသေးပါဘူး။ ဗမာလို စကားလုံးတွေနဲ့ပဲ ကြားနေရပြီး လက်တွေ့အကောင်အထည်ဖေါ်ရာမှာ အားနည်းတယ်လို့ ကျနော်တို့ မြင်တယ်။”

ဒေါ်အောင်ဆန်းစုကြည်ဘက်က တုန့်ပြန်ဆွေးနွေးချက်တွေထဲက အနှစ်ချုပ်ကို ကောက်နုတ်တင်ပြရရင် စစ်မှန်တဲ့ ဖယ်ဒရယ်ပြည်ထောင်စုကို တည်ဆောက်ဖို့ဆိုရင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြုပြင်ပြောင်းလဲရေး လမ်းကြောင်းနဲ့ သွားရမယ့် အချက်နဲ့ပတ်သက်လို့ သူက အခုလို ပြောကြားခဲ့ပါတယ်။

“ဒီဖွဲ့စည်းပုံအခြေခံဥပဒေဟာ ပြည့်ဝတဲ့ ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံဥပဒေတခုဖြစ်ဖို့ ကျမတို့ ပြုပြင့်သင့်တာတွေရှိတယ်ဆိုပြီး ကျမတို့ ဆွေးနွေးခဲ့ပါတယ်။ နောက်ပြီး နိုင်ငံတော်သမ္မတကြီး ကျမ်းကျိန်တဲ့နေ့မှာလည်း ဒီလိုပဲပြောခဲ့ပါတယ်။ စစ်မှန်တဲ့ ဖယ်ဒရယ်ပြည်ထောင်စုဖြစ်ဖို့အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြုပြင်ပြောင်းလဲသင့်သလို၊ ပြုပြင်ပြောင်းလဲရမယ်ဆိုတာလည်း ပါခဲ့ပါတယ်။ စောစောက ကျမပြောတဲ့အထဲမှာလည်း ဒီကိစ္စကို ၂၁ရာစုပင်လုံညီလာခံထဲမှာ လုပ်ဖို့ ဖြစ်တယ်။ အဲဒါဟာ နောက်ဆုံးနဲ့ အဓိကကျဆုံးဖြစ်တယ်။ အဲတော့ ကျမတို့ ဆွေးနွေးညှိုနှိုင်းပြီးလို့ရှိရင် တကယ့်ကိုစစ်မှန်တဲ့ ဖယ်ဒရယ်ပြည်ထောင်စုတခုပေါ်လာဖို့ အတွက် ဘယ်လိုဖွဲ့စည်းပုံအခြေခံဥပဒေကို ပြုပြင်ပြောင်းလဲမလဲဆိုတာ အဲဒီမှာ ဆွေးနွေးသွားရမှာဖြစ်ပါတယ်။”

ဒါအပြင် ၂၁ရာစုပင်လုံညီလာခံမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံးပါဝင်ခွင့်ရဖို့ လမ်းတွေအားလုံး အမြဲဖွင့်ထားကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပင်လုံငြိမ်းချမ်းရေး စကားဝိုင်းမှာ ပြောဆိုသွားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG