သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းဝန်ကြီးချုပ် မြန်မာပြည်သွားမည်


ထိုင်းဝန်ကြီးချုပ် အဘီဆစ် ဝိဂျာဂျီ၀ ဟာ ဝန်ကြီးချုပ်ဖြစ်ပြီး ပထမဆုံးအကြိမ်အဖြစ် နောက်လ ဩဂုတ်လဆန်းထဲ မြန်မာနိုင်ငံကို သွားရောက်မယ်လို့ ထိုင်းအစိုးရက အတည်ပြုပြောကြားခဲ့ပါတယ်။ ဝန်ကြီးချုပ် အဘီဆစ်ဟာ အရင်နှစ် ဇူလိုင်လတွင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှု ရုံးတင်စစ်ဆေး နေချိန်ကာလကလဲ မြန်မာနိုင်ငံကို သွားရောက်ဖို့ စီစဉ်ထားခဲ့ပေမယ့် မြန်မာစစ်အစိုးရ ဘက်က ပန်ကြားမှုနဲ့ အဲဒီခရီးစဉ်ကို ဆိုင်းငံ့ခဲ့ရတာ ခုချိန်အထိဖြစ်ပါတယ်။ ထိုင်းဝန်ကြီးချုပ်ရဲ့မကြာမီ မြန်မာပြည် ခရီးစဉ်နဲ့ပတ်သက်ပြီး သတင်းအချက်အလက်နဲ့သုံးသပ်ချက်တွေကိုတော့ စုံစမ်းမေးမြန်းထားတဲ့ နော်ရှိုးက တင်ပြထားပါတယ်။

ထိုင်းဝန်ကြီးချုပ် အဘီဆစ်ဟာ နောက်လ ဩဂုတ်လ ပထမပတ်ထဲမှာ မြန်မာနိုင်ငံကို သွားရောက်ဖို့ကိစ္စကို ပြီးခဲ့တဲ့လတွေ တွင်းကတည်းက နှစ်နိုင်ငံကြားမှာ ညှိနှိုင်းလာခဲ့တာ ဖြစ်တဲ့အကြောင်းနဲ့ ဒီခရီးစဉ်ရဲ့ ရည်ရွယ်ချက်၊ ဆွေးနွေးဖွယ်ရှိတဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး ထိုင်းအစိုးရရဲ့ ပြောခွင့်ရသူ Panitan Wattanayagorn က ဗွီအိုအေ မြန်မာပိုင်းကို ပြောခဲ့ပါတယ်။

“ဝန်ကြီးချုပ်ဟာ နောက်လ ပထမပတ်ထဲ မြန်မာနိုင်ငံကို သွားမှာဖြစ်ပါတယ်။ ခုခရီးစဉ်ရဲ့ ရည်ရွယ်ချက်ကတော့ ထိုင်းခေါင်းဆောင်သစ် တယောက်အနေနဲ့ မြန်မာနိုင်ငံအပါအဝင် အာဆီယံနိုင်ငံတွေကို တရားဝင် မိတ်ဆက်ဖို့နဲ့ နှစ်နိုင်ငံဆက်ဆံရေး ပိုမိုခိုင်မာစေဖို့ဖြစ်ပါတယ်။ တပါထဲမှာပဲ နှစ်နိုင်ငံ နယ်စပ်ကိစ္စ၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ အလုပ်သမားအရေး၊ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကိစ္စ၊ စွမ်းအင်ဆိုင်ရာ ကိစ္စတွေမှာ ဘယ်လို ပူးပေါင်း လုပ်ဆောင်နိုင်မလဲ ဆိုတာကို ဆွေးနွေးမှာဖြစ်ပါတယ်။ ကျနော်တို့ထိုင်းနိုင်ငံရဲ့ နိုင်ငံရေး အခြေအနေတွေနဲ့ပတ်သက်ပြီး မြန်မာခေါင်းဆောင်တွေကို အသိပေးဖို့ရှိပါတယ်။”

မြန်မာစစ်အစိုးရက ဒီနှစ်အတွင်း ကျင်းပမယ်လို့ ကြေညာထားတဲ့ ရွေးကောက်ပွဲကိစ္စနဲ့ ပတ်သက်လို့မစ္စတာ Panitan က -

“ကျနော်ထင်တယ်၊ ပြည်တွင်းက ရွေးကောက်ပွဲဟာ မြန်မာနိုင်ငံသားတွေ ဆုံးဖြတ်ရမှာဖြစ်ပါတယ်။ ယေဘုယျ အားဖြင့်တော့ ကျနော်တို့အနေနဲ့ နိုင်ငံတွေအားလုံးမှာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ကို အားပေးထောက်ခံပါတယ်။ ဒါကျနော်တို့ရဲ့ ရပ်တည်ချက်ပါ။ မြန်မာနိုင်ငံမှာ ခုချိန်အထိ ဖြစ်ပေါ်တိုးတက်နေတဲ့ အခြေအနေတွေကနေ နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်လို့ ရနိုင်မယ့်အခွင့်အရေးတွေ ပိုပွင့်လာမယ့်လို့ ကျနော်တို့ မျှော်လင့်ပါတယ်။”

ဝန်ကြီးချုပ် အဘီဆစ်ဟာ အရင်နှစ် ဇူလိုင်လတွင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှု ရုံးတင်စစ်ဆေးနေချိန် ကာလကလည်း မြန်မာနိုင်ငံကို သွားရောက်ဖို့စီစဉ်ထားခဲ့ပေမဲ့ မြန်မာစစ်အစိုးရဘက်က ပန်ကြားမှုနဲ့ အဲဒီခရီးစဉ်ကို ဆိုင်းငံ့ခဲ့ရတာ ခုချိန်အထိ ဖြစ်ပါတယ်။ အခုလာမယ့် ခရီးစဉ်မှာ မြန်မာစစ်ခေါင်းဆောင် ဘယ်သူဘယ်ဝါနဲ့ တွေ့ခွင့်ရမလဲ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့် တောင်ထားလားဆိုတဲ့ မေးခွန်းကိုတော့ မစ္စတာ ပါနိတန်က အခုလိုဖြေကြပါတယ်။

“ဝန်ကြီးချုပ်ရဲ့ ခရီးစဉ်အသေးစိတ်ကို ညှိနှိုင်းနေတုန်းပဲ ဖြစ်တာကြောင့် ဘယ်သူဘယ်ဝါနဲ့ တွေ့မလဲဆိုတာကို အတည်ပြုလို့ မရသလို ငြင်းဆိုလို့လဲ မရသေးပါဘူး။”

ဒါကတော့ ထိုင်း-ဝန်ကြီးချုပ်နဲ့အတူ မြန်မာနိုင်ငံကိုလိုက်ပါသွားမယ့် မစ္စတာ Panitan ပြောခဲ့တာပါ။ ထိုင်းအခြေစိုက် ထိုင်းနိုင်ငံအရေး လေ့လာနေတဲ့ ကိုကျော်လင်းဦးကတော့ ထိုင်းဝန်ကြီးချုပ်ရဲ့ မကြာမီခရီးအပေါ် အခုလို သုံးသပ်ပါတယ်။

“ဒီတကြိမ်မှာတော့ ကျနော်ထင်တယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရရေးကို အဓိကထားပြီး တောင်းဆိုမယ်လု့ိတော့ မထင်ပါဘူး။ ဒါပေမဲ့ အခုလောလောဆယ် ထိုင်းအစိုးရဘက်က စိတ်ဝင်စားတဲ့ ကိစ္စကတော့ လာမယ့်ရွေးကောက်ပွဲပေါ့လေ။ ဒီနှစ်အတွင်းမှာ ကျင်းပမယ့်ရွေးကောက်ပွဲမှာ အောင်အောင်မြင်မြင်ဖြစ်ဖို့၊ နောက်တခုက မှန်မှန်ကန်ကန် ဖြစ်ဖို့၊ အားလုံးက ကျေနပ်တဲ့ ရွေးကောက်ပွဲမျိုး ဖြစ်ဖို့ ဒါမျိုးကို အဓိကထားပြီး တိုက်တွန်းလိမ့်မယ်လို့ ကျနော် ယူဆပါတယ်။

“နောက်တခုက ပြီးခဲ့တဲ့လထဲကပဲ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ကဆစ် က ဥရောပ သမဂ္ဂနဲ့တွေ့တဲ့အချိန်မှာ ဘာပြောသလဲဆိုတော့ ထိုင်းနိုင်ငံထဲမှာရောက်နေတဲ့ ဒုက္ခသည်တွေ ရွှေ့ပြောင်းအလုပ်သမားတွေ၊ နိုင်ငံရေးအဖွဲ့အစည်းတွေကိုပါ လာမယ့် ရွေးကောက်ပွဲ ပြီးတဲ့အချိန်မှာ မြန်မာပြည်ကို စနစ်တကျ ပြန်သွားအောင်လို့ သူတို့ အားထုတ်ကြိုးပမ်းမယ်ဆိုတဲ့ သဘောမျိုး ပြောပါတယ်။ ဥရောပသမဂ္ဂနဲ့ တွေ့တဲ့အချိန်မှာ။ နောက်တခုက အဲဒီအတွက် လိုအပ်တဲ့ ငွေကြေးတွေကိုလဲ ဥရောပ သမဂ္ဂနဲ့ သူတို့ ဆွေးနွေးတယ်လို့ သတင်းတွေ ထွက်လာပါတယ်။ ဆိုတော့အခါကျတော့ ဒီကိစ္စဟာလဲ လာမယ့်လမှာ ဝန်ကြီးချုပ် သွားမယ့်ခရီးစဉ်အတွင်း မြန်မာအစိုးရနဲ့ ဆွေးနွေးတဲ့အထဲမှာ ပါကောင်းပါနိုင်ပါတယ်လို့ ကျနော်တို့ သုံးသပ်ပါတယ်ခင်ဗျ။”

မြန်မာနိုင်ငံကို သွားမယ့်ခရီးစဉ်နဲ့ပတ်သက်ပြီး ထိုင်းဝန်ကြီးချုပ် အဘီဆစ်ကိုယ်တိုင် ဒီကနေ့ ပြောကြားခဲ့ကြောင်း AFP သတင်းတွေ ထဲမှာလဲ ဖော်ပြထားပါတယ်။ ဒါ့အပြင် ထိုင်းဝန်ကြီးချုပ်က အခြေအနေတွေဟာ မရေရာတာတွေ အများကြီး ရှိနေပေမဲ့ မြန်မာနိုင်ငံမှာ အားလုံးပါဝင်နိုင်တဲ့ ရွေးကောက်ပွဲ ဖြစ်တာကို မြင်ချင်ကြောင်းလဲ ပြောခဲ့ပါတယ်။ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး အနောက်နိုင်ငံတွေနဲ့ ထိုင်းနိုင်ငံတို့ဟာ ချဉ်းကပ်ပုံချဉ်းကပ်နည်း မတူကြပေမဲ့လို့ ရည်ရွယ်ချက်တွေ ချင်းတော့ တူညီကြောင်း ပြောခဲ့တာကိုလည်း AFP သတင်းမှာ ကိုးကားရေးသား ထားပါတယ်။

XS
SM
MD
LG