သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းရုပ်သံဇာတ်လမ်းကို သီပေါမင်းရဲ့ မြစ် ဝေဖန်


ဦးစိုးဝင်း (ဝဲ)၊ တော်ဘုရားလေး (အလယ်) တို့ မန္တလေးနန်းတွင်း သို့ရောက်ရှိလာစဉ် (နိုဝင်ဘာလ၊ ၂၀၁၆ခုနှစ်)
ဦးစိုးဝင်း (ဝဲ)၊ တော်ဘုရားလေး (အလယ်) တို့ မန္တလေးနန်းတွင်း သို့ရောက်ရှိလာစဉ် (နိုဝင်ဘာလ၊ ၂၀၁၆ခုနှစ်)

မြန်မာနိုင်ငံရဲ့ နောက်ဆုံး မင်းဆက်နဲ့ ပတ်သက်ပြီး ရိုက်ကူးထားတဲ့ A Lady’s Flame ထိုင်းရုပ်သံ ဇာတ်လမ်းတွဲဟာ ကိုယ့်နိုင်ငံမှာ ကိုယ့်ဘုရင်နဲ့ မင်းမျိုးမင်းနွယ်တွေကို အသရေဖျက်မှုမလုပ်အောင် ပြင်းပြင်းထန်ထန် တားမြစ်ပိတ်ပင်ထားတဲ့ ထိုင်းနိုင်ငံရဲ့ လုပ်ရပ်အတွက် မေးခွန်းထုတ်စရာ ဖြစ်နေတယ်လို့ သီပေါမင်းရဲ့ အနွယ်တော်တွေက ဝေဖန်လိုက်ပါတယ်။

ဇာတ်လမ်းဟာ ရာဇဝင်ကား ဖြစ်ပြီး ဇာတ်လမ်း တခုလုံးနီးပါးဟာ ၁၉ ရာစု ကုန်းဘောင်မင်းဆက်ရဲ့ နောက်ဆုံးဘုရင်ဖြစ်တဲ့ သီပေါမင်းနဲ့ နန်းတွင်းရေးကို သရော်ထားတာမျိုး တွေ့ရတယ်လို့ AFP သတင်းမှာဖေါ်ပြထားပါတယ်။

သီပေါမင်းရဲ့ ဖခမည်းတော် မင်းတုန်းမင်းကြီး ၁၈၇၈ ခုနှစ် နတ်ရွာစံသွားတဲ့ နောက်ပိုင်း သြဇာကြီးတဲ့ ဘုရင်မနဲ့ သမီးတော်တွေက ဘုရင့် အရိုက်အရာဆက်ခံတဲ့ သီပေါမင်းရဲ့ ထီးနန်းကို မလုအောင် မင်းညီမင်းသား တရာလောက်ကို ကွပ်မျက်ခဲ့တာဟာ သမိုင်းအချက်လက်အဖြစ် ရှိနေပေမယ့် ထိုင်းလို ကိုယ့်ထီးကိုယ့်နန်း အကြောင်း ဝေဖန်ပြောဆိုမှုတွေကို တားမြစ်ထားတဲ့ နိုင်ငံတနိုင်ငံကနေ ဒါကို ရုပ်ရှင်ဇာတ်လမ်း တွဲအဖြစ် ဖန်တီးထုတ်လုပ်ခွင့် ပြုတာတွေ့ရတာမို့ သီပေါမင်းရဲ့ မြစ်တော်သူ ဦးစိုးဝင်းက စိတ်ဆိုးဒေါသထွက်နေတယ်လို့ ရေးသားထား ပါတယ်။

အထူးသဖြင့် မင်းမျိုးမင်းနွယ်တွေကြား အပြန်အလှန် ရိုက်ပုတ်ပြီး အရိုင်းအစိုင်းတွေအဖြစ် သရုပ်ဖေါ်တဲ့ ပြကွက်မျိုးအတွက် စော်ကားမှု တရပ် အဖြစ်ခံစားရတယ်လို့ ဆိုပါတယ်။ တကယ်လို့ ထိုင်းမင်းဆက်တွေ အကြောင်း မြန်မာကုမ္ပဏီတွေက ဒီလိုဇာတ်လမ်းတွေ ရိုက်ကူးရင် လက်ခံမှာလားလို့ မေးခွန်းထုတ်လိုက်ပါတယ်။ ဒါ့အပြင် ဒီလို အသရေဖျက်တဲ့ ရုပ်ရှင်ရိုက်ကူးတာနဲ့ ပတ်သက်ပြီး အရေးမယူရင် ထိုင်းဘုရင်ရဲ့ အနွယ်တော်တွေဆီ အကူအညီတောင်းဖို့ ရှိတယ်လို့လည်း ဦးစိုးဝင်းက ပြောပါတယ်။

ထိုင်းနိုင်ငံမှာ ထိုင်းနန်းတွင်း မိသားစုအပေါ် ဝေဖန်မှုတွေ အသရေဖျက်မှုတွေ မလုပ်ဖို့ ဥပဒေထုတ်ပြန် တားမြစ်ပြီး တင်းတင်းကြပ်ကြပ် အရေးယူနေသလို၊ ဒီဥပဒေချိုးဖေါက်လို့ ထောင်ဒဏ်ချခံရသူ အရေအတွက်ဟာ အခုနှစ်ပိုင်းအတွင်းမှာပဲ တိုးလာနေတာပါ။ တချို့ဟာ နှစ်ပေါင်း ၃၀ အထိ ထောင်ဒဏ် အပစ်ပေး ခံနေရတာ ဖြစ်ပါတယ်။

ထိုင်းမြန်မာ အိမ်နီးချင်း ၂ နိုင်ငံကြား ရာစုနှစ်ပေါင်းများစွာ သွေးမြေကျ စစ်ပွဲတွေ ဖြစ်ပွါးခဲ့တာ ဖြစ်ပြီး မမေ့စေတဲ့ ဖြစ်ရပ်တခုကတော့ ၁၇၆၇ ခုနှစ် ထိုင်းမင်းဆက်ရဲ့ ဒုတိယအကြီးဆုံး မြို့တော် အယုဒ္ဒယကို မြန်မာတပ်တွေက ဝင်တိုက်ခဲ့ပြီး မြို့ပါ ပျက်ခဲ့ရတာပါ။ အခုလို နှစ်ပေါင်း များစွာ စစ်ပွဲတွေနဲ့ အတုန့်အလှည့်ရှိကြတဲ့ ၂ နိုင်ငံကြား ပုံပြင်တွေမှာတော့ တဖက်နဲ့တဖက် ဆိုးသွမ်းတဲ့ ဇတ်ကောင်တွေအဖြစ် ပုံဖေါ်လေ့ရှိကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG