သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သတင်းထောက် ကိုနေမျိုးလင်း ထောင်ဒဏ် ၃ လ ချမှတ်ခံရ


မန္တလေးမြို့ ကျောင်းသားသပိတ် လှုပ်ရှားမှုတခုအတွင်း ရဲ က ဆန္ဒပြသူတွေကို တားဆီးစဉ်
မန္တလေးမြို့ ကျောင်းသားသပိတ် လှုပ်ရှားမှုတခုအတွင်း ရဲ က ဆန္ဒပြသူတွေကို တားဆီးစဉ်

မန္တလေးတရားရုံးတခုကနေ ဘီဘီစီ မြန်မာပိုင်းသတင်းထောက်တဦးကို ဝတ္တရားနှောက်ယှက်မှုနဲ့ အလုပ်နဲ့ထောင်ဒဏ် သုံးလ အမိန့်ချလိုက်ပါတယ်။ ပြီးခဲ့တဲ့နှစ်က မန္တလေးမြို့ ကျောင်းသားသပိတ် လှုပ်ရှားမှုတခုအတွင်း ရဲ နဲ့ ဆန္ဒပြသူတွေအကြား ရုန်းရင်းဆံခတ်ဖြစ်သွားခဲ့တဲ့အမှုပါ။ ဗွီအိုအေ သတင်ေးထာက် ကိုထက်အောင် စုံစမ်းမေးမြန်းပြီး သတင်းပေးပို့ထားပါတယ်။

ကျောင်းသားတွေရဲ့ ဒီမိုကရေစီ ပညာရေး သပိတ်စစ်ကြောင်းကို အကြမ်းဖက် ဖြိုခွဲခဲ့တဲ့ ဖြစ်ရပ်အပေါ်မှာ၊ပြီးခဲ့တဲ့နှစ် မတ်လ ၂၇ ရက်နေ့မှာ ကျောင်းသားကျောင်းသူတွေက မန္တလေးမြို့မှာ ကန့်ကွက်ဆန္ဒပြခဲ့ပါတယ်။

ဒီဆန္ဒပြမှုမှာ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ကျောင်းသား ၂ ဦးစီးလာတဲ့ ဆိုင်ကယ်တစ်စီးကို ဆွဲလှဲခဲ့တာကြောင့်ရဲတပ်ဖွဲ့ဝင်တွေနဲ့ ပြည်သူတွေကြား ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ပါတယ်။ အခုလို ရုန်းရင်းဆန်ခတ်မှုဖြစ်ပွားမှုမှာ ဘီဘီစီမြန်မာပိုင်းသတင်းထောက် ကိုနေမျိုးလင်းက ရဲတပ်ဖွဲ့ဝင်တစ်ဦးကို ကိုယ်ထိလက်ရောက် ကျုးလွန်ခဲ့တယ်ဆိုပြီးဝတ္တရားနှောက်ယှက်မှု ပုဒ်မ ၃၃၂ နဲ့ တရားစွဲဆိုခဲ့တာပါ။ ချမ်းမြေ့သာစည် တရားရုံးမှာ တရားရုံးချိန်း ၃၀ ကျော်နဲ့ ရုံးချိန်း တစ်နှစ်ကျော် စစ်ဆေးပြီးတဲ့နောက် ဒီကနေ့မှာတော့ သတင်းထောက်ကိုနေမျိုးလင်းကို အလုပ်နဲ့ ထောင်ဒဏ် ၃ လ ချမှတ်ခဲ့ပါတယ်။ ဒါနဲ့ပတ်သက်လို့ ကိုနေမျိုးလင်းကတော့ တရားစီရင်ရေးမဏ္ဍိုင်အပေါ် အခုလို ဝေဖန်လိုက်ပါတယ်။

“ပထမဆုံးအပြစ်ကျူးလွန်တာက ပြည်သူ့ရဲကိုယ်တိုင်အပြစ်ကျူးလွန်တာပါ။ သူတို့ ဒီရဲတာဝန်ထမ်းဆောင်တယ်လို့သာပြောတယ် ဒီရဲကျင့်ဝတ်အရ ဘယ်နေရာမှာမဆို တာဝန်ထမ်းဆောင်ခွင့်ရှိတာတော့မှန်တယ်။ ဒါပေမယ့် ကျောင်းသားဆန္ဒပြတာကို ဥပဒေမဲ့ ဆိုင်ကယ်ဆွဲလှည့်လိုက်တာက အများလည်းအမြင်ပါ။ ဒီဟာကိုကျတော့ မျက်ကွယ်ပြုပြီးတော့ ကျနော့်ကိုဒီ ၃၃၂ နဲ့စွဲပြီးတော့ အခုလို ထောင်ဒဏ် ၃ လ ချတာက လုံးဝကို မတရားပါဘူး။ တရားစီရင်ရေးအပေါ်မှာ အဖွဲ့အစည်းတခုခုကနေပြီးတော့ ဖိအားပေးနေတာရှိနေပါသေးတယ်။ တရားမျှတမှုမရှိသေးပါဘူး။”

ရဲတပ်ဖွဲ့ဝင်တွေရဲ့ တားဆီးမှုကြောင့် လဲသွားခဲ့တဲ့ ဆိုင်ကယ်ကို ကူညီထောင်မတ်ပေးနေတဲ့ ရဲအရာရှိတစ်ဦးကို ဆိုင်ကယ်တွန်းလဲခဲ့တယ်ဆိုပြီး အချင်းများခဲ့တာဖြစ်တယ်လို့ မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့ရုံးက ပြောပါတယ်။ ဒီဖြစ်စဉ်အတွင်း ဒုတပ်ကြပ် ဘမော် ဒဏ်ရာရခဲ့တာကြောင့် ချမ်းမြေ့သာစည်ရဲတပ်ဖွဲ့ရုံးက တရားလိုလုပ်ပြီး အမှု စွဲဆိုခဲ့တာပါ။ ကိုနေမျိုးလင်းရဲ့ရှေ့နေအဖြစ် ဆောင်ရွက်ခဲ့တဲ့ တရားလွတ်တော်ရှေ့နေ ဦးသိန်းသန်းဦးကတော့ ဒီပြစ်ဒဏ် အပေါ် အခုလို သုံးသပ်ပါတယ်။

“ကျနော်တော့ ပြင်းထန်တယ်လို့ ယူဆတယ်ခင်ဗျ။ အရင်တုန်းက ပြင်းပြင်းထန်ထန်ချတာကတော့ ဘာမှ မအံသြပါဘူး။ အခုဟာတော့ ကျနော်တို့က စနစ်သစ်ဖြစ်လာပြီလေ။ အစိုးရသစ်နဲ့ တိုင်းပြည်သစ်ကိုသွားကြမယ်။ ကျနော်တို့ မျှော်လင့်ချက်အသစ်တွေရှိရမယ့်အချိန်မှာ ဒါကတော့ နည်းနည်းဘဝမကျစရာပေါ့ဗျာ။ ဖြစ်တဲ့အဖြစ်အပျက်က ပြစ်မှုဆိုင်ရာပုဒ်မ ၃၃၂ ဆိုတာ ပြည်သူ့ဝန်ထမ်းကို လက်ရောက်တာပေါ့နော်။ ထိခိုက်စေတယ်ဆိုတာက မှန်ပါတယ် ဖြစ်စဉ်အရ။ ဒါပေမယ့် ဖြစ်သွားတဲ့ဖြစ်စဉ်က ရန်ငြိုးရန်စနဲ့ ဖြစ်ကြတာမဟုတ်ဘူးလေ။ ကျောင်းသားတွေချီတက်လာတဲ့အချိန်မှာ ရဲက တာဝန်အရတားတယ်။ ဗွီဒီယိုသမားတွေက မီဒီယာမှတ်တမ်းလိုက်ရိုက်တယ်။ အဲဒီအချိန်မှာ ဆိုင်ကယ်လဲပြီးတော့ ရုတ်ရုတ်သဲသဲဖြစ်သွားတဲ့အချိန်မှာ ရုတ်တရက်ဒေါသတွေဖြစ်သွားပြီးတော့ ဒေါသတွေဖြစ်သွားကြတာပဲ။ ကိုနေမျိုးလင်းရဲ့ အထိုးခံရတယ် ဒုတပ်ကြပ်ကို သိလည်းမသိဘူး ရန်ငြိုးရန်စလည်းမရှိဘူး။ ဖြစ်တာ ရဲနဲ့ဖြစ်တာဆိုတော့ ရဲက ပြည်ထဲရေးလက်အောင်ကိုဗျ။ အဲဒီသဘောတရားများပါလေသလားလို့ ကျနော်စဉ်းစားမိတယ်ခင်ဗျ။”

ကိုနေမျိုးလင်းရဲ့ ဒီပြစ်ဒဏ်အပေါ် ဇနီးဖြစ်သူ မဇာနည်မာန်ကတော့ အယူခံဝင်သွားမယ်လို့ ပြောပါတယ်။ ပြစ်ဒဏ်ချမှတ်ခံထားရတဲ့ သတင်းထောက် ကိုနေမျိုးလင်းကတော့ မြန်မာနိုင်ငံမှာ သတင်းထောက်တွေအပေါ် အကာအကွယ်ပေးမယ့် အဖွဲ့အစည်းတွေ မရှိဘူးလို့ ထောက်ပြဝေဖန်ခဲ့ပါတယ်။ အလုပ်နဲ့ ထောင်ဒဏ် ၃ လ ချမှတ်ခံထားရတဲ့ ကိုနေမျိုးလင်းကိုတော့ မန္တလေးမြို့အိုးဘိုထောင်ကို ပို့ဆောင်လိုက်ပြီဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG