သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တက္ကစီယာဉ်မောင်း ဦးနေဝင်း ဈာပန လူထောင်ချီ ပို့ဆောင်


ရန်ကုန်မြို့ရေဝေးသုသာန်မှာ ကျင်းပတဲ့ တက္ကစီယာဉ်မောင်း ဦးနေဝင်း ဈာပန အခမ်းအနား
ရန်ကုန်မြို့ရေဝေးသုသာန်မှာ ကျင်းပတဲ့ တက္ကစီယာဉ်မောင်း ဦးနေဝင်း ဈာပန အခမ်းအနား

NLD ဥပဒေအကြံပေးဦးကိုနီကို ရန်ကုန်လေဆိပ်မှာလုပ်ကြံခဲ့တဲ့ သေနတ်သမားကို ဖမ်းပေးဖို့ကြိုးစားရင်း သေနတ်သမားရဲ့လက်ချက်နဲ့ သေဆုံးသွားခဲ့သူ Taxi ယာဉ်မောင်းဦးနေဝင်းရဲ့ဈာပနအခမ်းအနားကို ရန်ကုန်မြို့ရေဝေးသုသာန်မှာ အင်္ဂါနေ့ကပြုလုပ်ခဲ့တာမှာ လူပေါင်း ထောင်နဲ့ချီ လိုက်ပါပို့ဆောင်ခဲ့ကြပါတယ်။ ဦးကိုနီရဲ့ မိသားစုဝင်တွေ၊ NLD ပါတီနာယက ဦးတင်ဦးနဲ့ နိုင်ငံရေးလောကက ထင်ရှားသူတွေ၊ တာဝန်သိပြည်သူတွေအပြင် ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှုးနဲ့ လေတပ်စခန်းဌာနချုပ်မှုးတို့လည်း ဦးနေဝင်းရဲ့ဈာပနအခမ်းအနားကို တက်ရောက်ခဲ့ပါတယ်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ သူရဲကောင်းတယောက်အသက်ပေးခဲ့တယ်ဆိုတာ ယုံတမ်းပုံပြင်မဟုတ်ဘဲ အမြဲအမှတ်ရစရာဖြစ်နေလိမ့်မယ်လို့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေး ပွင့်လင်းလူ့အဖွဲ့အစည်းခေါင်းဆောင် ကိုမင်းကိုနိုင်က အသုဘအခမ်းအနားမှာ ပြောခဲ့ပါတယ်။

အသက် ၄၈ နှစ်မှာ ကွယ်လွန်သွားတဲ့ ဦးနေဝင်းမှာ ဇနီးသည်နဲ့ အသက် အသက် ၇ နှစ်၊ ၄ နှစ်နဲ့ ၄၅ ရက်သားအရွယ် ကလေး ၃ ယောက် ကျန်ရစ်ပါတယ်။ ဦးနေဝင်းရဲ့ သားသမီးတွေအတွက် ပညာရေးထောက်ပံ့ငွေအဖြစ် သမ္မတဦးထင်ကျော်နှင့်ဇနီးဒေါ်စုစုလွင်တို့က ငွေကျပ် ၆သိန်း ထောက်ပံ့ခဲ့ပါတယ်။ NLD ပါတီကလည်း ကလေးတွေပညာရေးအတွက် တာဝန်ယူသွားမယ်လို့ပြောပါတယ်။

ကလေးတွေရဲ့ပညာရေးကို ထောက်ပံ့ဖို့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းကလည်း ရန်ပုံငွေတစ်ခု မတည်ထားပြီး အလှူငွေထည့်နိုင်ကြောင်း ကြေညာထားပါတယ်။ လူသတ်သမားကို ဖမ်းမိအောင် အသက်စွန့်ကြိုးစားပေးခဲ့သူရဲ့ ကျန်ရစ်သူမိသားစုဝင်တွေအတွက် ပုဂ္ဂလိကကုမ္ပဏီတွေ၊ လူပုဂ္ဂိုလ်တစ်ဦးချင်းစီနဲ့ အဖွဲအစည်းတွေကလည်း အလှူငွေတွေ ထည့်ဝင်လှူဒါန်းနေကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG