သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွှေ့ပြောင်းလုပ်သားများ ကာကွယ်ပေးဖို့ မြန်မာအာဏာပိုင်တွေမှာ တာဝန်ရှိ


နှစ်နိုင်ငံသဘောတူညီမှုနဲ့လာတဲ့ ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းအလုပ်သမားတွေနဲ့ လက်ရှိ ဖမ်းဆီး ထောင်ချခံနေရတာနဲ့ ပတ်သက်လို့ အလုပ်သမားတွေအနေနဲ့ ထိုင်းနိုင်ငံရဲ့ဥပဒေကို သေချာသိရှိဖို့နဲ့ သက်ဆိုင်ရာ မြန်မာအာဏာပိုင်တွေနဲ့ အလုပ်သမားတင်ပို့တဲ့ ကုမ္ပဏီတွေအနေနဲ့ နောက်ထပ် ဒီလိုအဖြစ်တွေ မကြုံရစေဖို့ အကာအကွယ်ပေးတဲ့ အခြေအနေကို အမြန်ဆုံး လုပ်ဆောင်ပေးဖို့ လိုအပ်တယ်လို့် ထိုင်းနိုင်ငံရောက် အလုပ်သမားတွေ အကူညီပေးနေတဲ့ ရှေ့နေတွေက ပြောဆိုလိုက်ပါတယ်။ အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက်သတင်းထောက် မအေးအေးမာ က သတင်းပေးပို့ထားပါတယ်။

မကြာသေးခင်ကပဲ ထောင်ဒဏ် ၄၈ ရက် ကျခံရပြီး မကြာခင်နေရပ်ရင်းကို ပြန်ပို့ခံရတော့မယ့် တရားဝင် နှစ်နိုင်ငံသဘောတူစာချုပ် MOU နဲ့ လာတဲ့ အလုပ်သမားတွေကို မြန်မာအာဏာပိုင်တွေနဲ့ အလုပ်သမားတင်ပို့တဲ့ ကုမ္ပဏီတွေအနေနဲ့ ဒီလိုထပ်မဖြစ်အောင် အကာအကွယ်ပေးဖို့ လိုအပ်တယ်လို့ ရွှေ့ပြောင်းအလုပ်သမားတွေအရေး လုပ်ဆောင်နေတဲ့ ရှေ့နေ ဦးအောင်မျိုးသန့် က ဆိုပါတယ်။

“သံအမတ်ကြီးက ဒီကိစ္စနဲ့ပတ်သက်လို့ အလုပ်သမားသံအရာရှိ ဦးမိုးအောင်ခိုင်နဲ့ ဦးအောင်ကိုသန်းတို့ကိုပဲ တွဲပြီးတော့ ကိုင်စေပါတယ်။ မြန်မာအလုပ်သမား အရာရှိတွေသည် မိမိနိုင်ငံသားကို ကာကွယ်စောင့်ရှောက်ရမယ့် တာဝန်က သူတို့မှာရှိတာပါ။ ဒီလို ကူညီဖို့ကိစ္စကို သံအမတ်ကြီးကနေ အလုပ်သမား သံအရာရှိကို ညွှန်ကြားတယ်လို့တော့ အန်ကယ်လ်သိရပါတယ်။ အဲဒီလိုသိရတဲ့အပေါ်မှာ နောက်ဆုံးမှာ ထိရောက်မှုမရှိခဲ့ဘူးဆိုတဲ့ အခြေအနေကြောင့် ဒီကလေးတွေက ထောင် ၄၈ ရက် ကျသွားကြတာပါ။ မြန်မာအလုပ်သမားတွေနဲ့ ပတ်သက်တဲ့ ဥပဒေနားလည်တဲ့ အေးဂျင့်တွေဟာ ကိုယ့်လုပ်သမားတွေ MOU ဖြစ်လာတဲ့ကိစ္စတွေကို ပါဝင်ကူညီပြီးတော့ ဆောင်ရွက်ပေးမယ်ဆိုရင် MOU လုပ်ငန်းစဉ်ဟာလည်း အဆင်ပြေသွားနိုင်ပါတယ်။ ဒါလေးတွေက ပြုပြင်ပြောင်းလဲရမယ့် အချက်ကလေးတွေပါ။”

အလုပ်သမားတွေ ဖမ်းဆီးခံရတဲ့ ဖြစ်ရပ်ဟာ ထိုင်းဥပဒေအရ လုပ်ဆောင်တာဖြစ်လို့ အလုပ်သမားကော အလုပ်ရှင်ပါ အပြစ်ရှိတယ်လို့လည်း ဆိုပါတယ်။

“အလုပ်လုပ်နေတာ ၂ နှစ်ကျော်ဖြစ်ပေမဲ့လို့လည်း စရောက်ကတည်းက work permit လုပ်ဖို့ဆိုပြီးတော့ အလုပ်သမားတွေဆီကနေ အလုပ်ရှင်က လခဖြတ်ထားတာဟာ ၁ သောင်းနဲ့ ၅၀၀ ရှိနေပါတယ်။ အဲ့လို ရက်ပေါင်း ၃၀ အတွင်း လုပ်ပေးမယ်ဆိုတဲ့အတိုင်း လုပ်ပေးခဲ့ရင် ပြဿနာမရှိပါဘူး။ အခုက အဲ့ဒီလို လုပ်မပေးဘဲနဲ့ ငွေသာဖြတ်ထားပြီးတော့ work permit မရှိတဲ့အချိန်မှာ ဝင်ဖမ်းတဲ့အခါမှာ သူတို့ ထောင်ကျရတာပါ။ နိုင်ငံခြားသားများ အလုပ်လုပ်ပိုင်ခွင့် ဥပဒေနဲ့ကြည့်မယ်ဆိုရင် မြန်မာ၊ လာအို၊ ကမ္ဘောဒီးယားလူမျိုးတွေဟာ သူတို့နိုင်ငံမှာရှိတဲ့ နိုင်ငံခြားသား ဥပဒေကို ချိုးဖောက်ခဲ့ရင် ပြစ်ဒဏ်ကျခံရတာမျိုးတွေ သတ်မှတ်ထားတာ ရှိပါတယ်။ ပုဒ်မ ၂၁ ကို ကြည့်မယ်ဆိုရင် အလုပ်သမားဖြစ်သူဟာ အလုပ်လုပ်တဲ့နေရာမဟုတ်ဘဲ တခြားနေရာကို လုပ်ချင်ရင်သော်လည်းကောင်း ဒါမှမဟုတ်ရင်လည်း အလုပ်ရုံ ရွှေ့ပြောင်းပြီးတော့ လုပ်ချင်ရင်သော်လည်းကောင်း ပြောင်းပြီးတော့ လုပ်ပြီးမှ work permit မရှိဘူးဆိုရင် သူက ထောင် ၁ လ၊ ဒါမှမဟုတ် ဒဏ်ငွေ ၂ ထောင် ဒါမှမဟုတ်ရင်လည်း ပြစ်ဒဏ် ၂ ခုစလုံး ခံရမယ်ဆိုတာ ရှိပါတယ်။ ပုဒ်မ ၂၁ မှာ ကြည့်မယ်ဆိုရင် အလုပ်ရှင်ဆိုတဲ့လူကလည်း အလုပ်သမားလက်မှတ်မရှိဘူး။ အလုပ်ပုံစံမှာ ပါဝင်တဲ့အတိုင်း အလုပ်ကို မခိုင်းစေတာမျိုး လုပ်တာကို အလုပ်ရှင်မှာရှိတယ်ဆိုရင် ထောင်ဒဏ် ၃ နှစ်နဲ့ ဒဏ်ငွေ ၆ သောင်း နှစ်ခုစလုံး ပြစ်ဒဏ်ပေးနိုင်တယ်ဆိုတဲ့ ဥပဒေပြဌာန်းပြီးသား ရှိပါတယ်။ အခုကျခံလိုက်ရတဲ့ ကလေး ၄၃ ယောက်က ထောင်ဒဏ် ၄၈ ရက် ကျခံရပေမဲ့ အလုပ်ရှင်ကို အရေးယူဆောင်ရွက်မှုဆိုတာ မကြားသိခဲ့ရပါဘူး။”

ဒါပေမဲ့ ထိုင်းဥပဒေအရဆိုရင် အလုပ်ရှင်ဟာ အလုပ်သမားတွေကို တလအတွင်းမှာ အလုပ်လုပ်ခွင့်လက်မှတ်တွေ လုပ်ပေးရမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။

“ရက်ပေါင်း ၃၀ အတွင်းမှာ work permit ခေါ်တဲ့ အလုပ်လုပ်ခွင့်စာရွက်ကို လုပ်ပေးထားပြီးတော့ အလုပ်သမားကို ပေးထားရမယ်ဆိုတဲ့ ဥပဒေက ရှိနေပြီးသားပါ။”

လက်ရှိမှာတော့ ထိုင်းနိုင်ငံထဲမှာ အစိုးရမဟုတ်တဲ့ အဖွဲ့တွေရဲ့ စာရင်းဇယားအရ မြန်မာရွှေ့ပြောင်းအလုပ်သမား ၄ သန်းလောက် ရှိနေတာကြောင့် ငွေကုန်ခံပြီး အလုပ်လာလုပ်ကြတဲ့ အလုပ်သမားတွေဟာ မကြာခင်မှာ နေရပ်ရင်းကို ပြန်ပို့ခံရတော့မယ့်ကိစ္စဟာ မဖြစ်သင့်တဲ့အကြောင်း ဒီကိစ္စကို တာဝန်ရှိသူတွေအနေနဲ့ သေချာစဉ်းစားသုံးသပ်ဖို့ လိုအပ်တယ်လို့လည်း ပြောဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG