သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အဂတိလိုက်စားမှုတိုင်ကြားချက် တနင်္သာရီတိုင်းလွှတ်တော် တာဝန်ရှိသူတွေကို စစ်ဆေး


တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်(MOI)
တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်(MOI)

တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်မှာ လွှတ်တော်ခေါင်းဆောင်တချို့ အဂတိလိုက်စားမှု တိုင်ကြားချက်နဲ့ ပတ်သက်လို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ဗဟိုက တာဝန်ရှိသူတွေက စုံစမ်းဆေးနေပြီး တိုင်ကြားချက်နဲ့ ညှိစွန်းမှုတချို့ တွေ့ရတယ်လို့ NLD တာဝန်ရှိသူတဦးက ပြောပါတယ်။ တနင်္သာရီတိုင်း လွှတ်တော်အဆောက်အဦး တည်ဆောက်ဖို့ တင်ဒါချပေးတာမှာ လွှတ်တော်ဥက္ကဋ္ဌနဲ့ ဒုဥက္ကဋ္ဌတွေက နီးစပ်ရာဆွေမျိုးတွေကို တင်ဒါပေးခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ပတ်သက်လို့ စစ်ဆေးနေတာ ဖြစ်ပါတယ်။ ဆက်သွယ်စုံစမ်းထားတဲ့ မခင်ဖြူထွေးက ပြောပြပေးပါမယ်။

တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်မှာ လွှတ်တော်ဥက္ကဋ္ဌနဲ့ ဒုက္ကဋ္ဌတွေက လွှတ်တော်အဆောက်အဦး တည်ဆောက်မယ့်ကိစ္စမှာ နီးစပ်ရာ ဆွေမျိုးတချို့ကို တင်ဒါချပေးခဲ့တယ်လို့ဆိုပြီး လွှတ်တော်ကိုယ်စားလှယ်တချို့က ဒီအပေါ် တိုင်ကြားခဲ့ကြတာပါ။ ဒါနဲ့ပတ်သက်ပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဦးဆောင်မှုအပိုင်းက စုံစမ်းစစ်ဆေးတာတွေ လုပ်နေတာမှာတော့ ဒီတိုင်ကြားချက်နဲ့ ညှိစွန်းနေတာတချို့ တွေ့ထားရတယ်လို့ NLD ပြောခွင့်ရ ဦးဉာဏ်ဝင်းက ဗွီအိုအေကို ပြောပါတယ်။

“ကျနော်တို့ စုံစမ်းစစ်ဆေးမှုလုပ်တဲ့အခါမှာ တဦးပေါ့လေ ကျနော်တို့ မကြေညာသေးတော့ တဦးလို့ပဲပြောပါရစေ၊ တဦးက အနည်းငယ် ငြှိစွန်းမှုရှိတယ်။ နော်အဲဒီတော့ ဒါနဲ့ ပတ်သက်ပြီးတော့လည်း ဆက်လက်ပြီး မေးမြန်းစရာလေးတွေရှိတယ်။ အဲဒါလုပ်နေပါတယ် အဲဒါပြီးတော့မှ ဘာဆုံးဖြတ်ရမလဲဆိုတာပေါ်လာမှာပါ။”

ဆွေမျိုးတွေကို တင်ဒါပေးခဲ့တယ်ဆိုတဲ့ကိစ္စမှာ လူထုတွေရဲ့ မကျေမနပ် ပြောသံတွေ ထွက်လာပြီးတဲ့နောက် ဒီတင်ဒါကို ချက်ချင်း ပြန် ဖျက်ပေးခဲ့ပေမဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကတော့ ဒါဟာ လွှတ်တော်ရဲ့ ဂုဏ်သိက္ခာကို ညှိုးနွမ်းစေတဲ့ကိစ္စဖြစ်လို့ မကျေမနပ် ဖြစ်ပြီး တိုင်ကြားခဲ့ကြတာလို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တဦးဖြစ်တဲ့ ဦးလှထွေးက ပြောပါတယ်။

“ ပထမကျနော်တို့ တင်ဒါကော်မတီဖွဲ့တာတို့၊ တင်ဒါ ပေးတာတို့က ကိုယ်စားလှယ်တွေက မသိဘူးပေါ့နော် တင်ဒါအောင်စာရင်းထွက်တော့မှ ကိုယ်စားလှယ်တွေသိတယ် လွှတ်တော်အဆောက်အဦးနဲ့ ပတ်သက်ပြီးတော့မှ ၊ အောင်စာရင်းထွက်ပြီး တပတ်အကြာပေါ့ သူတို့ ကြေညာတာက ရက်၂၀ ၊ ၂၈ ရက်နေ့မှာတော့ တချို့လူထုကနေပြီးတော့ ဆွေမျိုးသားချင်းတွေပေးတယ် မကျေနပ်ဘူး အသံတွေထွက်လာတော့ ၊ တင်ဒါဥက္ကဋ္ဌကနေပြီးတော့ အောင်စာရင်းကို ဖျက်လိုက်တယ်ခင်ဗျ။ အဲဒီ ဖျက်လိုက်တဲ့အပေါ်မှာမှ ခုနက ဆွေမျိုးသားချင်းပေးတယ်ဆိုပြီး လူထုကနေအော်လို့ ဖျက်လိုက်တဲ့အပေါ်မှာ ကျနော်တို့ ကိုယ်စားလှယ်တွေကနေပြီးတော့ ကျနော်တို့ လွှတ်တော်သိက္ခာအတွက် မကြေမနပ်ဖြစ်တာပါ။”

ဒီတင်ဒါကိစ္စအပြင် တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်အနေနဲ့ ပြီးခဲ့တဲ့တနှစ်နီးပါးကာလ အတွင်း လုပ်ဆောင်ရမယ့်တာဝန်တွေကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်ခြင်းမရှိတဲ့အပေါ်မှာလည်း လွှတ်တော်ကိုယ်စားလှယ်တွေက မကျေမနပ်ဖြစ်ပြီး အခုလို တိုင်ကြားမှုတွေ ဖြစ်လာရတာလို့လည်း ဦးလှထွေးက ပြောပါတယ်။

“ဒီတင်ဒါကိစ္စပေါ်မှာလည်း မူတည်ပါတယ်။ နောက်ပြီးတော့ ကျနော်တို့ တိုင်းလွှတ်တော်အနေနဲ့ ဥပဒေပြုရေး မဏ္ဍိုင် ပေါ့ ၊ အခုဆိုရင် တနှစ်ပြည့်တော့မယ် ၊တနှစ်ပြည့်တော့မယ့် အချိန်အပေါ်မူတည်ပြီးတော့ ကျနော်တို့လွှတ်တော်လုပ်ဆောင်ချက်ပေါ့ ။ အဓိကတော့ ကိုယ်စားလှယ်တွေရဲ့ မေးခွန်းအဆိုတွေပဲ ရှိတယ်။ လွှတ်တော်ရဲ့ လုပ်ဆောင်ချက်က ဥပဒေပြုရေးက မရွေ့ဘူးပေါ့၊ ပုံမပေါ်ဘူးပေါ့။ ပိုဆိုးတာက ကျနော်တို့ တိုင်စာတက်တဲ့အချိန်မှာ ဥပဒေပြုရေး ကော်မရှင်တို့ ဘဏ္ဍာရေးကော်မရှင်တို့ မဖွဲ့နိုင်ဘူး ဥက္ကဌတို့ ဒု ဥက္ကဋ္ဌတို့က ။ ကျနော်တို့ တိုင်စာတက်ပြီးတဲ့အချိန်မှာ ဖွဲ့လိုက်တာပေါ့နော် အခုတော့ ဖွဲ့ပြီးပါပြီ။ လွှတ်တော်လုပ်ငန်းမလုပ်နိုင်တဲ့အပေါ်မှာလည်း မူတည်ပါလိမ့်မယ်။”

တင်ဒါကိစ္စ တိုင်ကြားချက်နဲ့ပတ်သက်လို့ တိုင်ကြားတဲ့လွှတ်တော်အမတ် လေးဦးကိုရော၊ တိုင်ကြားခံရတဲ့ လွှတ်တော်ဥက္ကဋ္ဌနဲ့ ဒုဥက္ကဋ္ဌ နှစ်ဦးစလုံးကိုပါ ပြီးခဲ့တဲ့လကစလို့ ပါတီဗဟိုကနေ ခေါ်ယူ စစ်ဆေးတာတွေ လုပ်ခဲ့တာပါ။ နောက်ဆုံး စစ်ဆေးမှုတွေ အပြီးသတ်တဲ့အခါ ကျရင်တော့ ဆုံးဖြတ်ချက်ထွက်လာမှာဖြစ်တယ်လို့လည်း ဦးဉာဏ်ဝင်းက ပြောပါတယ်။ အလားတူ မွန်ပြည်နယ်အတွင်းမှာလည်း NLD တာဝန်ရှိသူတချို့ အဂတိလိုက်စားမှုရှိတယ်ဆိုတဲ့ တိုင်ကြားချက်အပေါ် NLD ပါတီဗဟိုက စုံစမ်းစစ်ဆေးတာတွေ လုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG