သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်နဲ့ ရုရှားအရေး Tillerson စိုးရိမ်


အစိုးရသစ်လက်ထက်မှာ နိုင်ငံခြားရေးဝန်ကြီးအဖြစ် အဆိုပြုထားတဲ့ Rex Tillerson
အစိုးရသစ်လက်ထက်မှာ နိုင်ငံခြားရေးဝန်ကြီးအဖြစ် အဆိုပြုထားတဲ့ Rex Tillerson

အမေရိကန် ရွေးကောက်ခံသမ္မတ Donald Trump က သူ့အစိုးရသစ်မှာ နိုင်ငံခြားရေးဝန်ကြီးအဖြစ် အဆိုပြုထားတဲ့ Rex Tillerson က၊ ကမ္ဘာ့အလယ်မှာ ရုရှားနိုင်ငံရဲ့ လုပ်ရပ်တွေအပေါ် စိုးရိမ်ကြောင်းနဲ့ တရုတ်နိုင်ငံနဲ့ ဆက်ဆံရေးမှာ ပုံစံသစ်နဲ့ ချဉ်းကပ်ဖို့ လိုတဲ့အကြောင်း ပြောဆိုလိုက်ပါတယ်။ နိုင်ငံခြားရေးဝန်ကြီးသစ်အဖြစ် အတည်ပြုခန့်အပ်နိုင်ရေး အထက်လွှတ်တော်မှာ ကြားနာရာမှာ Exxon Mobil ရေနံကုမ္ပဏီ အကြီးအကဲဟောင်း Tillerson က ပြောဆိုခဲ့ကြောင်း ဗွီအိုအေသတင်းထောက် Nike Ching ရဲ့ သတင်းဆောင်းပါးကိုတော့ ကိုအောင်လွင်ဦး က တင်ပြပေးမှာ ဖြစ်ပါတယ်။

ရာသီဥတု ဖောက်ပြန်မှုတွေအပေါ် စိုးရိမ်မှုတွေနဲ့အတူ ဆန္ဒပြသူတွေ စုဝေးခဲ့ကြတဲ့ ဝါရှင်တန်ဒီစီက Exxon ဓာတ်ဆီဆိုင်နဲ့ ၂ လမ်းလောက် အကွာမှာရှိတဲ့ လွှတ်တော်မှာပဲ Exxon Mobil ရေနံကုမ္ပဏီ အကြီးအကဲဟောင်း Rex Tillerson ကို နိုင်ငံခြားရေးဝန်ကြီးသစ်အဖြစ် အတည်ပြုနိုင်ဖို့ ကြားနာခဲ့တာ ဖြစ်ပါတယ်။ ကြားနာပွဲအတွင်း အထက်လွှတ်တော်အမတ်တွေ အများစု မေးခွန်းထုတ်ခဲ့ကြတာကတော့ Exxon အကြီးအကဲအဖြစ် တာဝန်ယူခဲ့စဉ်မှာ သူစေ့စပ်ညှိနှိုင်းမှုတွေ လုပ်ခဲ့တဲ့ ရုရှားနိုင်ငံနဲ့ ဆက်ဆံရေးပါ။ အထူးသဖြင့်၊ အမေရိကန် နိုင်ငံရေးသမားတွေရဲ့ အီးမေးလ်တွေကို ဖောက်ထွင်းခဲ့တယ်လို့ စွပ်စွဲခံထားရသလို၊ အမေရိကန် မဟာမိတ်တွေကို ခြိမ်းခြောက်နေတဲ့ ရုရှားနိုင်ငံကို နိုင်ငံခြားရေးဝန်ကြီးအဖြစ် ဘယ်လို ရင်ဆိုင်မလဲ ဆိုတာကို မေးခွန်းထုတ်ခဲ့ကြတာ ဖြစ်ပါတယ်။

“ကမ္ဘာတဝန်း အကြမ်းဖက်ဝါဒရဲ့ ခြိမ်းခြောက်မှုတွေကို လျှော့ချဖို့ ကိစ္စမျိုးလို ဘုံအကျိုးစီးပွားတွေကို အခြေခံပြီး ပူးပေါင်းဆောင်ရွက်မှုတွေ ရှိနိုင်ပါတယ်။ ဒီလိုနည်းလမ်းတွေလည်း ရှာဖွေရမှာပါ။ အရေးကြီးတဲ့ အပိုင်းတွေမှာ သဘောထား ကွဲပြားမှုတွေ ရှိနေဆဲဖြစ်ပေမဲ့၊ အမေရိကန်နဲ့ မဟာမိတ်တွေရဲ့ အကျိုးစီးပွားတွေကို ဆက်လက် ကာကွယ်ရမှာ ဖြစ်ပါတယ်။ ကျနော်တို့နဲ့ ကျနော်တို့ မဟာမိတ်တွေဟာ စိတ်ပိုင်းဖြတ်ထားတဲ့အတိုင်း လုပ်တယ်ဆိုတာကို ရုရှားက သိဖို့လိုသလို၊ ရုရှားအနေနဲ့ သူ့လုပ်ရပ်တွေအတွက် တာဝန်ခံရမှာလည်း ဖြစ်ပါတယ်။”

ကမ္ဘာမှာ အမေရိကန်ပြီးရင် ဒုတိယစီးပွားရေး အင်အားအကြီးဆုံးဖြစ်တဲ့ တရုတ်နိုင်ငံနဲ့ အမေရိကန်ရဲ့ ဆက်ဆံရေးကို မေးခွန်းထုတ်ရာမှာတော့၊ အားထားလောက်တဲ့ မိတ်ဘက်နိုင်ငံတခုဖြစ်လာအောင် တရုတ်နိုင်ငံဘက်က ဒီထက်ပို ကြိုးစားဖို့ လိုတယ်လို့လည်း Tillerson ကဆိုပါတယ်။

“တောင်တရုတ်ပင်လယ်မှာ တရုတ်နိုင်ငံက ကျွန်းတွေတည်ဆောက်နေတာဟာ၊ နိုင်ငံတကာ စံသတ်မှတ်ချက်တွေကို အလေးမထားဘဲ၊ အငြင်းပွားနေတဲ့ နယ်မြေတွေကို ဥပဒေမဲ့ သိမ်းယူနေတာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံရဲ့ စီးပွားရေးနဲ့ ကုန်သွယ်မှုတွေမှာ နိုင်ငံတကာ သဘောတူညီချက်တွေကို မလိုက်နာတာမျိုးတွေလည်း ရှိပါတယ်။ ကျနော်တို့ရဲ့ ဉာဏပစ္စည်းတွေကို ခိုးယူနေသလို၊ ဒီဂျစ်တယ်ကဏ္ဍမှာ အပြင်းအထန် ချဲ့ထွင်သိမ်းပိုက်နေပါတယ်။”

လွှတ်တော်ကြားနာပွဲအတွင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေး လှုပ်ရှားသူတွေရဲ့ ကန့်ကွက်ဆန္ဒပြမှုတွေကြောင့် အနှောက်အယှက် တော်တော်များများလည်း ကြုံခဲ့ရပါတယ်။ နိုင်ငံခြားရေး ဝန်ကြီးသစ်အဖြစ် လျာထားခံထားရတဲ့ Tillerson ကတော့ ကမ္ဘာကြီး ပိုမိုပူနွေးလာမှုရဲ့ အန္တရာယ်ကို နားလည်ကြောင်းနဲ့ အမေရိကန် ပြည်ထောင်စု အနေနဲ့ ရာသီဥတုပြောင်းလဲမှုတွေနဲ့ ပတ်သက်တဲ့ နိုင်ငံတကာ ဆွေးနွေးပွဲတွေမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ဆက်လက်ပါဝင်သွားဖို့ အရေးကြီးတယ်လို့လည်း လွှတ်တော်အမတ်တွေကို ပြောကြားသွားခဲ့ပါတယ်။

တရုတ်နဲ့ရုရှားအရေး Tillerson စိုးရိမ်
please wait

No media source currently available

0:00 0:02:48 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG