သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်အုပ်ချုပ်ရေးအမိန့် သက်ရောက်မှုမရှိကြောင်း ညီနောင်မဟာမိတ်တွေ တုံ့ပြန်


ရှမ်းပြည်နယ်မြောက်ပိုင်းက နမ့်ခမ်းမြို့ပေါ်မှာ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ် (TNLA) တပ်ဖွဲ့ဝင်များကိုတွေ့ရစဉ် (နိုဝင်ဘာ ၉၊ ၂၀၂၃)
ရှမ်းပြည်နယ်မြောက်ပိုင်းက နမ့်ခမ်းမြို့ပေါ်မှာ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ် (TNLA) တပ်ဖွဲ့ဝင်များကိုတွေ့ရစဉ် (နိုဝင်ဘာ ၉၊ ၂၀၂၃)

ရှမ်းပြည်နယ်မြောက်ပိုင်း မြို့နယ် ၈မြို့နယ်မှာ စစ်ကောင်စီက စစ်အုပ်ချုပ်ရေး ကြေညာလိုက်ပေမဲ့ ထူးခြားတဲ့ သက်ရောက်မှုတော့ မရှိနိုင်ကြောင်း ညီနောင်မဟာမိတ် တပ်ဖွဲ့တွေက တုံပြန်လာပါတယ်။ ညီနောင်မဟာမိတ် ၃ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေး ၁၈ရက်မြောက်နေ့မှာတော့ TNLA နေရာယူထားတဲ့ နမ့်ခမ်းရဲစခန်းကို စစ်ကောင်စီရဲ့ စခန်းသစ်တပ်စခန်းကနေ လက်နက်ကြီးတွေနဲ့ပစ်ခတ်တာရှိပေမဲ့ တိုက်ပွဲဖြစ်ပွားတဲ့သတင်းတွေတော့ မရရှိကြောင်း သတင်းထုတ်ပြန်ထားပါတယ်။ ဒီနေ့ ရှမ်းမြောက်ဒေသရဲ့ နောက်ဆုံးအခြေအနေ သတင်းပေးပို့ထားတာကို ကိုဝင်းခန့်မောင် တင်ပြထားပါတယ် ။

ရက်သတ္တ ၂ပတ်ကျော်ကြာ တိုက်ပွဲတွေပြင်းထန်ခဲ့တဲ့နောက်မှာ စစ်ကောင်စီက ရှမ်းမြောက်ဒေသက မြို့နယ် ၈မြို့နယ်ကို တနင်္ဂနွေနေ့က စစ်အုပ်ချုပ်ရေး ကြေညာလိုက်ပါတယ်။ ဒီလိုကြေညာလိုက်တဲ့ မြို့နယ်တွေရဲ့ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ နယ်မြေအေးချမ်းသာယာရေးကို ပိုမိုထိရောက်အောင် ဆောင်ရွက်နိုင်ဖို့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှုးကို အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးဆိုင်ရာ စစ်အုပ်ချုပ်ရေး (Martial Law ) အာဏာကျင့်သုံးဖို့အတွက် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၄၁၉အရ အပ်နှင်းလိုက်ကြောင်းလည်း ဖော်ပြထားပါတယ်။

စစ်ကောင်စီက အခုလို စစ်အုပ်ချုပ်ရေး ကြေညာလိုက်တဲ့ အပေါ်မှာတော့ ထူးခြားတဲ့ ပြောင်းလဲမှု မရှိနိုင်ကြောင်း တအာင်း PSLF/ TNLA တပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူက ခုလို တုန့်ပြန် ပြောဆိုပါတယ်။

“ မနေ့က ထုတ်ပြန်ချက် စစ်အုပ်ချုပ်ရေးနဲ့တော့ ပြောင်းလဲ ထူးခြားသွားတာတော့ မရှိဘူးပေါ့နော။ စစ်ကောင်စီက သူအာဏာသိမ်းကတည်းက စစ်အုပ်ချုပ်ရေးကို ကျင့်သုံးလာတာ ကြာပြီပေါ့လေနော။ သူဒီလိုမျိုး ထုတ်ပြန်ခြင်း၊ မထုတ်ပြန်ခြင်းက ကျမတို့အတွက် ထူးခြားတာလည်း မရှိဘူး။ ”

စစ်အုပ်ချုပ်ရေး အမိန့်ထုတ်ပြန်တာ အတွက် MNDAA ရဲ့ ပြန်ကြားရေး တာဝန်ခံ လီကျာဝင်းကလည်း အခုလို ပြောဆိုပါတယ်။

“ ကျနော်တို့ ပိုင်ပိုင်နိုင်နိုင် သိမ်းနိုင်တဲ့မြို့တွေကိုတော့ ကျနော်တို့ရဲ့ အုပ်ချုပ်ရေးယန္တရားတွေ လည်ပတ်နိုင်အောင် ကြိုးစားနေတယ်။ ပြီးတော့ ဒီ ၈ မြို့ကို မာရှယ်လော ချတာကတော့ ကျနောတို့ အလေးမထားဘူး။ ပြီးတော့ ပြောစရာလည်း မရှိပါဘူး။ ”

ရှမ်းပြည်နယ်မြောက်ပိုင်းက နမ့်ခမ်းမြို့ပေါ်မှာ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ် (TNLA) တပ်ဖွဲ့ဝင်များကိုတွေ့ရစဉ် (နိုဝင်ဘာ ၉၊ ၂၀၂၃)
ရှမ်းပြည်နယ်မြောက်ပိုင်းက နမ့်ခမ်းမြို့ပေါ်မှာ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ် (TNLA) တပ်ဖွဲ့ဝင်များကိုတွေ့ရစဉ် (နိုဝင်ဘာ ၉၊ ၂၀၂၃)

စစ်အုပ်ချုပ်ရေးကြေညာလိုက်တဲ့ မြို့နယ်တွေမှာ ကွတ်ခိုင်၊ ကွမ်းလုံ၊ နမ့်ခမ်း၊ မူဆယ်၊ လားရှိုး၊ သိန္နီနဲ့ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသက ကုန်းကြမ်းနဲ့ လောက်ကိုင်စတဲ့ မြို့နယ်တွေ ပါဝင်တာ ဖြစ်ပါတယ်။ လောလောဆည်မှာတော့ နမ့်ခမ်းမြို့၊ သိန်းနီမြို့နဲ့ ကွမ်းလုံမြို့ တွေကို ညီနောင်မဟာမိတ်တပ်တွေက ထိန်းချုပ်ထားပါတယ်။

အရင်က စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့မြို့နယ်က ၄၄ မြို့နယ်ရှိတာဖြစ်ပါတယ်။ ဒီမြို့နယ်တွေဟာ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ တနင်္သာရီတိုင်းနဲ့ ကရင်၊ ကယား၊ ချင်းနဲ့ မွန် စတဲ့ ပြည်နယ် တွေမှာရှိနေတာပါ။

ဒီကနေ့မနက်ပိုင်းမှာတော့ TNLA နေရာယူထားတဲ့ နမ့်ခမ်းမြို့ရဲစခန်းကို စစ်ကောင်စီရဲ့ စခန်းသစ်တပ်စခန်း ကနေ လက်နက်ကြီးနဲ့ပစ်ခတ်တာရှိကြောင်း TNLA ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

“ ဒီကနေ့ တိုက်ပွဲဖြစ်တာတော့ သတင်းတော့ မတက်လာသေးဘူး။ တိုက်ပွဲတော့ ငြိမ်နေတယ်။ ထူးခြားတာက ဒီနေ့မနက်ဆို အဓိက နမ့်ခမ်းပေါ့နော်။ စခန်းသစ်ကုန်းမှာနေတဲ့ စစ်ကောင်စီတွေက TNLA တပ်စွဲထားတဲ့ သူတို့ရဲ့ မြို့မ ရဲစခန်းကို ပစ်တာတို့ ၊ ပြီးရင် ဟိုဘက် အနောက်ခြမ်းမှာ ရှိတဲ့ကျေးရွာတွေပေါ့နော်။ အဲဒီဘက်ကို သူတို့က လက်နက်ကြီးတွေ ပစ်တာတွေ ရှိတယ်။ အများကြီး ပစ်လို့ ဒေသခံတွေ ထိတာတို့ နေအိမ်တွေ ထိတာတို့ ရှိတယ်။”

လတ်တလောမှာတော့ နေအိမ် ၃လုံးပျက်ဆီးကြောင်း သတင်းရပေးမဲ့ လူအထိအခိုက်သတင်းတော့ မရသေးကြောင်း ပြောပါတယ်။ စစ်ကောင်စီနဲ့ TNLA တပ်အကြားမှာတော့ သီပေါနဲ့နောင်ချို မြို့နယ်အတွင်းမှာ အရင်ရက်တွေက တိုက်ပွဲတွေ ပြင်းထန်ခဲ့တာဖြစ်ပါတယ်။

စစ်ကောင်စီနဲ့ MNDAA အကြားမှာတော့ ဒီနေ့ ထူးထူးခြားခြား တိုက်ပွဲမရှိကြောင်း MNDAA ပြန်ကြားရေး တာဝန်ခံ လီကျာဝင်းက ပြောပါတယ်။

“ထွေထွေထူးထူးတော့ မရှိသေးပါဘူးဗျ။ တိုက်ပွဲသတင်းကလေ။”

စစ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ၁၂ရက်နေ့ အထိ လောက်ကိုင်အနီး ပါစင်ကျော်မှာ တိုက်ပွဲဖြစ်ပွားနေကြောင်း ပြောဆိုထားပါတယ်။

“ဒီနေ့ ထိတွေ့တိုက်ပွဲဖြစ်ပွားမှုအခြေအနေကတော့ ဒီနေ့ ၁၂ရက်နေ့ ညပိုင်းအထိပေါ့။ ရှမ်းပြည်နယ် အရှေ့မြောက်ဖက်မှာ ကျနော်တို့ ကိုးကန့်ဒေသပေါ့ ပါစင်ကြယ်နားမှာ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေတာရှိတယ်။ တပ်မတော်အနေနဲ့ ထိန်းသိမ်းဆောင်ရွက်လျှက်ရှိတယ်။”

ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ နယ်ခြားမှတ်တိုင် ၁၂၅ အနီးမှာရှိ စစ်ရှောင်စခန်းကို MNDAA က ဝင်ရောက်ပစ်ခတ်ခဲ့ကြောင်း၊ ကွမ်းလုံမှာတော့ တပ်မတော်က စစ်ဗျူဟာအရ ဟပေးထားတဲ့ နေရာကို MNDAA က ဝင်ရောက်ဓါတ်ပုံရိုက်တာရှိကြောင်းနဲ့ သိန်းနီမှာတော့ တပ်မတော်ကနယ်မြေစိုးမိုးရေးကို ဆက်လက် ဆောင်ရွက်နေကြောင်းလည်း ထည့်သွင်း ပြောဆိုထားပါတယ်။

MNDAA ကတော့ ကွမ်းလုံမြို့နဲ့ ကွမ်းလုံအခြေစိုက် စစ်ဗျူဟာကို အလုံးစုံသိမ်းပိုက်ထားပြီဖြစ်ကြောင်း သတင်းထုတ်ပြန်ထားတာပါ။

ရှမ်းမြောက်ဒေသမှာစစ်ပွဲတွေ ပြင်းထန်နေချိန်မှာပဲ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ ညက ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းဆတ်မြို့ရှိ စစ်ကောင်စီတပ်စခန်းမှာ လက်နက်တိုက်ပေါက်ကွဲမှုဖြစ်ခဲ့ကြောင်း ဒေသခံတဦးက ပြောပါတယ်။

“ ၇နာရီ ဝန်းကျင်လောက်ပဲထင်တယ်။ ဖြစ်တာက သံချပ်ကာတပ်ရင်း လက်နက်သိုလှောင်ထားတဲ့နေရာမှာပေါ့။ နာရီဝက် တနာရီလောက် တောက်လျောက်ပေါက်တာ တော်တော်ကျယ်တယ်။ ပေါက်ကွဲအားကြီးပြီး မီးတော့ နည်းတာမဟုတ်ဘူး။ အဲဒီတပ်ကကျတော့ သူက မြို့ပြင်မှာဆိုပေမဲ့ အဲဒီမှာ ရွာတွေလည်း ရှိတယ်ဗျာ။ ရွာထဲက လူတွေကတော့ လန့်တာပဲ။ လန့်ပြီးတော့ ထွက်ပြေးကြတာ။”

ဒီပေါက်ကွဲမှုမှာ အရပ်သား ထိခိုက်တာမရှိကြောင်းနဲ့ တပ်တွင်းထိခိုက်မှုကိုတော့ မသိရကြောင်း ပြောပါတယ်။ လောလောဆည်မှာတော့ ဒီလက်နက်တိုက်ပေါက်ကွဲမှုဟာ ဘာကြောင့်ဆိုတာ မသိရသေးပါဘူး။ ဒီလ ၇ရက်နေ့ကလည်း ကချင်ပြည်နယ် ပန်ဝါအခြေစိုက် ပြည်သူ့စစ်တပ်စခန်းမှာ လက်နက်ဂိုဒေါင်တခုမီးလောင်ပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။ ဒီပေါက်ကွဲမှုကတော့ ဝါယာရှော့ကြောင့် ဖြစ်ကြောင်း သတင်းထွက်ပေါ်နေပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG