သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လျှပ်စစ်ကြိုးပြတ် ဓါတ်လိုက်မှု အမျိုးသမီး ၃ ဦးသေဆုံး


ရန်ကုန်မြို့တစ်နေရာတွင် တွေ့ရသည့် ရှုပ်ထွေးနေသည့် မီးကြိုးများနှင့် လျှပ်စစ်ဓာတ်အားပေးတိုင်တစ်ခု။ ဇန်နဝါရီ ၂၇၊ ၂၀၁၄။
ရန်ကုန်မြို့တစ်နေရာတွင် တွေ့ရသည့် ရှုပ်ထွေးနေသည့် မီးကြိုးများနှင့် လျှပ်စစ်ဓာတ်အားပေးတိုင်တစ်ခု။ ဇန်နဝါရီ ၂၇၊ ၂၀၁၄။

ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်ထဲက လှိုင်သာယာဈေးမှာ ဓါတ်ကြိုး ပျက်ကျတဲ့အတွက် လူ ၃ဦးသေဆုံးမူဖြစ်ခဲ့ရပါတယ်။ အခုလို မိုးရွာနေတဲ့အချိန် လမ်းမတွေပေါ် ရေလျှံနေတဲ့အချိန် လျှပ်စစ်ဓာတ်ကြိုးပျက်ကျမှုတွေဟာ အများပြည်သူအတွက် အသက်အန္တရာယ်နဲ့ အလွန်နီးကပ်နေပြီး ဒီဖြစ်ရပ်မျိုးတွေအတွက် အစိုးရပိုင်းက တာဝန်ယူမူ၊ တာဝန်ခံမှု အားနည်းတဲ့ အတွက် ပြည်သူတွေအတွက် ဥပဒေကြောင်းအရ အကာအကွယ်ရဖို့တောင် အခက်အခဲတွေ ရှိနေတဲ့ အကြောင်း ဥပဒေပိုင်းဆိုင်ရာ အသိုင်းအဝိုင်းက ထောက်ပြပြောဆိုလာကြပါတယ်။ အပြည့်အစုံကို ဆက်သွယ်စုံစမ်းထားတဲ့ မအေးမာသတင်းပေးပို့ထားပါတယ်။

ဇူလိုင်လ ၁၁ရက်နေ့ မနက်ပိုင်းမှာ လှိုင်သာယာဈေး အတွင်းမှာ လျပ်စစ်ဓါတ်တိုင်က ဓါတ်ကြိုးတွေ ပြုတ်ကျတဲ့ အတွက် လူ၃ဦးသေဆုံးမူ ရှိခဲ့ကြောင်း လှိုင်သာယာမြို့နယ် မြို့မ ရဲစခန်းက တာဝန်ကျ ရဲအရာရှိတဦးကပြောပြပါတယ်။

"သူတို့က ဈေးလာဝယ်တဲ့သူတွေ၊ သေဆုံးတဲ့သူတွေက ဈေးလာဝယ်တဲ့သူတွေ၊ ဈေးလာဝယ်ရင်းနဲ့ လျှပ်စစ် ဓာတ်အားကြိုးက ဒီဘက်မှာလည်း အဲ့ဒီ့ညက လေတွေကလည်း တိုက်၊ မိုးတွေကလည်း ရွာဆိုတော့ မနက်ကျတော့ အဲ့လို ဓာတ်ကြိုးပြုတ်ကျတာပေါ့။ ဒဏ်ရာရသူကတော့ မရှိပါဘူးဗျ။ သေဆုံးသူကတော့ အမျိုးသမီးသုံးဦးပါ။"

မေး။ ။ ကြိုးတွေနဲ့ပတ်သက်ပြီး ပြင်ဆင်တာတို့၊ ပြောင်းလဲတာတို့ အန္တရာယ် မဖြစ်အောင် ဘယ်လိုများ လုပ်ထားလဲရှင့်။

"အော်ဟုတ်ကဲ့။ အခု EPC က အဲ့တာတွေကို ဆောင်ရွက်နေ ပါပြီခင်ဗျ။ မြန်မာ့လျှပ်စစ်ကနေပြီးတော့လေ။"

မေး။ ။ ရန်ကုန်တိုင်းအတွင်းမှာ လျှပ်စစ် ဓာတ်အားပြုတ်ကျပြီး သေဆုံး မှုတွေဖြစ်နေတဲ့ အခါကျတော့ ဒီဟာနဲ့ပတ်သက်ပြီး ဒီလိုမျိုး တာဝန်ရှိသူတွေကို တရားစွဲဆို တာတွေရော အဲ့တာမျိုးတွေ ရှိလားရှင့်။

" အဲ့တာမျိုးတော့ မရှိပါဘူးခင်ဗျ။ သေမှုသေခင်းတော့ ဖွင့်ထားပါတယ်ခင်ဗျ။ တရားလိုလုပ်ပြီးတော့ပါ။ သေမှုသေခင်းဖွင့်တာတော့ ဒီဥစ္စာက ဓမ္မတာအတိုင်း သေဆုံးခြင်းဟုတ် မဟုတ် သေမှုသေခင်း ဖွင့်တဲ့သဘောပါ။"

ရန်ကုန် အပါအဝင်မြန်မာနိုင်ငံတဝှမ်းလုံးမှာ လျပ်စစ်ကြိုးနဲ့ ပတ်သက်ပြီး အန္တရာယ်မဖြစ်အောင် လုပ်ဆောင်နိုင်မူတွေ အားနည်းတဲ့အတွက် မကြာခန ဆိုသလို လမ်းသွားရင်းနဲ့ ဓါတ်ကြိုးပြုတ်ကျလို့ လူသေမူတွေက ရှိနေတာပါ။

ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး ဥပဒေပိုင်းဆိုင်ရာ အရ ပြည်သူတွေကို အကာကွယ်ပေးနိုင်တဲ့ သေဆုံးရတဲ့သူတွေ အတွက် ခံစားခွင့်ရှိတဲ့ ဥပဒေနဲ့ ပတ်သက်လို့ ရန်ကုန်မြို့က ရှေ့နေ ဦးအောင်သူရိန်ထွန်းကိုလည်း ဆက်သွယ်မေးမြန်းကြည့်ခဲ့ပါတယ်။

"ပြစ်မှုဆိုင်ရာ ဥပဒေမှာတော့ ပေါ့လျော့ခြင်းကြောင့် လူသေမှုဆိုတဲ့ ပုဒ်မ ရှိပါတယ်။ အဲ့ဒီ့ပုဒ်မမျိုးနဲ့ သက်ဆိုင်ရာ တာဝန်ရှိသူတွေကို တရားစွဲဆိုနိုင်တဲ့ အနေအထားမျိုးတော့ ရှိပါတယ်။ သို့သော်လည်း တဖက်က ဘာရှိလဲဆိုတော့ ပြည်သူဝန်ထမ်းဆိုင်ရာနဲ့ ပတ်သက်လာလို့ရှိရင် ပြည်သူ့ဝန်ထမ်း ကို တရားစွဲဆိုခွင့်ပြုမိန့် တောင်းခံရပါတယ်။ အဲ့ဒီ့ခွင့်ပြုမိန့် ရတယ်ဆိုတဲ့ အခါမျိုးမှာ သက်ဆိုင်တဲ့သူကို တရားစွဲဆိုလို့ရမှာဖြစ်ပါတယ်။

တခြားနိုင်ငံတွေမှာဆိုရင်တော့ တရားစွဲဆိုလို့ ရကောင်း ရနိုင်ပေမဲ့ မြန်မာနိုင်ငံ မှာတော့ အဲ့သလို တရားစွဲဆိုလိုရတဲ့ ပုဒ်မ မျိုး ပြဌာန်းထားတာမျိုး မရှိသေးပါဘူး။"

မေး။ ။ အစိုးရတာဝန်ရှိသူတွေက ပေါ့လျော့လို့ဖြစ်ပွားခဲ့တဲ့ အမှုအခင်းတိုင်းက မြန်မာနိုင်ငံမှာ တရားစွဲဆိုတာမျိုး သိပ်မတွေ့ရဘဲနဲ့ လူတွေ အဲ့လို သေတဲ့သူကလည်း သေ တရားစွဲဆိုလို့လည်း မရ အဲ့လိုမျိုးတွေ ဖြစ် နေတယ်ပေါ့နော်။ အဲ့တာက ဘာကြောင့်ဖြစ်နေရတာလဲရှင့်။

" အဓိကကတော့ တရားဥပဒေအရကိုပဲ လုပ်ပိုင်ခွင့် ရှိတဲ့သူတွေကို တရားပြန်စွဲလို့ မရအောင် ဥပဒေမှာ ပြဌာန်းထားလို့ပေါ့ဗျာ။ တကယ်လို့သာ ဥပဒေကို မျှမျှတတ ပေါ့လေ မည်သူမဆို သူတို့ပြောနေတဲ့စကားတွေ ရှိနေတယ်။ ဥပဒေအထက်မှာ ဘယ်သူမှ မရှိဘူး ဆိုတဲ့ အရာမျိုး ဆိုလို့ ရှိရင်တော့ ဒါ မည်သူ့ကိုမဆို တရားစွဲဆိုခွင့် အခွင့်အရေး ရရမှာပေါ့။

အဲ့လိုမဟုတ်ပဲနဲ့ ဒီအာဏာပိုင်ကို ပြန်ပြီး တရားစွဲတဲ့အခါမျိုးကျရင် တရားစွဲဆိုဖို့ ခွင့်ပြုမိန့် ပါရမယ်ဆိုတာမျိုးနဲ ထိန်းချုပ်ထားတဲ့အတွက် ကြောင့်မို့လို့ ဒီလို မှုခင်းမျိုးတွေ ပေါ်မလာတာပါ။ တရားစွဲဆိုဖို့ ခွင့်ပြုမိန့်တွေ တောင်းခံရင် ချမပေးဘူး။ ချပေးတယ်ဆိုရင်တောမှ အချိန်အမျိုးမျိုးစွဲပြီး ဆွဲဆန့်ထားတဲ့ အနေအထားမျိုးတွေ ဖြစ်တဲ့အတွက် တဖက်က အဲ့တာကို တရားမစွဲဖြစ်တော့ဘူးပေါ့။"

မေး။ ။ အစိုးရပိုင်းရဲ့ တာဝန်ပေါ့လျော့မှုတွေကြောင့် သေဆုံးရတဲ့သူတွေနဲ့ ပတ်သက်ပြီးတော့ ဒီနစ်နာကြေးရအောင်ရော ဘယ်လိုများလုပ်လို့ရလဲရှင့်။

"ဥပဒေကြောင်းဆိုင်ရာအရတော့ တရားစွဲသင့်တယ်။ တရားမကြောင်းအရ နစ်နာကြေး ရလိုမှုအနေနဲ့ ၊ လျှပ်စစ်နဲ့ဆိုင်တာဖြစ်တဲ့အတွက် လျှပ်စစ်ဝန်ကြီးဌာနကို တရားပြိုင်ထားပြီးတော့ တရားမ နစ်နာကြေး တောင်းခံတာမျိုးတွေ၊ ဒီတရားမနစ်နာမှု ဥပဒေအရပေါ့နော်။ တရားစွဲဆိုလို့ရပါတယ်ခင်ဗျ။ ဝန်ကြီးဌာနကို ကျနော်တို့က တရားစွဲမယ်ဆိုရင် ပထမဆုံး အကြိမ် နို့တစ်ဖြစ်ရမယ်။ နို့တစ်ဖြစ်တဲ့ အခါ နှစ်လ စောင့်ရတယ်ပေါ့။ အဲ့ဒီ့နှစ်လအတွင်းမှာ တရားမ ကျင့်သုံးမှု ဥပဒေပုဒ်မ ၈၀ အရ နှစ်လ စောင့်ရတယ်။ နှစ်လ ပြည့်မှသာ တရားစွဲဆိုခွင့်ရှိတယ်။ တရားမကြောင်းဖြစ်တဲ့အတွက် အမှုက ရှည်ကြာမယ်။ နောက်တခု အခွန်ဆောင်ရမှာတွေ ရှိမယ်ပေါ့။ အဲ့ဒီ့ဒဏ်ကို မခံနိုင်လို့ တရားမစွဲကြတာများပါတယ်။"

လျှပ်စစ်ဝန်ကြီးဌာနက တာဝန်ရှိသူတွေကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူး။ ရန်ကုန်တိုင်းအတွင်းမှာ ၃ပတ်အတွင်း အခုလို ဓါတ်ကြိုတွေ ပြုတ်ကျမူတွေဖြစ်ပြိး နောက် လူသေဆုံးမူတွေဖြစ်တာ ဒီဖြစ်ရပ်နဲ့ဆို ၆ဦးရှိသွားပြီဖြစ်ပါတယ် ။ အစိုးရထုတ်သတင်းစာတွေမှာတော့ ရန်ကုန်မှာ ဓာတ်လိုက်မူ အန္တရာယ်ကင်းစေရန် ဓါတ်အား လိုင်းပြတ်တောက် မူတွေလျော့နည်းစေရန် အတွက် လုပ်ဆောင်မှာဖြစ်လို့ မနက်ဖြန်နဲ့ သဘက်ခါ ၂ရက်မှာ အချိန်ပိုင်းမီးပြတ်မူတွေဖြစ်မယ်လို့ ရန်ကုန်မြိ့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့က အသိပေးကြေညာထားပါတယ်။

XS
SM
MD
LG