သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ-ထိုင်း နှစ်နိုင်ငံ စစ်တပ်ချင်းဆက်ဆံရေး


(Credit: Senior General Min Aung Hlaing's Facebook)
(Credit: Senior General Min Aung Hlaing's Facebook)

ထိုင်းနိုင်ငံရဲ့ လက်ရှိအစိုးရဟာ တချိန်က မြန်မာနိုင်ငံလို အာဏာသိမ်းစစ်အစိုးရက ဖွဲ့စည်းထားတဲ့ အစိုးရဖြစ်သလို၊ မြန်မာစစ်တပ်ဟာဆိုရင်လည်း တချိန်က အရပ်သားအစိုးရနဲ့ လက်တွဲပြီးတော့ အရှိန်အဝါမပျက်အောင် အာဏာကို ဆက်လက်ပြီးတော့ ထိန်းသိမ်းထားနိုင်ခဲ့တဲ့ ထိုင်းစစ်တပ်အပေါ် အပြန်အလှန် အားကျမှုတွေ ရှိနေကြပါတယ်။

နှစ်နိုင်ငံစလုံးဟာ အမေရိကန်ရဲ့ လက်နက်ရောင်းချမှု ပိတ်ဆို့ခံထားရတဲ့ နိုင်ငံတွေဖြစ်တာကြောင့် သူတို့ကြားမှာ ထိတွေ့ဆွေးနွေးစရာတွေ ရှိနေကြလိမ့်မယ်လို့လည်း အကဲခတ်တွေက သုံးသပ်ကြပါတယ်။ ထိုင်းနိုင်ငံမှာ အခု ရောက်ရှိနေတဲ့ မြန်မာကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ချစ်ကြည်ရေးခရီးစဉ်နဲ့ ပတ်သက်ပြီးတော့ နှစ်နိုင်ငံနယ်စပ်မှာအခြေစိုက်တဲ့ စစ်ရေးလေ့လာသုံးသပ်သူ စာရေးဆရာ ဂါမဏိကို ဆက်သွယ်မေးမြန်းရာမှာ သူက အခုလို စပြီးတော့ ပြောပြပါတယ်။

“ထိုင်းကတော့ ဗမာပြည်ကို အားကျနေတာပဲလေ။ သူတို့ကလည်း အာဏာသိမ်းထားတဲ့ အခါကျတော့ အဲဒီ ဗမာပြည်ကဟာတွေကို နည်းတွေယူနေတာတွေ ရှိတယ်ဗျ။ ဗမာပြည်ကလည်း ဟိုးကတည်းက သူကလည်း ထိုင်းမှာ စစ်တပ်တွေ တွင်ကျယ်ခဲ့တာကို ဗမာကလည်း အားကျခဲ့တာတွေ ရှိတယ်လေ။ အဲတော့ အပြန်အလှန်တော့ သူတို့က တယောက်ကိုတယောက် အကျိုးပြုဖို့တော့ ကြံနေကြတာပဲ။”

ဒီအချက်ကို အခု အမေရိကန်ပြည်ထောင်စုမှာ နေထိုင်နေတဲ့ တချိန်က မြန်မာစစ်ထောက်လှမ်းရေး အရာရှိဟောင်း ဦးအောင်လင်းထွဋ်ကလည်း သဘောတူပါတယ်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ မြန်မာတပ်မတော် ကိုယ်စားလှယ်အဖွဲ့ဟာ ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး Sommai Kaotira ရဲ့ ဖိတ်ကြားချက်နဲ့ အခုလို အလည်အပတ် သွားရောက်တာဖြစ်ပါတယ်။ ခရီးစဉ်အတွင်း ထိုင်းအစိုးရနဲ့ ထိုင်းဘုရင့်တပ်မတော် အကြီးအကဲတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ ရှိတယ်လို့လည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ဖော်ပြထားတဲ့အကြောင်း မြန်မာမီဒီယာတွေပေါ်မှာ ရေးသားတာကို တွေ့ရပါတယ်။ ဘာတွေ ဆွေးနွေးကြမယ်ဆိုတာကိုတော့ အသေးစိတ် ဖော်ပြထားတာမျိုး မရှိဘူးလို့ ဆိုပါတယ်။

ထိုင်းနဲ့ မြန်မာ နှစ်နိုင်ငံစလုံးဟာ အမေရိကန်ရဲ့ စစ်လက်နက်ရောင်းချမှု ပိတ်ဆို့ခံထားရတဲ့ နိုင်ငံတွေဖြစ်ပြီး၊ လက်နက်ဝယ်ယူရေးကိစ္စနဲ့ တခြား စစ်ရေးဆက်ဆံရေးကိစ္စတွေကိုလည်း ဆွေးနွေးကြဖို့ရှိတယ်လို့ မြန်မာစစ်ထောက်လှမ်းရေး အရာရှိဟောင်း ဦးအောင်လင်းထွဋ်က အခုလို သုံးသပ်ပါတယ်။

“ကျနော်တို့ ဒီ ထိုင်းတပ်မတော်နဲ့ လက်ရှိ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်တို့နဲ့ကတော့ တော်တော်လေးကို နီးနီးစပ်စပ်နဲ့ ရင်းရင်းနှီးနှီးတော့ ပြီးခဲ့တဲ့ ဦးသိန်းစိန်လက်ထက်မှာ ဖြစ်ခဲ့တဲ့သဘောတော့ ရှိပါတယ်။ နောက်တခုက ကျနော့်အမြင်ပေါ့လေ လက်ရှိ အချိန်အခါမှာ ထိုင်းကိုလည်း အမေရိကန်စစ်တပ်ကနေပြီးတော့မှ ဒါ စစ်တပ်အုပ်ချုပ်နေတဲ့ အစိုးရဖြစ်တဲ့အတွက်ကြောင့် စစ်ပစ္စည်းရောင်းတာကအစ ကန့်သတ်ထားတဲ့ အနေအထားမျိုး ရှိပါတယ်။ အလားတူပဲ ဗမာနိုင်ငံရဲ့ တပ်မတော်ကလည်း အမေရိကန်အစိုးရရဲ့ ပိတ်ဆို့တားဆီးခြင်း ခံထားရတဲ့ အနေအထားမျိုး ရှိပါတယ်။ အဲတော့ နှစ်နိုင်ငံစလုံးပေါ့လေ ထိုင်းရော၊ မြန်မာရောက ကျနော်တို့ အခုလက်ရှိ အခြေအနေမှာ ရုရှားရဲ့ လက်နက်တွေကို အားကိုးပြီးတော့မှ မှီခိုပြီးတော့မှ နေတဲ့ အနေအထားမျိုး ရှိပါတယ်။ ဒါကလည်း ကျနော်တို့ ဒါ စစ်ရေးအနေအထားအရ တွက်မိတယ်။ ထိုင်းအနေနဲ့ ရုရှားတင်မဟုတ်ဘူး။ တရုတ်နဲ့လည်း သူက စစ်ရေးမှာ ဆက်သွယ်တဲ့ အနေအထားမျိုးတွေ ရှိပါတယ်။ အဲတော့ အားလုံးကတော့ မဟာဗျူဟာအရပေါ့လေ ဆက်ဆံဖို့အတွက်ကို တွေ့ဆုံဖို့အတွက်ကို သွားနေတယ်လို့ပဲ ကျနော် မြင်ပါတယ်။”

ထိုင်းနဲ့ မြန်မာ နှစ်နိုင်ငံနယ်စပ်မှာတော့ အရင်ကလို မဟုတ်ဘဲ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေရဲ့ လှုပ်ရှားမှုတွေ လျော့ပါးလာပြီဖြစ်တာကြောင့် ပြဿနာ သိပ်မရှိတော့ပေမဲ့ ငြိမ်းချမ်းရေး လက်မှတ်ရေးထိုးရာမှာ မပါဝင်တဲ့ အဖွဲ့တွေ ကျန်နေသေးတာကြောင့် ဖိအားပေးဖို့ မြန်မာဘက်က အဆိုပြုနိုင်တယ်လို့လည်း ဆရာ ဂါမဏိက သုံးသပ်ပါတယ်။

“နယ်စပ်တလျှောက်ကတော့ သူတို့အတွက်က သိပ် အရင်လို အခြေအနေတော့ မဟုတ်တော့ပါဘူး။ အေးဆေးနေပြီလို့ ပြောတာပေါ့။ ဒီမှာ ငြိမ်းချမ်းရေးနဲ့ ဘာနဲ့ဆိုတော့။ သူတို့အတွက်ကတော့ ဒီနယ်စပ်ကိစ္စကြောင့် သွားတဲ့သဘောတွေတော့ ဒီလောက် မရှိတော့ပါဘူး။ ဒါပေမဲ့ တဘက်မှာတော့ ဆက်ပြီးတော့ ဖိအားပေးတဲ့ သဘောတွေတော့ ရှိနေမှာပေါ့ဗျာ။ တချို့အဖွဲ့အစည်းတွေက လက်မှတ်မထိုးသေးတာတွေ နည်းနည်းပါးပါး ကျန်မှာပေါ့။”

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ဒီကနေ့မှာ ထိုင်းကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး Sommai Kaotira နဲ့ ထိုင်းဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးဟောင်း Prayut Chan-o-cha တွေ့ဆုံဖို့ရှိတယ်လို့ သိရပါတယ်။ အခုလ စောစောပိုင်းတုန်းကလည်း မြန်မာရေတပ်ဦးစီးချုပ်ဟာ ထိုင်းဘုရင့်ရေတပ် ဦးစီးချုပ်ရဲ့ ဖိတ်ကြားချက်နဲ့ ထိုင်းနိုင်ငံကို အလည်အပတ် သွားရောက်ခဲ့ကြောင်း သိရပါတယ်ခင်ဗျာ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG