သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယားငြိမ်းချမ်းရေးအတွက် သမ္မတ Al-Assad နုတ်ထွက်ဖို့ ကန်လိုလား


သမ္မတ Al-Assad
သမ္မတ Al-Assad

ဆီးရီးယား သမ္မတ Bashar al-Assad အာဏာ တည်မြဲနေသမျှ ဆီးရီးယား ငြိမ်းချမ်းရေး ဖြစ်လာမှာ မဟုတ်ဘူးလို့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီးက ပြောဆိုလိုက်ပါတယ်။ သမ္မတ အာဆဒ် အစိုးရကို ဦးဆောင်နေသမျှ ဘယ်လိုနည်းနဲ့မှ နိုင်ငံရေး အဖြေတခု ထွက်လာစရာ မရှိဘူးလို့ သံအမတ်ကြီး Nikki Haley ရဲ့ ပြောဆိုချက်ကို CNN သတင်းဌာနက ဒီကနေ့ တနင်္ဂနွေနေ့မှာ ထုတ်လွှင့်ပါတယ်။

တချိန်တည်းမှာဘဲ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Rex Tillerson ကလည်း ဆီးရီးယား နိုင်ငံတွင်း အစ္စလာမ္မစ် အစွန်းရောက် IS အဖွဲ့ကို ချေမှုန်းရေးကို ဦးစားပေး အဖြစ် ဆောင်ရွက်ဆဲ ဖြစ်တယ်လို့ ပြောဆိုထားပါတယ်။

ပထမ ဦးစားပေးက ISIS ကို ချေမှုန်းရေး ဖြစ်ပြီး၊ ISIS ရဲ့ ခြိမ်းခြောက်မှုကို လျှော့ချနိုင်ပြီ၊ ရှင်းလင်းနိုင်ပြီဆိုတဲ့ အချိန်မှာ ဆီးရီးယား နိုင်ငံတွင်း တည်ငြိမ်ရေးကို လှည့်နိုင်မယ်လို့ ယူဆတဲ့ အကြောင်း နိုင်ငံခြားရေး ဝန်ကြီးရဲ့ မှတ်ချက်ပေး ပြောဆိုချက်ကို CBS ရုပ်သံရဲ့ Face the Nation အစီအစဉ်ကနေ ဒီကနေ့ ထုတ်လွှင့်သွားပါတယ်။ မနေ့ စနေနေ့တုန်းကတော့ အမေရိကန်တို့ ပြီးခဲ့တဲ့ သောကြာနေ့က ပဲ့ထိန်းတပ် ဒုံးကျည်နဲ့ တိုက်ခိုက်ခဲ့တဲ့ ဆီးရီးယား လေတပ် အခြေစိုက် စခန်းက စစ်လေယာဉ်တွေ ပြန်လည် ပျံသန်းနေတယ်လို့ ပြည်နယ် အုပ်ချုပ်ရေးမှူး တဦးက ပြောဆိုပါတယ်။

အမေရိကန်တို့ ပစ်မှတ်ထား တိုက်ခိုက်ခဲ့တဲ့ ဆီးရီးယား လေတပ် အခြေစိုက် စခန်းက ပထမ အဆင့် ပြန်လည် လည်ပတ်နေတယ်လို့ သူက ပြောဆိုတာပါ။ အမေရိကန်တိ့ု ဒုံးကျည်နဲ့ တိုက်ခိုက်ခဲ့တဲ့ Shayrat လေတပ် အခြေစိုက်စခန်းမှာ အကြီးအကျယ် ပျက်စီးခဲ့ရတယ်လို့ ဆီးရီးယား အစိုးရက ပြောဆိုပြီး နာရီပိုင်းအကြာမှာဘဲ Homs ပြည်နယ် အုပ်ချုပ်ရေးမှူး Talal Barazi ရဲ့ ပြောဆိုချက် ထွက်ပေါ်လာတာပါ။ အသေးစိတ် အချက်အလက်တွေကိုတော့ အုပ်ချုပ်ရေးမှူး Barazi က ထုတ်ဖော်ပြောဆိုတာ မရှိပါဘူး။ လေတပ် အခြေစိုက် စခန်း အခြေအနေအပေါ် ဆီးရီးယား အစိုးရကို အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာနက မေးခွန်းထုတ်ပါတယ်။ ဆီးရီးယားနိုင်ငံ Sheikhoun မြို့ငယ်လေး အနီး အနည်းဆုံး အရပ်သား ၁၈ ဦး သေဆုံးခဲ့ရတဲ့ မနေ့ စနေနေ့က တိုက်ခိုက်မှုမှာ Shayrat လေတပ် အခြေစိုက်စခန်းက လေယာဉ်တွေ ပါဝင် တိုက်ခိုက်ခဲ့သလားဆိုတာကတော့ ရှင်းရှင်းလင်းလင်း မရှိသေးပါဘူး။

ဆီးရီးယား စစ်လေယာဉ်တွေ အခြေစိုက် စခန်းကနေ ပျံသန်းထွက်ခွာ နိုင်တဲ့ အခြေအနေ ရှိနေပြီး ပြည်နယ် အရှေ့ပိုင်းက သူပုန် ပစ်မှတ်တွေကို တိုက်ခိုက်ခဲ့တယ်လို့ ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့က ပြောဆိုထားတာပါ။ စနေနေ့က တိုက်ခိုက်မှုတွေကတော့ ရုရှား စစ်လေယာဉ်တွေရဲ့ လက်ချက် ဖြစ်နိုင်တယ်လို့လည်း စောင့်ကြည့်ရေး အဖွဲ့က ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG