သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မဟာချိုင်မြန်မာလုပ်သားများအရေး သံရုံးတာဝန်ယူမှု အားနည်း


နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထိုင်းနိုင်ငံခရီးစဉ်အပြီး ထိုင်းနိုင်ငံ မဟာချိုင်မှာရှိတဲ့ အသားလုံးစက်ရုံက အလုပ်သမားတွေ ဥပဒေပါ အခွင့်အရေး ချိုးဖောက်ခံရမှုတွေအတွက် မြန်မာအလုပ်သမား သံအရာရှိကို သွားရောက်အကူအညီ တောင်းခံခဲ့ရာမှာ တာ၀၀န်ယူမှု မရှိတာကြောင့်ဆိုကာ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့က လွှတ်တော်နဲ့ အစိုးရအဖွဲ့ကို တိုင်ကြားမှု လုပ်ခဲ့ပါတယ်။ အသေးစိတ်ကို ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာ က သတင်းပေးပို့ထားပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ထိုင်းနိုင်ငံခရီးစဉ်က ပြန်သွားအပြီးမှာ ထိုင်းရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားတွေ အဖမ်းဆီးခံရတာတွေ အလုပ်ဖြုတ်ခံရတွေ စတဲ့ ဂယက်ရိုက်ခတ်မှုတွေ ဖြစ်ခဲ့ပါတယ်။ ဒါဟာ မြန်မာနိုင်ငံဘက်ကနေ ဥပဒေနဲ့အညီ အလုပ်သမားတင်သွင်းမှုတွေ မလုပ်ခဲ့တာကြောင့် ထိုင်းအာဏာပိုင်တွေက အရေးယူမှုတွေ လုပ်ခဲ့တာဖြစ်တယ်လို့ အလုပ်သမားအရေး လုပ်ဆောင်နေသူတွေက ဆိုခဲ့တာပါ။

ဒါပေမဲ့ ဥပဒေနဲ့အညီ အလုပ်လာလုပ်ကြတဲ့ အလုပ်သမားတွေနဲ့ ပတ်သက်လို့ ထိုင်းနိုင်ငံမှာရှိတဲ့ မြန်မာသံရုံးက အကူညီပေးဖို့ လိုအပ်တာကြောင့် သွားရောက်အကူညီ တောင်းခဲ့ရာမှာတော့ တာဝန်ယူမှုမရှိတဲ့အတွက် မြန်မာအလုပ်သမား သံအရာရှိတွေနဲ့ ပတ်သက်လို့ တိုင်ကြားမှု လုပ်ခဲ့တာဖြစ်တယ်လို့ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ရဲ့ အမှုဆောင်ဒါရိုက်တာ ဦးကျော်သောင်း က ဆိုပါတယ်။

