သုံးရလွယ်ကူစေသည့် Link များ

ထိုင်းရောက် မြန်မာဒုက္ခသည် ဒုအသုတ် ပြည်တော်ပြန်နိုင်ရေး စီစဉ်

  • အေးအေးမာ

ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်းများ မှ မြန်မာနိုင်ငံ၌ ပြန်လည်နေထိုင်လိုသည့် မြန်မာနိုင်ငံ သားများ (ပအသုတ်) အား ကြိုဆိုလက်ခံခြင်း အခမ်းအနား။

ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်းများ မှ မြန်မာနိုင်ငံ၌ ပြန်လည်နေထိုင်လိုသည့် မြန်မာနိုင်ငံ သားများ (ပအသုတ်) အား ကြိုဆိုလက်ခံခြင်း အခမ်းအနား။

ထိုင်းနိုင်ငံမှာ ရောက်နေကြတဲ့ မြန်မာဒုက္ခသည်တွေက တချို့ကို ဒုတိယအသုတ် အဖြစ် နေရပ်ပြန်နိုင်ဖို့ ၂ နိုင်ငံအစိုးရ တာဝန်ရှိသူတွေ၊ ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး UNHCR နဲ့ အစိုးရအဖွဲ့အစည်းမဟုတ်တဲ့ NGOs တွေ ပူးပေါင်း စီစဉ်နေကြပါတယ်။ ဒါပေမဲ့လည်း ကိုယ့်သဘောဆန္ဒနဲ့ နေရပ်ပြန်တဲ့ အစီအစဉ်ရဲ့ ပထမတသုတ်မှာ လိုက်ပါသွားသူတွေကြား အခက်အခဲတွေ ကြုံရတဲ့ သတင်းတွေကြောင့် မြန်မာဒုက္ခသည်တွေ နေရပ်ပြန်ရေး တွန့်ဆုတ်နေကြပါတယ်။ အပြည့်အစုံကိုတော့ ထိုင်းအခြေစိုက် ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် မအေးအေးမာ က သတင်းပေးပို့ထားပါတယ်။

ထိုင်းမြန်မာနယ်စပ် နို့ဖိုးဒုက္ခသည်စခန်းက ဒုက္ခသည် ၆၅ဦးကို ပြီးခဲ့တဲ့အောက်တိုဘာလ ၂၅ရက်နေ့ က နေရပ်ရင်းကိုပြန်ပို့ခဲ့ပြီးတဲ့နောက် မိမိဆန္ဒနဲ့ နေရပ်ပြန်ချင်သူ နောက်ထပ် လူ၁၀၀လောက်ကိုလည်း ဒုတိယအသုတ် အနေနဲ့ နေရပ်ရင်းတွေပြန်ပို့ပေးဖို့ အတွက် နှစ်ဘက်အစိုးရတွေက စီစဉ်နေကြတာပါ ဒီထဲက စာရင်းပေးထားတဲ့ ဒုက္ခသည်တဦးကတော့ နေရပ်ရင်းကိုပြန်ချင်ပေမဲ့ ပထမအသုတ်က ဒုက္ခသည်တွေ အဆင်ပြေတာကို သိပ် မတွေ့ရသေးတဲ့ အတွက် ပြန်ဖို့ မဖြစ်နိုင်သေးဘူးလို့ ဆိုပါတယ်။

" ဟိုဘက်ကလူတွေ အဆင်မပြေဘူးလို့ ကြားတဲ့အတွက်ကြောင့် မသွားချင်တာပေါ့။ အဆင်မပြေနိုင်ဘူး။ ဒီမှာက နှစ်ရှည်လများဖြစ်သွားတာကိုး။ ဟိုဘက်ပြန်ရောက်တဲ့ အခါမှာ ပြန်လည် ထူထောင်ရေးအတွက်က ဘယ်လိုမှ ရုန်းလို့ကန်လို့ သိပ်ပြီးတော့ အဆင်ပြေမယ့်ပုံစံ မမြင်တော့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဟိုဘက်က အစိုးရ အနေနဲ့ကလည်း ကျနော်တို့ကို ခေါ်တာမဟုတ်ဘူး။ ဒီပိုင်းလော့်ပရိုဂျက် ဆိုတာကိုက သူတို့စီမံချက်နဲ့ သူတို့သွားတဲ့လမ်းကြောင်း။ ဟိုဘက်က အစိုးရက ပြန်လာဖို့ခေါ်တယ်ဆိုလို့ရှိရင် အဲ့ဒီ့မှာ ကျနော်တို့က တာဝန်ယူမှု၊ တာဝန်ခံမှုတွေ မေးရမယ်လေ။ "

မယ်လစခန်းကဒုက္ခသည်တဦးကလည်း နေရပ်ပြန်ဖို့အတွက်ပထမအသုတ်ကတည်းကစာရင်းပေးသွင်းထားပေမဲ့ အခုထက်ထိတော့ပြန်ဖို့အတွက်မရေရာသေးဘူးလို့ ဆိုပါတယ်။ မယ်လစခန်းမှာလည်း UNHCR ကတော့ ဒုက္ခသည်စခန်းတိုင်းမှာ ဌာနေပြန်သွားနိုင်ရေး အကျိုးဆောင်ဌာနတွေကို ဖွင့်လှစ်ထားပေမဲ့ စာရင်းသွင်းတဲ့သူတွေ နည်းပါးနေတယ်လို့လည်း ပြောဆိုသွားပါတယ်။

" ဟိုဘက်က ပြန်တဲ့သူတွေနဲ့ အဆက်အသွယ်တော့ရပါတယ်။ ရတော့ အဲ့ဒီ့က အခြေအနေကို ကြည့်ပြီးတော့မှ ကျနော်တို့ပြန်မယ် ဆိုပြီးတော့ ဆုံးဖြတ်ထားတယ်။ သူတို့လည်း အခြေအနေမကောင်းသေးဘူးဆိုတော့ ကျနော်တို့က ဆုံးဖြတ်ချက် ချတာ နည်းနည်းခက်နေတယ်။"

ပထမဦးအသုတ်အနေနဲ့ နေရပ်ရင်းကိုပြန်သွားကြသူတွေထဲက ဒုက္ခသည် ၁၇ဦးကတော့ ရန်ကုန်က လူမူဝန်ထမ်း ကယ်ဆယ်ရေး နဲ့ နေရာပြန်လည်ချ ထားရေးဝန်ကြီးဌာနကကနေ စီစဉ်ပေးထားတဲ့ဂိုဒေါင်တခုမှာနေထိုင်ရပြိး စားသောက်ဖို့အတွက် တနေ့ကိုကျပ်ငွေ ၃၀၀၀ ပေးထားကြောင်း နဲ့ နေထိုင်ဖို့အိမ်ကိစ္စတွေ အပါအ၀င် ကလေးတွေ ပညာရေးတွေ အတွက် စီစဉ်ပေးမူတွေ မရှိတာကြောင့် အခက်အခဲတွေဖြစ်နေရတယ် လို့ နေရပ်ရင်းကို ပြန်ခဲ့တဲ့ ဒုက္ခသည်တဦးဖြစ်တဲ့ ဒေါ်ခင်စန်းရီကပြောပါတယ်။

" အခုက ဒီမှာတော့ ကိုယ့်မှာ ဘယ်ကျောင်းအပ်မလဲ။ ကိုယ့်မှာ ဘယ်မှ အတည်တကျမဖြစ်သေးတော့ ဘယ်ကျောင်းမှ အပ်လို့မရသေးဘူး။ ဒါပေမဲ့ စစ်မှုထမ်းဟောင်း ကိုသန့်စင်မောင်ရဲ့ အမျိုးတွေကတော့ ကလေးတွေ ဒီအတိုင်းမထားနဲ့ ငါတို့ခေါ်သွားမယ်။ ကျောင်းအပ်ပေးမယ်ဆိုပြီးတော့ လှိုင်မြို့နယ်မှာ သွားအပ်တယ်တဲ့။ သွားအပ်တော့ အပ်မရဘူးတဲ့။ ပညာရေးဝန်ကြီးဌာနက ညွှန်ကြားထားတာ ဘာမှ မရှိလို့တဲ့။ အဆင်သင့်က ဘာမှ မဖြစ်သေးတာ။ လွန်ခဲ့တဲ့ခြောက်လလောက်ကတည်းက ကျမတို့ ပေးထားတာလေ စာရင်းကို။ ကျမတို့ကမ့်ထဲကို လာပြီးတော့ နိုင်ငံခြားရေးဌာနက ညွှန်ကြားရေးမှူး ဦးစိန်ဝင်း သူကိုယ်တိုင် လာတယ်လေ။ လဝကပါတယ်လေ။ အထွေထွေအုပ်ချုပ်ရေးမှူး ပါတယ်လေ။"

ရန်ကုန်ပြန်ရောက်နေတဲ့ ဒုက္ခသည်တွေကိုတော့ တရားဝင် မဟုတ်တဲ့ နှုတ်စကားတွေနဲ့ ၉၈သိန်းတန် တန်ဖိုးနည်းအိမ်ယာတွေကို အကြွေးစနစ်နဲ့ ၀ယ်ယူလို့ရတယ်လို့ သူတို့ကို ကူညီပေးနေတဲ့ ၀န်ထမ်းတွေက ပြောဆိုခဲ့ပေမဲ့ ဒုက္ခသည်တွေကတော့ ပထမအရစ်အနေနဲ့ ချက်ချင်းသွင်းရမယ့် ကျပ်ငွေ သိန်း၃၀ ဆိုတဲ့ငွေကြေးကို မတတ်နိုင်ကြသလို ဒီကိစ္စနဲ့ပတ်သက်လို့ တရားဝင်အရ တိကျတဲ့ဆွေးနွေးမူတွေ မရှိသေးဘူးလို့ ဆိုပါတယ်။

ဒုက္ခသည်တွေနေရပ်ရင်းကို ပြန်နိုင်ရေးအတွက် အိုးအိမ်နေရာချထားရေးကိစ္စတွေကို စီစဉ်ပေးဖို့ တိကျကောင်းမွန်တဲ့အစီစဉ်တွေ အာမခံချက်ရှိတဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေ ဖန်တီးပေးနိုင်ရေး အပါအ၀င် လုံခြုံရေးနဲ့ နေထိုင်ရေး ကိစ္စတွေ အားလုံးကို အစီစဉ်တကျရေးဆွဲဖို့ အတွက် ဒုက္ခသည်တွေဘက် ကတောင်းဆိုခဲ့ကြပြီး အများစုကတော့ ဒီလိုအခြေအနေတွေ မဖြစ်လာသေးတဲ့ အတွက် နေရပ်ကိုပြန်ဖို့အတွက် တွန့်ဆုတ်နေကြဆဲဖြစ်ပါတယ် ။

အောက်တိုဘာလတုန်းက ပထမအသုတ်အနေနဲ့ ဒုက္ခသည်တွေကို ပြန်ပို့တဲ့အခါမှာ ကရင်ဒုက္ခသည်ကော်မတီကိုလည်း တိုင်ပင်ဆွေးနွေးညှိနှိုင်းတာတွေ မရှိတဲ့အတွက် ဒုက္ခသည်ကော်မတီဘက်ကလည်း ဒီကိစ္စကို ဘာမှ သိရှိထားတာမရှိဘူးလို့ ဆိုပါတယ် ။

ပထမဦးဆုံးအသုတ်တုန်းကတော့ နေရပ်ရင်းပြန်ဖို့အတွက် စာရင်းပေးထားသူ ဒုက္ခသည်၉၀ကျော် ရှိပေမဲ့ တကယ်ပြန်တဲ့အခါမှာတော့ ၆၅ဦးပဲပြန်ကြတာပါ အထူးသဖြင့် ဆယ်စုနှစ် ၃ခုလောက်ထိ နှစ်ရှည်နေထိုင်ကြရတဲ့ ဒုက္ခသည်တွေ အနေနဲ့ အိုးအိမ်တွေ စွန့်ခွါခဲ့ရတာကြောင့် နေရပ်ကိုပြန်တဲ့ အခါ နေထိုင်စရာကို စီစဉ်ပေးဖို့အတွက် လိုလားနေကြပါတယ်။

ထိုင်းမြန်မာနယ်စပ်မှာ ဒုက္ခသည်စခန်း ၉ခုရှိပြီး ဒုက္ခသည်တသိန်းခွဲကျော် ခိုလှုံနေထိုင်နေကြ ပါတယ်။ အခုလို ဒုက္ခသည်တွေအနေနဲ့နေရပ်ရင်းကို မိမိဆန္ဒအလျောက်ပြန်နိုင်ဖို့အတွက် UNHCR ကတော့ ဒုက္ခသည်စခန်းတိုင်းမှာ ဌာနေပြန်သွားနိုင်ရေး အကျိုးဆောင်ဌာနတွေကို ဖွင့်လှစ်ထားတာဖြစ်ပြီး ဒုက္ခသည်တွေဘက်က စာရင်းပေးသွင်းနိုင်တယ်လို့ဆိုပါတယ်။ ဒါပေမဲ့လည်း ဒုက္ခသည်အများစုကတော့ သူတို့ဘ၀အတွက် ခိုင်လုံတဲ့ အာမခံချက်ရှိတဲ့အစီစဉ်တွေ မရှိပဲ နေရပ်ရင်းပြန်နိုင်ဖို့က အခက်အခဲရှိနေတယ်လို့လည်း ဒုက္ခသည်တွေဘက် ကပြောဆိုခဲ့ပါတယ်။

XS
SM
MD
LG