နှစ်နိုင်ငံ သဘောတူညီမှုနဲ့ ထိုင်းနိုင်ငံမှာ တရားဝင် အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာနိုင်ငံသားတချို့ မနေ့က နေရပ်ပြန်ပို့ခံခဲ့ရပါတယ်။ မကြာသေးခင်ကပဲ လုပ်အားခနစ်နာကြေး တောင်းခံမှုကြောင့် အလုပ်ထုတ်ခံခဲ့ရတဲ့ လပ်ဘူရီခရိုင် ဂျယ်ရီစက်ရုံက မြန်မာအလုပ်သမား ၃၀၀ လောက်ကို စက်ရုံက လုံခြုံရေးအင်အားသုံးပြီး မြန်မာသံအရာရှိ ရှေ့မှောက်မှာပဲ နေရပ်ကို ပြန်ပို့ခဲ့တာလို့ အလုပ်သမားအရေး ဆောင်ရွက်သူတွေက ပြောပါတယ်။ အသေးစိတ်ကိုတော့ စုံစမ်းထားတဲ့ ထိုင်းအခြေစိုက် သတင်းထောက် မအေးအေးမာ က သတင်းပေးပို့ထားပါတယ်ရှင်။
အလုပ်သမားတွေကို ထိုင်းနိုင်ငံရဲ့ ဥပဒေပါ တနေ့ လုပ်အားခဘတ်ငွေ ၃၀၀ ပေးပေမဲ့ နေ့စဉ် လုပ်အားခ ဖြတ်တောက်နေတာတွေကြောင့် လုပ်အားခနစ်နာမှုတွေ ဖြေရှင်းပေးဖို့ ပြီးခဲ့တဲ့ရက်ပိုင်းကပဲ တောင်းဆိုခဲ့တာပါ။ မြန်မာသံရုံးက အလုပ်သမားသံအရာရှိလည်း လာရောက်ခဲ့ပြီး အလုပ်သမားတွေကို နေရပ်ရင်း ပြန်ပို့ခဲ့တာပါ။ ကားတွေနဲ့ အလုပ်သမားတွေကို ပြန်ပို့ချိန်မှာ နေရပ်ရင်း ကို မပြန်လိုကြဘူးလို့ တောင်းဆိုနေကြပါတယ်။
အလုပ်သမားတွေဟာ နှစ်နိုင်ငံသဘောတူညီချက်နဲ့ လာတာဖြစ်လို့ တရားဝင် အထောက်အထားတွေနဲ့ ဥပဒေပါအခွင့်အရေးကို ရရှိခံစားခွင့် ရှိရမယ်ဆိုပြီး သူတို့နစ်နာမှုတွေကို တောင်းဆိုခဲ့တာပါ။ စနေနေ့မှာတော့ အတင်းအကြပ် ဘတ်စ်ကားတွေနဲ့ နယ်စပ်ကို ပြန်ပို့တာတွေ လုပ်ခဲ့တယ်လို့ အလုပ်သမားတဦးက အခုလို ပြောပြပါတယ်။
“မြန်မာအလုပ်သမားတွေက အားလုံးက တယောက်မှ ကားပေါ်မတက်ကြပါဘူး။ ကားပေါ်မတက်တဲ့အခါမှာ ဗမာစကားပြန်ကလည်း ပြောပါတယ်ခင်ဗျ။ သူတို့ ကားပေါ်ကို အသာတကြည် တက်ခိုင်းနေတုန်းကို တက်ပေါ့။ အဲ့လိုမှ မတက်လို့ရှိရင် သူတို့ ရိုက်နှက်ပြီး ဖမ်းချုပ်ပြီး တင်ရလိမ့်မယ်ပေါ့။ ကျနော် MOU နဲ့ လာတာ ၂ နှစ်ရှိပါပြီခင်ဗျ။ ကျနော် ၁ နှစ်ခွဲကတည်းက ကျနော်တို့အဖွဲ့တွေကပြောတယ်။ ကျနော်တို့ တယောက်မှ မြန်မာပြည်ကို မပြန်ကြပါဘူးခင်ဗျ။ ဒီစက်ရုံကနေ ကျနော်တို့ကို အလုပ်ထုတ်တယ်လို့လည်း ကျနော်တို့ကို မပြောဘူးခင်ဗျ။ ကျနော်တို့ကို မောင်းထုတ်ပါတယ်။”
မြန်မာသံရုံးက အလုပ်သမားသံအရာရှိကိုယ်တိုင် လာရောက်ဖြေရှင်းမှုတွေ ရှိပေမဲ့ ပြေလည်မှု မရှိတာကြောင့် ဖြေရှင်းမှုက နည်းလမ်းမကျဘူးလို့ အလုပ်သမားတွေဘက်က ဝေဖန်မှုတွေလည်း ရှိနေတာပါ။ ဒီအတွက် အလုပ်သမားတွေကတော့ နေရပ်ရင်းကိုမပြန်လိုကြဘဲ ပြန်ကြရတယ်လို့ နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ပြီး အလုပ်လုပ်နေတဲ့ အလုပ်သမားခေါင်းဆောင်တဦးကလည်း ပြောပြပါတယ်။
“သံမှူးက အေးဂျင့်တွေ အေဂျင်စီတွေနဲ့ လာပြီး သူက သူဌေးတွေနဲ့ပေါင်းပြီးတော့ အလုပ်သမားတွေရဲ့ ဖြစ်ချင်တဲ့ဆန္ဒကို မလိုက်လျောဘဲနဲ့ သူတို့ဖြစ်ချင်တဲ့ဆန္ဒကိုပဲ အကုန်လုံး ပြောပြသွားပြီးတော့ အလုပ်သမားတွေဘက်မှာ မရှိဘူးပေါ့။ သူ လူကြီးတယောက်အနေနဲ့ လူအများအရှေ့မှာ သူက အမှန်တကယ်ဆိုရင် သူ ပွင့်ပွင့်လင်းလင်း ပြောရမယ့်ဟာ မပြောဘူး။ လူတယောက်ချင်းစီကို ခေါ်ပြီးတော့ ပုလိပ်တွေ၊ စစ်သားတွေ ခံထားပြီးတော့ လူတိုင်းကို ပေးမဝင်ဘူး။ သူခေါ်တဲ့သူကိုပဲ ပေးဝင်ပြီးတော့ စည်းရုံးပြီးတော့ သူကိုယ်တိုင်ပဲ စီစဉ်တဲ့ပုံစံမျိုး ဖြစ်သွားတာပေ့ါ။ နိုင်ငံတော်အကြီးအကဲတယောက်ဟာ ဒီလိုမျိုး ဖြစ်တယ်ဆိုတော့ ကျနော်တို့လုပ်တာတွေမှာ အရမ်းကို ဒုက္ခရောက်ပါတယ်။ ကျနော်တို့ခေါင်းဆောင်ဘက် ၄ ယောက်မှာဆိုရင်တော့ ကျနော်တို့ ၂ ယောက်ပဲကျန်ရစ်ခဲ့တယ်။ ကျနော်တို့လည်း မနက်ဖြန်လောက်ဆိုရင်တော့ ဗမာပြည်ပြန်မှာပဲ။ ဗမာပြည်မှာ ကျနော်တို့လည်း ဘယ်လိုခေါ်မလဲ ကျနော်တို့ဘက်ကနေလည်း တရားစွဲယူမယ်။ ကုမ္ပဏီ ၅ ခုနဲ့ ကျနော်တို့လာခဲ့တာပေ့ါ။ လူတွေက ဒီနိုင်ငံပတ်စ်ပို့လည်းရှိတယ်။ လက်မှတ်တွေလည်း ရှိတယ်ပေါ့နော်။ နိုင်ငံတော်အစိုးရရဲ့ ခွင့်ပြုချက်နဲ့ လာပြီးတော့ ကျနော်တို့က လက်ရှိ ရမယ့်အခွင့်အရေးကိုလည်း အခွင့်အရေးမရတဲ့အပြင်ကို အကုန်လုံးက မောင်းထုတ်ခံရတယ်။”
မြန်မာအလုပ်သမားကူညီရေးအဖွဲ့ AAC က ဒါရိုက်တာ ဦးခိုင်ကြီးကတော့ အလုပ်သမားတွေ ပြဿနာဖြစ်နေတဲ့နေရာကို ရောက်ရှိလာခဲ့ပြီး သံအရာရှိနဲ့ ညှိနှိုင်းခဲ့ပေမဲ့ အလုပ်သမားတွေ နေရပ်ရင်းကိုသာ ပြန်ပို့ခံခဲ့ရတယ်လို့ ဆိုပါတယ်။
“မြန်မာသံရုံးဘက်က လုပ်တာကိုင်တာတွေ သိပ်အဆင်မပြေဘူး သံအရာရှိတွေက။ မြန်မြန်အေးပြီးရောဆိုပြီးတော့ အကုန်ပြန်ပို့လိုက်တာ အလုပ်သမားတွေ ငိုယိုပြီးတော့ ပြန်ကြရတယ်။ ကျနော်တို့က သူတို့ကို မေးတယ်လေ။ အလုပ်သမားတွေက မပြန်ချင်ဘဲ ပြန်ရတာလို့ပြောတော့ သူတို့က အလုပ်သမားတွေရှေ့မှာ မေးတာကို သူတို့က အလုပ်သမားတွေကိုယ်၌က ပြန်မယ်ပြောလို့ ပြန်ပို့တာပါတဲ့။ အမှန်တော့ အလုပ်သမားတွေ တယောက်မှ မပြန်ချင်ကြပါဘူး။ ကလေးတွေကို ကားပေါ်အတင်းတက်ခိုင်းပြီးတော့ နယ်မြေခံစစ်တပ်တွေကလည်း ဘာသာစကား မကျွမ်းကျင်တော့ အကုန်လုံး ပြန်ပို့ပစ်လိုက်တာ သူတို့က။ အလုပ်သမားအားလုံးပေါင်း ၃၀၀ လောက်ရှိတာပေါ့ဗျ။”
ဒီကိစ္စနဲ့ပတ်သက်လို့ မြန်မာသံရုံးက တာဝန်ရှိသူတွေကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူး။ ထိုင်းနိုင်ငံမှာ မြန်မာရွှေ့ပြောင်းအလုပ်သမား ၃ သန်းထက်မနည်း အလုပ်လုပ်ကိုင်နေပြီး နေ့စဉ် အလုပ်သမားတင်ပို့နေတဲ့ ကုမ္ပဏီတွေက အလုပ်သမားတဦးကို မြန်မာကျပ်ငွေ ၅ သိန်းထက်မနည်း တောင်းခံပြီး အလုပ်ရှာဖွေတဲ့သူတွေကို ထိုင်းနိုင်ငံကို ပို့ဆောင်နေတာပါ။ ထိုင်းကိုရောက်တဲ့အခါမှာ အလုပ်လက်မဲ့ ဖြစ်နေရတာတွေ စာချုပ်ပါ သဘောတူညီချက်အတိုင်း ဖြစ်မလာတာတွေ အလုပ်သမားနစ်နာမှုတွေကို ဖြေရှင်းပေးနိုင်တာတွေ မရှိတာတွေကြောင့် အခုလိုပဲ တချို့အလုပ်သမားတွေက ငွေတွေကုန်ပြီးမှ နေရပ်ရင်းကို ပြန်ပို့ခံနေရ တာ ဖြစ်ပါတယ်။