သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗြိတိန်ဝန်ကြီးချုပ်သစ် Theresa May ဖြစ်ပြီ


ဗြိတိန်ဝန်ကြီးချုပ်သစ် Theresa May ကို ဘုရင်မကြီး Elizabeth ဝန်ကြီးချုပ်အဖြစ် အတည်ပြုပေးနေစဉ်။
ဗြိတိန်ဝန်ကြီးချုပ်သစ် Theresa May ကို ဘုရင်မကြီး Elizabeth ဝန်ကြီးချုပ်အဖြစ် အတည်ပြုပေးနေစဉ်။

ဗြိတိန်နိုင်ငံ ဘုရင်မကြီး Elizabeth က Theresa May ကို ဝန်ကြီးချုပ်သစ်အဖြစ် ဗုဒ္ဓဟူးနေ့က အတည်ပြုပေးလိုက်ပြီး အစိုးရသစ်ဖွဲ့ဖို့ တရားဝင် အဆိုပြုလိုက်ပြီ ဖြစ်ပါတယ်။ David Cameron က ဝန်ကြီးချုပ် အဖြစ်ကနေ နှုတ်ထွက်စာတင်တာကို Buckingham နန်းတော်မှာ သွားရောက် တင်သွင်းပြီးနောက်မှာ ဘုရင်မကြီးက ဝန်ကြီးချုပ်သစ်ကို အတည်ပြုပေးလိုက်တာ ဖြစ်ပါတယ်။

အသက် ၅၉ နှစ်ရှိပြီဖြစ်တဲ့ Theresa May ဟာ အီးယူကနေ ဗြိတိန်နှုတ်ထွက်မှုအတွက် ကြီးကြပ်ကွပ်ကဲရမယ့် ဝန်ကြီးတဦး အပါအဝင် အစိုးရအဖွဲ့သစ်ရဲ့ ဝန်ကြီးတွေကို စတင် ခန့်အပ်နေတာမှာ Brexit လို့ခေါ်တဲ့ အီးယူထဲကနေ ဗြိတိန်နှုတ်ထွက်ရေးအတွက် ဦးဆောင် လှုပ်ရှားခဲ့သူလည်းဖြစ်၊ လန်ဒန်မြို့တော်ဝန်ဟောင်းလည်းဖြစ်တဲ့ Boris Johnson ကို နိုင်ငံခြားရေးဝန်ကြီးအဖြစ် ခန့်အပ်လိုက်ပြီ ဖြစ်ပါတယ်။

သူ့အနေနဲ့ တိုင်းပြည် စည်းလုံးညီညွတ်ရေးကို ရှေ့ရှုပြီး လူတိုင်းအတွက် လုပ်ဆောင်ပေးသွားမှာဖြစ်ကြောင်း ဝန်ကြီးချုပ်အဖြစ် ပထမဆုံး ပြောကြားတဲ့ မိန့်ခွန်းထဲမှာ Theresa May က ထည့်သွင်း ပြောကြားခဲ့ပါတယ်။ သူမအနေနဲ့ လူမှုရေး မညီမျှမှုတွေကို တိုက်ခိုက်သွားမှာဖြစ်ပြီး ဗြိတိန်တနိုင်ငံ အစိတ်အပိုင်းအားလုံး ညီညွတ်ရေးကို ယုံကြည်ကြောင်း ပြောပါတယ်။

Theresa May ဝန်ကြီးချုပ်အဖြစ် ရွေးချယ် တင်မြောက်ခံရမှုအတွက် အမေရိကန်ပြည်ထောင်စုက ချီးကျူး ဂုဏ်ပြုကြောင်း ပြောကြားလိုက်ပြီး အီးယူထဲက ဗြိတိန်နှုတ်ထွက်ရေးကိစ္စတွေကို သူမအနေနဲ့ အောင်မြင်စွာ ဦးဆောင်နိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်း ပြောပါတယ်။

ဝန်ကြီးချုပ် David Cameron အစိုးရအဖွဲ့အတွင်း ပြည်ထဲရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပေမယ့်လည်း Theresa May ဟာ ဗြိတိန် အီးယူထဲမှာ ဆက်လက်တည်ရှိရေးကို ထောက်ခံခဲ့သူ ဖြစ်ပါတယ်။

Theresa May ဟာ ၁၉၇၉ ခုနှစ်ကနေ ၁၉၉၀ ခုနှစ်အထိ ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ Margaret Thatcher နောက်မှာ ပထမဆုံး အမျိုးသမီး ဝန်ကြီးချုပ်ဖြစ်သလို ဗြိတိန်နိုင်ငံနိုင်ငံသမိုင်းမှာ ဒုတိယမြောက် အမျိုးသမီး ဝန်ကြီးချုပ်လည်း ဖြစ်ပါတယ်။

XS
SM
MD
LG