“အဲဒီအလုပ်သမားတွေဟာ မနက် ၅ နာရီမှာ အလုပ်ဝင်ရတယ်။ မွန်းလွဲ ၂ နာရီအထိ လုပ်ရတယ်။ အဲဒီလောက် လုပ်တာတောင်မှ သူတို့က တရက်ကို ၂၀၀ ပဲရတယ်။ သူတို့ အဲ့ဒီလို အချိန်အများကြီး လုပ်ရတဲ့အထဲမှာ ကြားထဲမှာ နားတဲ့အချိန်ဆိုတာလည်း မရှိဘူး။ ဒီအလုပ်သမားတွေဟာ ထိုင်းမှာသတ်မှတ်ထားတဲ့ မနက် ၈ ည ၅ ထက် ပိုများနေတာက တပိုင်း၊ နောက်တချက်က အလုပ်သမားတွေကို ညှဉ်းပန်းနှိပ်စက်တာက တပိုင်း ဆိုတော့ အလုပ်သမား ဥပဒေကြောင်းအရဆိုရင် ငြိနေတယ်။ အဲဒါကြောင့် ဒါကို စာသေသေချာချာရေးပြီးတော့ မဟာချိုင်မြို့ ဒီလမ်းဒီနေရာမှာရှိတဲ့ အလုပ်သမားအရေအတွက်က ဘယ်လောက် ဘယ်လောက် နာမည်ကတော့ ဘယ်သူ ဘယ်သူဆိုပြီးတော့ အလုပ်သမားတွေရဲ့ဓာတ်ပုံ၊ လိပ်စာတွေ အပြည့်အစုံပေးပြီးတော့ ကာယကံရှင် အလုပ်သမားကောင်မလေးကို ကျနော်တို့ ခေါ်ထုတ်လာပြီးတော့မှ ပြီးခဲ့တဲ့ ဇူလိုင်လ ၄ ရက်နေ့မှာ သွားပြီးတော့ ကျနော်တို့ရဲ့ ရုံးအဖွဲ့မှူး ကိုအောင်မြတ်သူကို သွားပြီးတော့မှ အမှုဖွင့် တိုင်ကြားခိုင်းတယ်။ အလုပ်သမားသံအရာရှိက ဘာပြောလဲဆိုတော့ နှစ်နိုင်ငံဆက်ဆံရေးအရတဲ့ ငါတို့က သံရေးတမန်ရေးအရ လာတာတဲ့။ ဒီလိုသွားပြီးတော့ စစ်လို့ရှိရင် နှစ်နိုင်ငံ ပြဿနာ တက်မှာပေါ့တဲ့။ မျက်နှာပူစရာဖြစ်မယ့်ကိစ္စ ဆိုပြီးတော့ ပယ်လိုက်တယ်ဗျ။ ကျနော်တို့တွေ အပေါ်မှာရော၊ အလုပ်သမားတွေ အပေါ်မှာပါ သနားညှာတာမှု၊ ကိုယ်ချင်းစာနာမှုမရှိတဲ့ အလုပ်သမား သံအရာရှိတွေနဲ့ ထိုင်းရောက် အလုပ်သမားတွေအတွက် ဘာမှ အကာအကွယ် အကူအညီ ရနိုင်စရာ မရှိတဲ့အတွက် ကျနော်တို့က နိုင်ငံတော်အစိုးရနဲ့ လွှတ်တော်အထိ တိုင်ကြားရတာ ဖြစ်ပါတယ်။”

ဒီလိုတိုင်ကြားတာဟာ ဒေါ်အောင်ဆန်းစုကြည်လာတုန်းက အလုပ်သမားတွေကို အကာကွယ်ပေးဖို့ ကိစ္စတွေကို မှာကြားခဲ့တာကြောင့် အခုလို တိုင်ကြားရတာ ဖြစ်တယ်လို့လည်း ဆက်ပြောပြပါတယ်။

“ကျနော်တို့က အချက်အလက် ခိုင်ခိုင်မာမာနဲ့ ဒေါ်အောင်ဆန်းစုကြည် မှာကြားခဲ့တဲ့အတိုင်း မြန်မာနိုင်ငံသားနဲ့ ပတ်သက်ပြီးတော့ သံရုံးကို အားလုံး လာပြီးတော့ အကူအညီတောင်းပါ။ အကူအညီတောင်းလာတာကို ဖြေရှင်းပေးဖို့တာဝန်က အစိုးရတာဝန်ဖြစ်တယ်။ လာပြီးတော့ အကူအညီတောင်းတဲ့သူကို အကူအညီ မပေးချင်ဘူးဆိုရင် အစိုးရမလုပ်နဲ့ပေါ့ဆိုပြီးတော့ ပြောခဲ့တယ်။”

ဒီလိုအလုပ်သမားအရေး ဆောင်ရွက်နေတဲ့အဖွဲ့တခုက တိုင်ကြားမှုနဲ့ ပတ်သက်လို့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ မြန်မာသံရုံးက အလုပ်သမား သံအရာရှိတဦးဖြစ်တဲ့ ဦးမိုးအောင်ခိုင်ကတော့ သူတာဝန်ယူခဲ့တဲ့ ၄ လတာ ကာလအတွင်းမှာ အလုပ်သမားရေးကိစ္စတွေကို တတ်နိုင်သမျှ လုပ်ဆောင်ပေးခဲ့တယ်လို့ ပြောဆိုခဲ့ပါတယ်။

“ကျနော်တို့ကတော့ ဒီမှာ လုပ်နိုင်သမျှ အကုန်လုံး လုပ်ပေးနေတယ်။ ကျနော်တို့ လုပ်ပေးလို့ ရသွားတဲ့ဟာတွေလည်း အများကြီး။ တိုင်တဲ့အတွက် ကျနော်တို့ ဖြေရှင်းပေးနေတာတွေလည်း အများကြီးပဲ။ ကျနော်တို့မှာ အကုန်လုံး အထောက်အထားတွေ ရှိပါတယ်။ သူတို့တိုင်ထားတယ် ဆိုတာက ကျနော်တို့ကို ဘာအထောက်အထားနဲ့ တိုင်တာလဲ။ ဥပဒေလမ်းကြောင်းပေါ်မှာ ကျနော်တို့ရှိပါတယ်။ ဥပဒေနဲ့ ကျနော်တို့လုပ်တယ်။ ထိုင်းနိုင်ငံရဲ့ဥပဒေရှိတယ်။ လေးစားလိုက်နာတယ်။ ဥပဒေအတိုင်းပဲ ကျနော်တို့ လုပ်ပေးပါတယ်။ နောက်တခုက လူပေါင်း ဒီမှာ ၂ သန်းကျော် ၃ သန်းရှိတယ်။ ကျနော်တို့ဆီမှာ လေဘာ (အလုပ်သမား) လူကြီး ဆိုလို့ ၂ ယောက်ပဲရှိတယ်။ ၂ ယောက်တည်းနဲ့ ကျနော်တို့ ဆက်ပြီး လုပ်နေတာ။ နောက်ပြီးတော့ ကျနော်တို့ ဇွတ်သွားတာလေးတွေလည်း ရှိမယ်။ လုပ်နိုင်တဲ့ဟာလေးတွေကိုတော့ စောစောစီးစီးမှာ ကျနော်တို့ လုပ်ပေးနေတယ်။ ကျနော်တို့ တာဝန်ကျတာ ၄ လအတွင်းမှာ အကောင်းဆုံး လုပ်ပေးနေတယ်။ ၁၀ ရက် ၄ လပိုင်းကစပြီး ကျနော်တို့ တာဝန်ထမ်းဆောင်တယ်။ record တွေကိုလည်း နေပြည်တော်အထိ တင်ထားပေးပါတယ်။”

ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ဟာ ရွှေ့ပြောင်းအလုပ်သမားတွေ ကူညီခဲ့တဲ့ ၁၃ နှစ်တာ ကာလအတွင်းမှာ ထိုင်းနိုင်ငံတွင်း လူကုန်ကူးခံရတဲ့ မြန်မာအလုပ်သမားတွေ ၈၀၀၀ ထက်မနည်းကို ထိုင်းလူကုန်ကူးမှု တိုက်ဖျက်ရေး အာဏာပိုင်တွေနဲ့ ပူးပေါင်းဆောင်ရွက်ပြီး ကယ်ဆယ်ရေး လုပ်ခဲ့သလို လွန်ခဲ့တဲ့ တနှစ်ခွဲခန့်ကစပြီး မြန်မာသံရုံး အလုပ်သမား ကူညီစောင့်ရှောက်ရေး ကော်မတီ ဖဲ့ွစည်းတဲ့အခါမှာလည်း ထိုင်းနိုင်ငံ ဘန်ကောက်ြမို့ မြန်မာသံရုံးက အလုပ်သမား သံအရာရှိတွေနဲ့ အလုပ်သမားရေးရာ ကိစ္စတွေကို ပူးပေါင်းဆောင်ရွက်ခဲ့တဲ့ အဖွဲ့အစည်းတခု ဖြစ်ပါတယ်။ ဒီလို ပူးပေါင်းမှုတွေ လုပ်ခဲ့တာကြောင့် တချို့ လူကုန်ကူးခံရတဲ့ မြန်မာအလုပ်သမားတွေကို ကယ်ဆယ်ရေးလုပ်တဲ့အခါမှာ အဆင်ပြေမှုတွေ ရှိခဲ့တယ်လို့လည်း ဆိုပါတယ်။

အလုပ်သမားရေး ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေကတော့ မြန်မာသံရုံးအနေနဲ့ ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ အရေးကိစ္စတွေနဲ့ ပတ်သက်လို့ အလေးထား လုပ်ဆောင်ဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။ ဒါမှသာ ထိုင်းနိုင်ငံတွင်းမှာ သန်းနဲ့ချီပြီးတော့ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမားတွေဟာ ဥပဒေရဲ့ အကာအကွယ်ကို ရရှိမှာဖြစ်ကြောင်းကိုလည်း ပြောဆိုခဲ့ပါ တယ်ရှင်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG