သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မဲဆောက်သင်္ကြန်ပွဲ လူငယ် နှစ်ဦးသေဆုံး


မဲဆောက်သောင်ရင်းသင်္ကြန် ၂၀၁၇။
မဲဆောက်သောင်ရင်းသင်္ကြန် ၂၀၁၇။

ထိုင်းမြန်မာနယ်စပ်မြို့ဖြစ်တဲ့ မဲဆောက်မြို့မှာတော့ မဟာသင်္ကြန်ကာလအတွင်းမှာ ရန်ဖြစ်တာကြောင့် လူသေဆုံးမူတွေ ရှိနေသလို သောင်ရင်းမြစ်ကို အပမ်းဖြေကမ်းခြေ ပုံစံလုပ်ပြီး ထောင်ဂဏန်းရှိတဲ့ ထိုင်းမြန်မာလူမျိုးတွေ ရေကစားကြပါတယ်။ ထိုင်းအခြေစိုက်ဗွီအိုအေသတင်းထောက် အေးမာကသတင်းပေးပို့ထားပါတယ်။

မဟာသင်္ကြန်ကာလအတွင်းမှာ ရေပက်ကစားဖို့အတွက် မဲဆောက်အုန်းဖန် အဝေးပြေးလမ်းမကြီး ၄၆ကီလိုမီတာ ဆိုတဲ့နေရာမှာ ရေကစားမဏ္ဍပ်တခုကို ဖွတ်ဖရမြို့နယ်ကျေးရွာအုပ်စု နံပါတ်(၉)ကနေ ဦးဆောင်ကျင်းပပေးခဲ့တာပါ။

မနေ့ကတော့ အဲဒီနားက ဖွတ်ဖရမြို့နယ်ထဲမှာရှိတဲ့ ထိုင်းနဲ့ ကရင် တိုင်းရင်းသားရွာတွေက လူငယ်တွေ ဟာ အဲ့ဒီမဏ္ဍပ်မှာ ရေကစားကြရင်း ရန်ဖြစ်ကြရာမှာ သေနတ်တွေနဲ့ ပစ်ခတ်တာတွေ ဓား၊ တုတ်တွေ သုံးပြီး ခိုက်ရန်ဖြစ်တာကြောင့် လူငယ်၂ဦး သေဆုံးခဲ့ရတယ်လို့ ထိုင်းလူမျိုးတဦးကပြောပြပါတယ်။

"အရက်တွေ သောက်ကြမူးကြပြီး အဲ့လိုပေါ့ ရန်တွေဖြစ်ကြတာပေါ့။ ရန်ဖြစ်တော့ သေနတ်နဲ့သူတို့က ပစ်ကြတာပေါ့။ လူသေတယ်။ သေနတ်နဲ့ထိတဲ့သူတွေလည်း ထွက်ပြေးကြတာပေါ့။ အဲ့ပွဲမှာ လူနှစ်ယောက်သေသွားတယ်။

အရက်မူးနေကြတဲ့ လူငယ်တွေအကြားမှာ စကားများပြီး နယ်မြေခံ လူငယ်တွေနဲ့ လာရောက်လည်ပါတ်ကြသူ အချင်းချင်းရန်ဖြစ်ကြရင်းနဲ့
သေနတ်တွေ နဲ့ ပစ် ဒုတ်တွေ ဓါးရှည်တွေသုံးပြီး တိုက်ခိုက်ခဲ့ကြတယ်လို့ တပ် ခရိုင်ရဲတပ်ဖွဲ့ က ထုတ်ဖေါ်ပြောဆိုခဲ့ပါတယ်။

နောက်ပိုင်း ရဲနဲ့ စစ်တပ်ရောက်လာတော့မှ လူငယ်အုပ်စုတွေ ထွက်ပြေးသွားခဲ့ကြပြီး ဒဏ်ရာရနေသူ (၅)ဦးထဲက နှစ်ဦးဟာ သေနတ်ဒဏ်ရာ ဓါးဒဏ်ရာတွေနဲ့ ရန်ဖြစ်ကြတဲ့ အုပ်စုတွေအားလုံးကို အာဏာပိုင်တွေက စုံစမ်းနေပြီး လိုက်လံ ဖမ်းဆီးနေပြီဖြစ်ကြောင်း ထိုင်းသတင်းတွေမှာတော့ဖော်ပြရေးသားနေပါတယ် ။

နောက်ထပ်ရေကစားတဲ့နေရာတခုကတော့ ထိုင်းမြန်မာနယ်စပ်သောင်ရင်းမြစ်ပေါ်မှာပါ မြန်မာဘက်က ရွှေကုကိုလ်ဆိုတဲ့နေရာမှာ ထောင်ဂဏန်းရှိတဲ့ ရေကစားကြသူတွေနဲ့ စည်းကားနေပုံကိုတော့ရေကစားတဲ့နေရာမှာရှိတဲ့မြန်မာနိုင်ငံသားတဦးကပြောပါတယ်။

" အဲ့မှာ ထောင်နဲ့ချီပြီးရှိတယ် အမ။ ဟိုဘက် မြန်မာဘက်ခြမ်းက ပိုတောင် များနေသေးတယ်။ ရေထဲမှာလည်း များတယ်။ ဒီနေ့က ပိုများသလိုပဲ။ လူက တအားစည်တယ်။ မြန်မာဘက်ခြမ်းက ရွှေကုကိုလ်ဘက်ခြမ်းမှာ လူက ထောင်နဲ့ချီပြီး မနက်မိုးလင်းကတည်းက ကခုန်ပြီး ပျော်ပျော်ပါးပါးပဲနေကြတာ တိုင်းရင်းသားတွေလည်း များတယ်။ အခုထိုင်းဘက်ခြမ်းမှာဆိုရင် နေမြင့်လာတော့ ထိုင်းတွေက ပိုများလာတယ်။ မြန်မာအလုပ်သမားတွေကတော့ တနေရာပြီးတနေရာ လှည့်ပတ်ပြီးတော့ ဆော့နေကြတယ်ပေါ့နော် အကုန်လုံးကတော့ ပေါ့ပေါ့ပါးပါးပဲ။ တချို့ လူကွဲတာ လူပျောက်တာတော့ ဓာတ်စက်ကနေပြီးတော့ သူတို့အကူအညီလှမ်းတောင်းပေးတယ် ဘယ်နေရာရောက်နေသလဲပေါ့နော်။ သူတို့ ရှမ်းလိုရော မြန်မာလိုရော ကရင်လိုရော အော်ပြီးတော့ အကူအညီတွေ လိုက်ပေးနေတာတွေ့ရတယ်။"

မဲဆောက်ပတ္တရားကမ်းခြေဆိုပြီး မြန်မာတွေကြားမှာ တင်စားခေါ်ဝေါ်တဲ့ အဲဒီ့နေရာမှာတော့ ပြီးခဲ့တဲ့မတ်လကုန်လောက်က ရေကစားရင်း ကလေးငယ်၂ဦးသေဆုံးမူရှိခဲ့သလို သင်္ကြန်အကြိုနေ့ကလည်း ကလေးတဦးပျောက်ဆုံးသွားတာလည်း ရှိပါတယ်။

သင်္ကြန်ကာလအတွင်း ရေကစားနေကြတဲ့အခါ အန္တရာယ်မရှိအောင်လို့သတိပေးချက်တွေနဲ့အတူ လုံခြုံရေးတွေစောင့်ကြည့်ပေးနေတာလည်းရှိတယ်လို့လည်း ဆက်ပြောပြပါတယ်။

"အန္တရာယ်ရှိတဲ့နေရာတွေကိုတော့ ဆိုင်းဘုတ်လေးတွေ တပ်ပေးထားတယ်။ နောက် အရေးပေါ် ကယ်ဆယ်ဖို့အတွက် သူတို့ ရေပိုက်ကလေးတွေ ချပေးထားတယ်။ လုံခြုံရေးတွေတော့ ဘေးနားမှာ လိုက်ကြည့်ပေးထားတယ်။ လာတဲ့သူ တော်တော်များများ ကတော့ ကလေးငယ်တွေဆို ဘောတွေနဲ့ဆော့ကြတယ်ပေါ့နော်။ သိပ်ပြီးတော့ နစ်တဲ့နေရာတွေတော့ သွားတာ မရှိဘူး။ သူတို့က ရေနည်းနည်းနစ်သွားတယ်ဆိုရင်တော့ သတိပေးတာရှိတယ်။ ပြီးခဲ့တဲ့ နှစ်ပတ်လောက်က ညီမလာတုန်းကတော့ ရေကို အဟန့်အတား ကျောက်ခဲတွေ မစီပေးထားဘူး အခုဒီနေ့ လာတဲ့အချိန်ကျတော့ ရေစီးတာမြန်တာကို နှေးအောင် လုပ်တဲ့ပုံစံလေးတွေ လုပ်ပေးထားတယ်။"

မဲဆောက်မြို့တွင်းမှာတော့ရေကစားသူတွေ နည်းပါးပေမဲ့ ရေတံခွန်နေရာမျိုးတွေ နဲ့ သောင်းရင်းမြစ်တလျောက်မှာတော့ရေကစားသူတွေနဲ့ စည်ကားမူတွေရှိနေတာပါ။ သင်္ကြန်ကာလမှာ အရက်သေစာသောက်စားပြီး ကားမောင်းတာတွေ ဆိုင်ကယ်မောင်း တာတွေ မလုပ်ဖို့အတွက် ထိုင်းအာဏာပိုင်တွေက စစ်ဆေးရေးဂိတ်တွေ ထားပြီး စစ်ဆေးနေတာတွေတော့ ရှိပေမဲ့ သင်္ကြန်ပျော်ရွှင်ဖို့ သွားလာကြသူတွေကိုတော့ ဖမ်းဆိးတာတွေတော့ သိပ်မရှိပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG