သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုက်ပွဲပြင်း Aleppo မြို့က ဒေသခံတွေ ဘေးလွတ်ရာပြေး


လက်နက်ကိုင်တပ်တွေ ဝန်းရံခံထားရတဲ့ အလက်ပိုမြို့က ဒါဇင်နဲ့ချီတဲ့မိသားစုတွေဟာ လူမှုကယ်ဆယ်ရေးလုပ်ငန်းတွေအတွက် အစိုးရတပ်က လမ်းတွေ ဖွင့်ပေးလိုက်ချိန်မှာပဲ မြို့ထဲကနေ ထွက်ပြေးလာကြပါတယ်။ အလက်ပိုမြို့ကို ဆီးရီးယားအစိုးရတပ်တွေ ဝင်ရောက်တိုက်ခိုက်ပြီးတဲ့နောက် ဒီသီတင်းပတ်တွေနဲ့ချီ ပိတ်ဆို့ထားခဲ့တာပါ။ လူမှုအကူအညီတွေ ပေးနိုင်ဖို့အတွက် လမ်းတွေကိုဖွင့်ပေးဖို့ ကုလသမဂ္ဂနဲ့ အကူအညီပေးရေးအုပ်စုတွေက တောင်းဆိုနေခဲ့တာပါ။ မြို့တွင်းမှာအရပ်သားသုံးးသိန်းလောက် အစာရေစာ ပြတ်လပ်နေတယ်ဆိုပြီးတော့လည်း ဒီအဖွဲ့တွေက အသိပေးထားတာပါ။

ဒီအချိန်မှာပဲ ဆီးရီးယားနိုင်ငံထဲက IS စစ်သွေးကြွတွေကိုအမေရိကန်ဦးဆောင်တဲ့ ညွန့်ပေါင်းတပ်တွေ ထိုးစစ်ဆင်နေရာပါတယ်။ အလက်ပို မြို့အနီး၊ Manbij မြို့ကိုဦးတည် ထိုးစစ် ၁၁ ကြိမ်လုပ်ခဲ့ပြီး အကြမ်းဖက်သမားတို့ရဲ့ နည်းဗျူဟာစခန်းတွေ ၊ တိုက်ခိုက်နေတဲ့နေရာတွေကို ဦးတည်တိုက်ခိုက်နေတယ်လို့ အမေရိကန်တပ်ကဆိုပါတယ်။

IS စစ်သွေးကြွတွေက မြို့ကို ဆက်ပြီး ထိန်းချုပ်ထားတယ်လို့ ရှေ့တန်းကလာတဲ့ သတင်းကိုအခြေခံပြီး တာဝန်ရှိသူတွေက သောကြာနေ့မှာ ပြောပါတယ်။

ဆီးရီးယားမြောက်ပိုင်းက Manbij မြို့အပါအဝင် Aleppo အနီးတဝိုက်ကိုထိုးစစ်ဆင်နေရာမှာ IS တို့ရဲ့ နည်းဗျူဟာဆိုင်ရာဌာန ၁၉ ခု၊ စစ်သွေးကြွတွေ တိုက်ခိုက်နေတဲ့ နေရာ ၁၇ နေရာ၊ IS တို့အသုံးပြုနေတဲ့ လက်နက်ကြီးတလက် နဲ့ မော်တော်ယာဉ် ၂ စင်းကိုလည်း ဖျက်ဆီးလိုက်တယ်လို့ အမေရိကန် ဗဟိုစစ်ဌာနချုပ်က ဆိုပါတယ်။

Manbij မြို့လည်ခေါင်ကို ညွန့်ပေါင်းတပ်တွေကဆက်ပြီး လေကြောင်းထိုးစစ်ဆင်နေတယ်လို့ VOA ကာ့ဒ် သတင်းဌာနက ဆိုပါတယ်။ စစ်သွေးကြွတွေရဲ့အမာခံမြို့ဖြစ်တဲ့ Manbij ကိုညွန့်ပေါင်းတပ်တွေက လေကြောင်းကနေ ဝိုင်းတိုက်နေချိန်မှာပဲIS တို့ကို ဆန့်ကျင် တိုက်ခိုက်တဲ့ မြေပြင်ကတိုက်ခိုက်ရေးသမားတွေကလည်း သူပုန်တွေကိုတလမ်းဝင်တလမ်းထွက် ဆက်ပြီး တိုက်ခိုက်နေကြတာ ပါ။ ညွန့်ပေါင်းတပ်ရဲ့ လေကြောင်းထိုးစစ်တွေကြောင့် အရပ်သားသေဆုံးမှုရှိတယ်ဆိုတဲ့ တတိယမြောက်စွပ်စွဲချက်ကို အမေရိကန်စစ်တပ်က ဆန်းစစ်လေ့လာနေတာပါ။ လေကြောင်းထိုးစစ်တွေကြောင့် အရပ်သားသေဆုံးမှုရှိတယ်ဆိုတဲ့ အလားတူ စွပ်စွဲချက် ၂ ခုကို စုံစမ်းစစ်ဆေးနေချိန်မှာပဲ ကြာသပတေးနေ့က လေကြောင်းထိုးစစ်တွေကြောင့် အရပ်သား ၂၅ ဦးသေဆုံးခဲ့တယ်ဆိုတဲ့ လူ့အခွင့်အရေးအဖွဲ့တွေရဲ့ ပြောဆိုချက်ကို စတင် စုံစမ်းနေပြီလို့ ပင်တဂွန်စစ်ဌာန ပြောခွင့်ရ Peter Cook ကသတင်းထောက်တွေကို သောကြာနေ့က ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG