သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ငြိမ်းချမ်းရေးဆိုင်ရာ ပြဿနာတွေ အသိအမှတ်ပြုဖို့ ဒေါ်စုတိုက်တွန်း


နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ၂၁ ရာစုပင်လုံညီလာခံ အပိတ်မိန့်ခွန်းပြောကြားစဉ်။ (ဓာတ်ပုံ-VOA မြန်မာ)
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ၂၁ ရာစုပင်လုံညီလာခံ အပိတ်မိန့်ခွန်းပြောကြားစဉ်။ (ဓာတ်ပုံ-VOA မြန်မာ)

၂၁ ရာစုပင်လုံ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ပထမအကျော့ဟာ ဒီကနေ့ ပြီးဆုံးသွားခဲ့ပါပြီ။ ဒုတိယအကျော့ ညီလာခံကိုတော့ နောက် ၆ လ အကြာမှာ ကျင်းပဖို့ ရှိပြီး၊ ဒီကြားထဲမှာတော့ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ ပြုလုပ်သွားမှာဖြစ်ပါတယ်။ အခု ညီလာခံအတွင်း တင်ပြချက် တွေဟာ ပွင့်ပွင့်လင်းလင်းရှိသလို အပြန်အလှန်ဝေဖန်မှူတွေလည်း ရှိခဲ့တာပါ။ ဒါပေမယ့်လည်း ငြိမ်းချမ်းရေအတွက် ရှိနေတဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ အစိုးရအနေနဲ့ ရှေ့ကပဲဖြြစ်ဖစ် နောက်ကပဲ ဖြစ်ဖြစ် ရပ်တည်ပြီး ဖေးမလက်တွဲဆောင်ရွက်သွားပါ့မယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ကတိပေးသွားပါ တယ်။ နေပြည်တော် ငြိမ်းချမ်းရေးညီလာခံမှာရောက်နေတဲ့ ကိုသားညွန့်ဦးက သတင်းပေးပို့ထားပါတယ်။

လေးရက်ကြာကျင်းပခဲ့တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံအတွင်းမှာတော့ အစိုးရ၊ တပ်မတော်၊ နိုင်ငံရေးပါတီတွေ၊ နောက်ပြီးတော့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းအသီးသီးက သူတို့ရဲ့ ငြိမ်းချမ်းရေးနဲ့ပတ်သက်တဲ့ ရပ်တည်ချက်သဘောထားတွေကို ပွင့်ပွင့် လင်းလင်းပဲ စာတမ်းတွေ တင်သွင်း ဆွေးနွေးသွားတာ တွေ့ရပါတယ်။ ဒီနေရာမှာ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ အစည်းတွေကြားမှာ ငြိမ်းချမ်းရေးနဲ့ပတ်သက်လို့ သူတို့ရဲ့ ရပ်တည်ချက်သဘောထားတွေက အတော်လေး ကွဲလွဲနေတာမို့လို့ စိုးရိမ်မှု တွေလည်း ပေါ်ထွက်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ပြဿနာကိုစိုးရိမ်စရာ မလိုဘဲ နဲ့ ပြဿနာကိုရှောင်တာကမှ စိုးရိမ်စရာကောင်းတယ်ဆိုပြီး နိုင်ငံတော်ရဲ့ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အပိတ်မိန့်ခွန်းထဲမှာ ပြောသွားပါတယ်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နေပြည်တော်မှာကျင်းပတဲ့ ၂၁ ရာစုပင်လုံညီလာခံနောက်ဆုံးနေ့ တက်ရောက်လာစဉ်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နေပြည်တော်မှာကျင်းပတဲ့ ၂၁ ရာစုပင်လုံညီလာခံနောက်ဆုံးနေ့ တက်ရောက်လာစဉ်။

“အခုပြောသွားတဲ့ ပွင့်ပွင့်လင်းလင်းဝေဖန်တာတို့ တိုက်ခိုက်တာတို့လည်း ပါသွား ပါတယ်။ ဒီကိုယ်စားလှယ်တွေ ထဲမှာ ကျမကလည်း ဒီလိုဖြစ်တာဟာ ဘာမှ ကြောက်စရာ မရှိဘူးလို့ ကျမဒီလိုပဲယုံကြည်ပါတယ်။ စိုးရိမ်စရာ မရှိ ဘူး။ ပြဿနာကိုစိုးရိမ် စရာမရှိပါဘူး။ ပြသာနာကို မရှိချင်ယောင်ဆောင်နေရ တာဟာ ဒါကသာ စိုးရိမ်စရာဖြစ်ပါတယ်။ ပြဿနာ မရှိချင်ယောင်ဆောင်နေ ရင် ပြဿနာတွေ ဖြေရှင်းနိုင်မှာ မဟုတ်ပါဘူး။

ဒါကြောင့် သတ္တိရှိရှိနဲ့ ဒီပြဿနာတွေကို ရင်ဆိုင်မယ်ဖြေရှင်းနိုင်တဲ့ အရည်အချင်း တွေ မွေးထုတ်မယ်။ တစ်ဦးကိုတစ်ဦး ကူညီမယ်ဖေးမမယ်။ တစ်ဦးရဲ့ အမြင်တစ်ဦးက လေးစားမယ်၊ နားထောင်မယ်။ သဘောထားချင်း မတိုက်ဆိုင် ရင်တောင်မှ ဘာကြောင့် မတိုက်ဆိုင်တဲ့ သဘောထားတွေရှိနေလဲဆိုတာ စဉ်းစားရမယ်။ ဒါမှကျမတို့အားလုံးညီညီညွတ်ညွတ်နဲ့ လိုချင်တဲ့ငြိမ်းချမ်းရေး ပန်းတိုင်ကို ရောက်နိုင်မှာ ဖြစ်ပါတယ်။”

အတိတ်ရဲ့စီမံမှုကိုခံမယ့်အစား အနာဂတ်ကို စီမံကြဖို့နဲ့ မတူညီချက်တွေကို အပြန် အလှန်လေးစားခြင်းအားဖြင့် ငြိမ်းချမ်းရေးပန်းတိုင်ကို အရောက်သွားနိုင်မယ် လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။ အခု ၂၁ ရာစု ပင်လုံညီလာခံ ဆွေးနွေးချက်တွေအားလုံးကို နိုင်ငံပိုင် သတင်းဌာနတွေကနေ တိုက်ရိုက်ထုတ်လွှင့်ခဲ့တာပါ။ ဒါဟာ ပြည်သူတွေအနေနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ဟာ ဘယ်လောက်ခက်ခဲသလဲဆိုတာ သိနိုင်အောင်လို့နဲ့ ဘယ်သူတွေက ပြည်သူတွေ အပေါ် စေတနာထားတယ်ဆိုတာကို ပြည်သူတွေကိုယ်တိုင် ဆုံးဖြတ်နိုင် ဖို့ ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။

အခု ဆွေးနွေးပွဲအတွင်း ဖယ်ဒရယ်နဲ့ ပတ်သက်လို့အယူအဆ၊ ပြည်ထောင်စု တပ်မတော်ဖွဲ့စည်းမှု အယူအဆတွေမှာ တပ်မတော်နဲ့ တိုင်းရင်းသားတွေ အကြား၊ တိုင်းရင်းသားအချင်းအချင်းအကြားမှာ အတော်လေး မတူကွဲလွဲချက်တွေ ရှိပါတယ်။ ဒါ့အပြင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရှေ့ဆက် အကောင်အထည်ဖော်ရေးပိုင်းမှာလည်း အခက်အခဲတွေရှိနေပါတယ်။ ရှေ့တလ ဝန်းကျင်းမှာ ကျင်းပတော့မယ့် အမျိုးသား အဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ ကို တတ်ရောက်နိုင်ဖို့ NCA နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးစာချုပ်ကို လက်မှတ်ထိုးရမယ်လို့ တပ်ဘက်က လိုလားတဲ့ သဘောမှာတွေ့ရပါတယ်။ NCA လက်မှတ်မထိုးထားတဲ့ တိုင်းရင်းသားတွေ ဘက်ကတော့ ဒါကို ချိန်ဆနေ တုန်းပါ။ သူတို့ဘက်က လိုလားချက်တွေကို တောင်း ဆိုထားတယ်လို့ NCA လက်မှတ်ထိုးအဖွဲ့ထဲမှာမပါတဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ SSA ဒုဥက္ကဋ္ဌ စဝ်ခွန်ဆိုင်က ဗွီအိုအေကို ပြောပါတယ်။

“တပြည်လုံးအပစ်အခတ်ရပ်စဲရေး အစိုးရက ကြေညာပေးဖို့၊ ပြီးရင် တဆက်တည်း လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသားတွေနဲ့ တိုင်းရင်းသား အားလုံးပေါ့၊ ကြေညာ မယ်၊ ဒါက တချက်။ နောက်ပြီးတော့ အရေးအကြီးဆုံးက အားလုံးပါဝင်နိုင်ရေး၊ NCA ရဲ့ အပိုဒ် ၃၃ ပေါ့၊ ၃၃ ပဲ ရှိတယ်။ အားလုံးပါဝင်နိုင်ရေး- အဲဒီအတိုင်းလုပ်ဖို့၊ ဆိုတော့ နှစ်ဖွဲ့သုံးဖွဲ့လောက်ကို ချန်ထားခြင်းအားဖြင့် ပြည်တွင်းစစ်မီးကို မီးခဲပြာဖုံး ထားသလိုဖြစ်နေတယ်။ လေတွေဘာတွေ တိုက်လာရင် ဒီမီးပွားကလေး ဟာ တောမီးကြီး အဖြစ် လောင်သွားနိုင်တယ်။ ဒါကြောင့်မို့ ကျနော်တို့ ပြောတာပါ။ ငြိမ်းချမ်းရေးရချင်ရင် တပြည်လုံး အပစ်အခတ် ရပ်စဲရေးဆိုတဲ့ ဂုဏ်နဲ့ ဒြပ်နဲ့ညီဖို့ လိုတယ်။ အဲဒါမှသာလျှင် ကျနော်တို့က ဂုဏ်ရှိရှိ အားလုံး၊ နှစ်ဘက်စလုံးပေါ့နော်-အစိုးရနဲ့ ကျနော်တို့ဟာလည်း တန်းတူမျှတစွာနဲ့ လုပ်နိုင်ပါလိမ့်မယ်။”

မေး။ ။ အခု အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ မတိုင်ခင်မှာရော NCA လက်မှတ်ထိုးနိုင်မယ့် အနေအထား ရှိလား။

ဖြေ။ ။ အဲဒါကို ကျနော်တို့ ဆွေးနွေးမယ်၊ ဆက်ဆွေးနွေးမယ်။ ဆက်ဆွေးနွေး ပြီးတော့မှ ကျနော်တို့ ကြိုးစားပါမယ်။ သူတို့လိုချင်တဲ့အပိုင်းကိုလည်း ကျနော်တို့ ပစ်ပယ်မထားပါဘူး၊ ကျနော်တို့လည်း စဉ်းစားမှာပါ။ ကျနော်တို့လည်း ညှိနှိုင်းမှာပါ။ ကျနော်တို့လိုချင်တဲ့အပိုင်းကိုလည်း သူတို့ ပစ်ပယ်မထားဘဲနဲ့ အပြန်အလှန်ပေါ့နော်- တန်းတူမျှတစွာနဲ့ ဆက်လက်ဆွေးနွေးသွားဖို့ ကျနော်တို့ မျှော်လင့်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကတော့ အခု ၂၁ ရာစုပင်လုံညီလာခံဟာ ငြိမ်းချမ်းရေး ဖြစ် စဉ်ရဲ့ အစိတ်အပိုင်းတရပ်ဖြစ်တယ်လို့ ပြောပါတယ်။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ကိုလည်း ၃ နှစ်ကနေ ၅ နှစ်အထိ လုပ်သွားဖို့ ရည်မှန်းထားတာပါ။ လေ့လာသူ အချို့ကတော့ ငြိမ်းချမ်းရေးဖြစ်စဉ် တခုလုံး အောင်မြင်ဖို့ဆိုရင် ဒီထက် အချိန်ယူ ရနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီညီလာခံရဲ့ ရလဒ်မှာ မတူ ကွဲလွဲချက်တွေကို ပွင့်ပွင့်လင်းလင်း အပြန်အလှန် သိခွင့်ရလိုက်ကြသလိုပဲ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဟာ ခက်ခဲပြီး အပြန်အလှန်ယုံကြည်နားလည်မှုတွေ လိုအပ်နေတုန်းပဲဆိုတာကိုလည်း တွေ့လိုက်ကြရပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG